Home သတင်း ရုရှားလုပ်ငန်းစု Astra Group ကို ပိတ်ဆို့ရန်နှင့် စစ်အုပ်စု ဒဏ်ခတ်မှုကိုတိုးမြှင့်ရန် JFM တောင်းဆို

ရုရှားလုပ်ငန်းစု Astra Group ကို ပိတ်ဆို့ရန်နှင့် စစ်အုပ်စု ဒဏ်ခတ်မှုကိုတိုးမြှင့်ရန် JFM တောင်းဆို

21
Photo: Kremlin & JFM

ဩဂုတ် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ရုရှားစစ်တပ်၊ ထောက်လှမ်းရေးတို့ဖြင့်ဆက်ဆံရေးနီးကပ်သည့် ရုရှားလုပ်ငန်းစု Astra Group နှင့် လက်အောက်ခံ Astra Consulting ကုမ္ပဏီတို့ကို ပိတ်ဆို့မှုအသစ်များ ချမှတ်ရန်နှင့် စစ်အုပ်စုအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်မှုများကိုတိုးမြှင့်ရန် အနောက်နိုင်ငံများထံ Justice for Myanmar-JFM က တောင်းဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် (၁၂) ရက်နေ့က နေပြည်တော်တွင် စစ်အုပ်စု၏ အကောက်ခွန်ဦးစီးဌာနနှင့် ရုရှားကုမ္ပဏီ Astra Consulting LLC (မြန်မာရုံးခွဲ) တို့ National Single Window စနစ် တည်ဆောက်ရန် စာချုပ်ချုပ်ဆိုမှုနှင့်ပတ်သက်၍ ယမန်နေ့ကထုတ်ပြန်ချက်တွင် JFM မှ ထည့်သွင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းလမ်းညွှန်ပေါ်တယ်မှတစ်ဆင့် နိုင်ငံ၏ ပို့ကုန်/သွင်းကုန် စာရွက်စာတမ်း လုပ်ငန်းစဉ်များကို တစ်နေရာတည်းတွင် ဆောင်ရွက်ပေးပြီး စစ်အုပ်စု၏ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပေးမည့် အဆိုပါစနစ် တည်ဆောက်ရန် ရုရှားစစ်ဘက်ဆိုင်ရာ ကုမ္ပဏီများနှင့် မြန်မာစစ်အုပ်စုတို့အကြား သဘောတူထားသည်။

အမေရိကန်နှင့်ကနေဒါနိုင်ငံတို့က Astra Group ကို ဒဏ်ခတ်သည့်နည်းတူ အီးယူ၊ ယူကေနှင့် ဩစတေးလျနိုင်ငံများကလည်း ပိတ်ဆို့ရန်၊ Astra Consulting အပေါ် ဒဏ်ခတ်မှုအသစ်ချမှတ်ရန်၊ စစ်အုပ်စုသို့ လက်ရှိပိတ်ဆို့မှုများကို တိုးမြှင့်ရန်နှင့် လက်နက်၊ ငွေကြေးနှင့်လေယာဥ်ဆီ ရောင်းချသူများကို ပစ်မှတ်ထားရန် JFM က တောင်းဆိုသည်။

“အစိုးရတွေအနေနဲ့ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို ဟန်ချက်ညီညှိနှိုင်းတိုးမြှင့်ချမှတ်ဖို့နဲ့ Astra Group ၊ Astra Consulting တို့အပါအဝင် ရုရှားနဲ့စစ်အုပ်စုကြား ဆက်နွယ်မှုတွေပိုနက်ရှိုင်းအောင် အထောက်အကူပြုနေသူတွေကို ပစ်မှတ်ထားအရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ အချိန်တန်နေပါပြီ” ဟု JFM ပြောခွင့်ရ မရတနာမောင်က ဆိုသည်။

Photo: Kremlin & JFM

ထို့အပြင် အဆိုပါစနစ်ကြောင့် လုပ်ငန်းရှင်များ၏ ကိုယ်ရေးအချက်အလက်များ ရုရှားလက်ထဲ ရောက်ရှိနိုင်ပြီး ASEAN Single Window နှင့် ချိတ်ဆက်ရန် ရည်ရွယ်ချက်သည် အာဆီယံဒေတာများသို့ ဝင်ရောက်ခွင့်ပြုခြင်း၊ ဒေသတွင်းလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအန္တရာယ်ရှိနေကြောင်းလည်း JFM က ထောက်ပြထားသည်။

ယင်းကြောင့် အာဆီယံအနေဖြင့် စစ်အုပ်စုကို တရားဝင်မှုပေးနေခြင်းမှရပ်တန့်ရမည်ဖြစ်သလို အာဆီယံအစည်းအဝေးများ၊ အခမ်းအနားများ တက်ရောက်ခွင့်ကိုပိတ်ပင်ရန် ဖြည့်စွက်တောင်းဆိုသွားသည်။

မြန်မာကုမ္ပဏီ Fortitech Company Limited နှင့် Garuda Solution တို့လည်း မိတ်ဖက်အဖြစ် ပါဝင်သည့် အဆိုပါစနစ်တည်ဆောက်ရေး စာချုပ်ချုပ်ဆိုမှုသည် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ ရက်(၁၀၀)စီမံကိန်းအောက်ရှိ ဦးစားပေးလုပ်ငန်းဖြစ်ပြီး ရုရှားနှင့်မြန်မာစစ်အုပ်စုတို့ ဆက်ဆံရေးနက်ရှိုင်းလာမှုကို ပြသနေကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ထို့အပြင် ရုရှားသည် မြန်မာစစ်အုပ်စုထံ တိုက်လေယာဥ်များဆက်လက်ရောင်းချခြင်း၊ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းဖြင့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေခြင်းရှိသည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ စစ်တမ်းအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ရုရှားမှ မြန်မာသို့ အမေရိကန်ဒေါ်လာ ၄၀၆ သန်းတန်ဖိုးရှိ လက်နက်ကုန်သွယ်မှု ရှိခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား (၉၈၂)ဦးထက်မနည်း သေဆုံးခဲ့သည်ဟု JFM က ဆိုသည်။
လတ်တလောတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတရာထူးယူပြီး ပထမဆုံးအကြိမ်အဖြစ် ဩဂုတ်လ(၁၇)ရက်နေ့က ရုရှားနိုင်ငံသို့ ရောက်ရှိနေသလို ရုရှားသမ္မတ ပူတင်နှင့်လည်း ဆက်လက်တွေ့ဆုံရန်ရှိကြောင်း သိရသည်။