“ဒီဂျစ်တယ်လွတ်လပ်ခွင့်မရှိတာ ဒီမိုကရေစီရဲ့အခြေခံအကျဆုံးကို ချိုးဖောက်ဖျက်ဆီးလိုက်တာ။ အခြေခံမခိုင်တဲ့အဆောက်အဦးတစ်ခုက အမြင့်ကိုဆက်ဆောက်လို့မရသလိုမျိုးပဲ။” ကိုသစ်ဉာဏ် (MIP)
မြန်မာအင်တာနက်ပရောဂျက်-MIP မှ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ် နှင့် ဆက်သွယ်မေးမြန်းခြင်း
ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
လူ့အခွင့်အရေးစောင့်ကြည့်နေသည့်အဖွဲ့များ၏လေ့လာချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းများကို တွက်ချက်ရာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ အဆိုးရွားဆုံးအခြေအနေတွင်ရောက်ရှိနေကြောင်း သိရသည်။ အထူးသဖြင့် VPN အသုံးပြုမှုကိုကန့်သတ်ခြင်းနှင့် အင်တာနက်လွတ်လပ်ခွင့်ကိုခြိမ်းခြောက်နေသည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ထုတ်ပြန်ပြီးနောက်ပိုင်း စစ်အုပ်စု၏ဖမ်းဆီးအရေးယူမှုများပိုဖြစ်လာသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်လွတ်လပ်မှုအခြေအနေ၊ စစ်အုပ်စုက အွန်လိုင်းမှနေ၍လုပ်ဆောင်နေသည့်ဖိနှိပ်မှုများကို သိရှိနိုင်ရန် သုတေသနပြုစောင့်ကြည့်နေသည့် မြန်မာအင်တာနက်ပရောဂျက်-MIP မှ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်နှင့် ဆက်သွယ်မေးမြန်းထားသည်။
မေး။ MIP အကြောင်း အရင်ရှင်းပြပေးပါ။
ဖြေ။ MIP ကတော့ သုတေသနအခြေခံတဲ့အဖွဲ့တစ်ခုဖြစ်တယ်။ ဒီဂျစ်တယ်လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ သုတေသနလုပ်ပါတယ်။ သုတေသနရလဒ်တွေကို အစီရင်ခံစာတွေထုတ်ပြန်လေ့ရှိပါတယ်။ ပြီးရင်ဒါနဲ့သက်ဆိုင်တဲ့ အစုအဖွဲ့၊ အဖွဲ့အစည်းတွေဆီကို တိုက်တွန်းအကြံပြုချက်တွေပေးပို့ပါတယ်။ ဒီဂျစ် တယ်ဖိနှိပ်ခံရမှုတွေကို ကျနော်တို့မှတ်တမ်းတင်ထားပါတယ်။ အဲဒီကနေတဆင့် ဒီဂျစ်တယ် လွတ်လပ်ခွင့်ကိုရှာဖွေပေးနိုင်မယ့် အခြေအနေအကြောင်းအရင်းတွေကို ကျနော်တို့ရှာဖွေပြီးတော့ ကာကွယ်နိုင်ဖို့ကြိုးစားနေတဲ့အဖွဲ့ဖြစ်ပါတယ်။
မေး။ ဒီဂျစ်တယ်လွတ်လပ်ခွင့်ဆိုတာဘာလဲ နည်းနည်းပြောပြပေးပါဦး။
ဖြေ။ ဒီဂျစ်တယ်လွတ်လပ်ခွင့်ဆိုတာ လူ့အခွင့်အရေးကြေညာစာတမ်းမှာပါဝင်တဲ့ Article 19 လို့ခေါ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ထဲမှာ အကျုံးဝင်နေတဲ့ လူတိုင်းရဲ့ရပိုင်ခွင့်၊ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒီဟာက အားလုံးရဲ့အခြေခံကျတဲ့အခွင့်အရေးပါ။ ဘာလို့လဲဆိုတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ဒီမိုကရေစီရဲ့အခြေခံကျဆုံးအခွင့်အရေးတစ်ခုလို့ ကျနော်တို့ဖွင့်ဆိုထားလို့ ဖြစ်ပါတယ်။ ဒီဂျစ်တယ်လွတ်လပ်ခွင့်က အွန်လိုင်း၊ အော့ဖ်လိုင်း နှစ်ခုလုံးအပေါ်မှာသက်ရောက်မှုရှိပါတယ်။ အွန်လိုင်းအပြင် အော့ဖ်လိုင်းလို့ခေါ်တဲ့လက်တွေ့မြေပြင်ပေါ်က မြေပြင်အခြေအနေနဲ့သက်ရောက်ပါတယ်။
ဒီဂျစ်တယ်လွတ်လပ်ခွင့်ဆိုတာ လူ့အခြေခံကိစ္စတွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ကျန်းမာရေးစတဲ့အကြောင်းအရာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ဒီဂျစ်တယ်လွတ်လပ်ခွင့်ဆိုတာ လူ့အခွင့်အရေးကြေညာစာတမ်း Article 19 မှာရှိနေတဲ့ လူတွေရဲ့အခြေခံရပိုင်ခွင့်ပါ။ ဒီနေ့ခေတ်ကာလမှာ အွန်လိုင်း၊ အော့ဖ်လိုင်းခွဲခြားလို့မရတော့ဘဲ နှစ်ခုလုံးနဲ့အတူယှဥ်တွဲရှိနေတဲ့ ဆက်စပ်နေတဲ့ လူ့အခွင့်အရေးအခြေခံအခွင့်အရေးပါ။ လူတိုင်းလူတိုင်း သာတူညီမျှရရှိသင့်တဲ့အခွင့်အရေးလည်းဖြစ်တယ်။
မေး။ နိုင်ငံတစ်နိုင်ငံမှာ ဒီဂျစ်တယ်လွတ်လပ်ခွင့်မရရင် ဘယ်လိုအခြေအနေတွေဖြစ်နိုင်မလဲ။
ဖြေ။ ဒီဂျစ်တယ်လွတ်လပ်ခွင့်ဟာ လူတွေရဲ့အခြေခံအခွင့်အရေးတစ်ခုတည်းမှာ အကျုံးဝင်နေတာဖြစ်တဲ့အတွက် လွတ်လပ်ခွင့်မရတဲ့နိုင်ငံတစ်ခုက အခြေခံလူတွေရဲ့အခွင့်အရေးကို တားဆီးပိတ်ပင်မှုတွေဖြစ်စေနိုင်ပါတယ်။ ဒီဂျစ်တယ်လွတ်လပ်ခွင့်က လူမှုဘဝတွေနဲ့တိုက်ရိုက်ထိစပ်နေတာဖြစ်လို့ ဒီအပေါ်မှာထိခိုက်မှုတွေဖြစ်လာနိုင်စရာရှိပါတယ်။ ထိခိုက်မှုတွေဖြစ်လာတယ်ဆိုတာကိုလည်း မြင်တွေ့နေရတာပါ။
အခြေခံအကျဆုံးဖြစ်တဲ့ ဒီဂျစ်တယ်လွတ်လပ်ခွင့်မရှိတာ ဒီမိုကရေစီရဲ့အခြေခံအကျဆုံးကို ချိုးဖောက်ဖျက်ဆီးလိုက်တာ။ အခြေခံမခိုင်တဲ့အဆောက်အဦးတစ်ခုက အမြင့်ကိုဆက်ဆောက်လို့မရသလိုမျိုးပဲ။ အခြေခံကျဆုံးအခွင့်အရေးတစ်ခုကို လေးစားလိုက်နာမှုမရှိတာ၊ ကန့်သတ်ထားတာ၊ ဖိနှိပ်ထားတာ၊ ဖျက်ဆီးတာက နိုင်ငံတစ်နိုင်ငံအမြင့်ကိုရောက်ဖို့၊ ရှေ့ကိုသွားဖို့ လှေကားတွေကိုချိုးဖျက်ထားတာနဲ့တူတူပဲ။ ဒီအခြေခံအဆောက်အအုံမရှိရင် နိုင်ငံရဲ့တိုးတက်မှုနဲ့အမြင့်ကိုသွားဖို့ ရှေ့ကိုသွားဖို့အတွက် ကောင်းမွန်တဲ့လူမှုဘဝတွေတည်ဆောက်ဖို့ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး။
မေး။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ထက်တစ်နှစ်ဖြစ်ပေါ်လာတဲ့ ဒီဂျစ်တယ်လွတ်လပ်ခွင့်အခြေအနေကဘယ်လိုရှိလဲ။
ဖြေ။ ဒီဂျစ်တယ်ဖိနှိပ်မှုတွေကို စစ်အုပ်စုက ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒေသတွင်းအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ အကာအကွယ်ပေးနေသူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂလိုအဖွဲ့အစည်းတွေ ဒီအသိုင်းအဝိုင်းအားလုံးကနေပြီးတော့ ဒီဂျစ်တယ်အခွင့်အရေးနဲ့ပတ်သက်ပြီး လေးစားလိုက်နာဖို့ ဖိနှိပ်မှုတွေရပ်တန့်ဖို့ တိုက်တွန်းပြောဆိုမှုတွေ၊ အပြစ်ပေးအရေးယူမှုတွေ လုပ်နေသည့်တိုင်အောင် စစ်အုပ်စုက ဒီဂျစ်တယ်အခွင့်အရေးချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်တယ်။
ဒါကြောင့် နိုင်ငံတကာစံနှုန်းတွေ၊ ထွက်လာတဲ့သုတေသနရလဒ်တွေ ညွှန်းကိန်းတွေကိုပြန်ကြည့်ရင် မြန်မာနိုင်ငံက ဒီဂျစ်တယ်လွတ်လပ်ခွင့်ချိုးဖောက်ခံရတဲ့နိုင်ငံတွေထဲမှာ စံနှုန်းအမြင့်ဆုံးမှာရောက်နေတာကို တွေ့ရမှာဖြစ်တယ်။ ဒီဂျစ်တယ်လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး စံနှုန်းမြင့်မားတဲ့တန်းတူအနေအထားအထိ ဒီဂျစ်တယ်လွတ်လပ်ခွင့်ချိုးဖောက်နေတာကို ကျနော်တို့ထင်ထင်ရှားရှားမြင်တွေ့နေရတာပါ။
ကျနော်တို့ MIP အနေနဲ့လည်း ဒီအပေါ်မှာ သုံးလတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ်၊ အသေးစိတ်အစီရင်ခံစာတွေ လပတ်အစီရင်ခံစာတွေ နှစ်လည်အစီရင်ခံစာတွေကိုထုတ်ပြန်နေတာဖြစ်တယ်။ ဒါတွေကိုကြည့်ရင် ဒီဂျစ်တယ်လွတ်လပ်ခွင့်တွေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေပြီး ဖိနှိပ်ဖို့အခြေခံအဆောက်အအုံတွေ စစ်အုပ်စုကတည်ဆောက်နေတယ်ဆိုတာ ကျနော်တို့အထင်အရှားတွေ့ရပါတယ်။ ဒါ့ကြောင့် အများကဝိုင်းဝန်းသတိပေးတားမြစ်နေတဲ့ကြားက ဘယ်သူ့ကိုမှဂရုမစိုက်ဘဲလုပ်နေတယ်လို့ ပြောလို့ရတယ်။
မေး။ ဘယ်လိုဒေသတွေကို ဦးတည်ထားသလဲ၊ အကျိုးသက်ရောက်မှုကဘယ်လိုရှိလဲ သိပါရစေ။
ဖြေ။ ဒါကမြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်နေတာပါ။ အားလုံးက ဒီဂျစ်တယ်လွတ်လပ်ခွင့် ချိုးဖောက်မှုဒဏ်ကို ခံနေရတာပါ။ အဲဒီအပြင် ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်အုပ်စုက တစ်ဖက်သတ်ပြဌာန်းလိုက်တဲ့ဥပဒေနဲ့မြင်ရတဲ့အခင်းအကျင်းတွေအရ မြန်မာနိုင်ငံပြင်ပကိုရောက်နေတဲ့ မြန်မာနွယ်ဖွားတွေ၊ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံမှာမှီတင်းနေထိုင်ကြတဲ့သူတွေအပေါ်မှာ ဖိနှိပ်နိုင်ဖို့ စစ်အုပ်စုကပြင်ဆင်ထားတယ်ဆိုတာကိုကျနော်တို့ပြောနိုင်တဲ့သက်သေအထောက်အထားတွေရှိတယ်။ ဥပမာ-Cyber Security Law လိုကိစ္စမျိုးပါ။ ဒီဥပဒေနဲ့နိုင်ငံပြင်ပမှာရှိတဲ့မြန်မာနိုင်ငံသားတွေ၊ နိုင်ငံမှာရှိနေတဲ့သူတွေကို ဖိနှိပ်နိုင်ဖို့ပြင်ဆင်ထားတာ ကျနော်တို့ပြောနိုင်ပါတယ်။
ပြည်တွင်းအခြေအနေမှာဆိုရင် စစ်ကိုင်းလို၊ ရှမ်းပြည်လို၊ ရခိုင်လိုဒေသမျိုးတွေမှာ ပဋိပက္ခမြင့်မားနေတဲ့ အခြေအနေတွေကြောင့် ဖိနှိပ်ခံရတာကိုမြင်သာမှာဖြစ်တယ်။ အထူးသဖြင့် ဒီဂျစ်တယ်ဖိနှိပ်မှုတွေလုပ်ပြီး လေကြောင်းဗုံးကြဲမှုတွေလုပ်တယ်။ ဖြတ်လေးဖြတ်ဆိုတဲ့ စီမံကိန်းတွေအရ ဆက်သွယ်ရေးဖြတ်တောက်တာတွေလုပ်တယ်။ ဒီနောက်ဆက်တွဲအခြေအနေတွေအရ ကျနော်တို့က စစ်ရှောင်တွေ၊ လူသားစာနာထောက်ထားမှုအကူအညီလိုတဲ့သူတွေက သတင်းအချက်အလက်ပြတ်တောက်တာ၊ သူတို့အသက်ဘေးအန္တရာယ်အတွက် ရှောင်ရှားနိုင်တဲ့နည်းလမ်းတွေမရယူနိုင်တာ၊ သူတို့ရဲ့ဆွေမျိုးသားချင်းတွေကိုမဆက်သွယ်နိုင်တာ၊ အကူအညီပေးမယ့်သူတွေကို မဆက်သွယ်နိုင်တာတွေကြုံနေရတယ်။ ဒါကြောင့်မို့လို့ အများပြည်သူက ဒီဂျစ်တယ်ဖိနှိပ်မှုကို တိုက်ရိုက်ခံစားနေရသလို ပဋိပက္ခများတဲ့ဒေသတွေမှာဆိုရင် ပိုမိုဆိုးရွားတဲ့ဒဏ်ကိုခံစားနေရပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေရဖို့ ခက်ခဲနေတာကိုကျနော်တို့မြင်တွေ့နေရတယ်။
မေး။ အခုလိုဖိနှိပ်မှုတွေတစ်ဖက်မှာ ဒီပလက်ဖောင်းတွေကို သုံးပြီးလုပ်နေတဲ့ စစ်အုပ်စုလက်အောက်က ဝါဒဖြန့်၊ အမုန်းစကား၊ Propaganda အကောင့်တွေ၊ ပေ့ချ်တွေအများကြီးရှိတယ်၊ ဒီအကြောင်းဆရာတို့အနေနဲ့စောင့်ကြည့်မိသလား၊ သူတို့ဘယ်လိုအလုပ်လုပ်လဲ နည်းနည်းပြောပြပေးပါ။
ဖြေ။ စစ်အုပ်စုက ဒီဂျစ်တယ် လူမှုကွန်ရက်မီဒီယာများစွာကို အသုံးပြုပြီးတော့ Propaganda လို့ခေါ်တဲ့ ဝါဒဖြန့်ချိရေးလုပ်ငန်းတွေကို စနစ်တကျလုပ်နေတာ မှန်ပါတယ်။ ဒီဂျစ်တယ်ပလက်ဖောင်းတွေကိုသုံးပြီး ဝါဒဖြန့်ချိမှုပြုလုပ်နေတယ်ဆိုတာကို စစ်အုပ်စုရဲ့လော်ဘီတွေကနေထွက်လာတဲ့ ဝါဒဖြန့်ချိရေးပုံစံတွေကို ကြည့်ခြင်းအားဖြင့်ကျနော်တို့သိနိုင်တယ်။ ဝါဒဖြန့်ချိတဲ့ပုံစံကစစ်တပ်ရဲ့ သတင်းစကားပါးလိုတဲ့ကိစ္စတွေ၊ အတိုက်အခံတွေ၊ လွတ်လပ်တဲ့မီဒီယာတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရက်တစ်အင်အားစုတွေကို ဖိနှိပ်လိုတဲ့ကိစ္စတွေကို အဲဒီပလက်ဖောင်းတွေကနေ အစုအဖွဲ့နဲ့တန်ပြန်တိုက်ခိုက်တာ၊ ဝါဒဖြန့်ချိတာတွေလုပ်နေတာ ကျနော်တို့တွေ့ရတယ်။
နောက်ထပ်ပုံစံတစ်ခုအနေနဲ့ သတင်းသမားအမည်ခံပြီး မီဒီယာအမည်ခံပြီးလုပ်နေတဲ့အုပ်စုတွေဖြစ်တယ်။ သူတို့က သတင်းသမား၊ သတင်းမီဒီယာအမည်ခံပြီး ဝါဒဖြန့်ချိမှုတွေလုပ်နေတာ။ သတင်းအမှန်ပြန်ကြားရေးဆိုတဲ့ပုံစံကနေ နိုင်ငံပိုင်မီဒီယာပေါ်ကနေ ဝါဒဖြန့်ချိရေးလုပ်နေတာလည်းတွေ့ရတယ်။ ဝါဒဖြန့်ချိရေးရဲ့သက်ရောက်မှုကဘယ်လိုရှိပြီး မြေပြင်မှာဘယ်လောက်အတိုင်းအတာထိဖြစ်စေလဲဆိုတာ ကျနော်တို့လည်း စောင့်ကြည့်ပြီးသုတေသနပြုနေတာရှိတယ်။
အထူးသဖြင့် တော်လှန်ရေးအင်အားစုနဲ့နီးစပ်တဲ့ပြည်သူတွေကို အကြမ်းဖက်သမားတွေလို့တစ်ဖက်သတ်စွပ်စွဲပြီး ဝါဒဖြန့်စေခိုင်းတာမျိုးပေါ့။ ဒါတွေကို ခုနကပြောတဲ့ဝါဒဖြန့်ချန်နယ်တွေက စနစ်တကျ၊ တစ်ညီတစ်ညွတ်တည်းလုပ်နေတာတွေ့ရတယ်။ ဒီသက်ရောက်မှုတွေအားလုံးကို ကြိုးစားပြီးကျနော်တို့ သုတေသနလုပ်နေတယ်။ သက်ဆိုင်ရာအစုအဖွဲ့၊ နိုင်ငံတကာကသိရှိဖို့ အကြံပြုဆွေးနွေးတာတွေလည်းရှိတယ်။
မေး။ မြန်မာနိုင်ငံမှာဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ဖိနှိပ်ခံရမှုက လွတ်မြောက်ဖို့ ဘာတွေလုပ်ရမယ်ထင်လဲ။ ဆရာရဲ့ထင်မြင်ချက်လေးသိပါရစေ။
ဖြေ။ အကောင်းဆုံးနည်းလမ်းကတော့ အာဏာရှင်စနစ်အလုံးစံချုပ်ငြိမ်းပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာဖို့က အရေးကြီးဆုံးပါ။ နောက်တစ်ခုက နိုင်ငံတကာစံနှုန်းတွေ၊ ဒီဂျစ်တယ်လွတ်လပ်ခွင့်စံနှုန်းတွေကိုလေးစားလိုက်နာဖို့၊ ICCPR လိုမျိုး နိုင်ငံတကာစံနှုန်းတွေ၊ ဥပဒေတွေနဲ့လိုက်နာနိုင်၊ လက်မှတ်ရေးထိုးနိုင်ဖို့လိုတယ်။ ဒါ့အပြင် အဲဒီဥပဒေတွေအားကောင်းပြီး ပိုမိုအသက်ဝင်ဖို့ ဥပဒေစိုးမိုးမှုဖြစ်ဖို့က ပြည်တွင်းဥပဒေအားကောင်းဖို့လည်းလိုတယ်။ ဒီလိုစံနှုန်း၊ ဥပဒေတွေရှိလာပြီဆိုရင် ဒါကိုကျင့်သုံးတဲ့သူတွေ၊ အကောင်အထည်ဖော်တဲ့သူတွေအနေနဲ့လည်း ကောင်းမွန်စွာကျင့်သုံးဖို့လိုတယ်။
ဒီလိုအချိန်မှာ ဥပဒေပြုရေး၊ တရားရေးမဏ္ဏိုင်အပြင် အများပြည်သူကလေးစားလိုက်နာဖို့လည်းလိုတယ်။ ဒါမှပဲ ကျနော်တို့ဟာ ဒီဂျစ်တယ်ဖိနှိပ်မှုကနေလွတ်မြောက်ဖို့ အကောင်းဆုံးလုပ်နိုင်မှာဖြစ်တယ်။ ဒီလိုတွေရှိလာပြီဆိုရင် အများပြည်သူရဲ့ဒီဂျစ်တယ်နဲ့ပတ်သက်ပြီးသိနားလည်ဖို့ ပညာပေးအစီအစဥ်တွေလုပ်ဆောင်ရမှာဖြစ်တယ်။ ကျောင်းပညာရေးအစီအစဥ်မှာ လူမှုအဖွဲ့အစည်းမှာ Digital Literacy ကို မြှင့်တင်ပေးဖို့လိုတယ်။
မေး။ နောက်ဆုံးအနေနဲ့ဖြည့်စွက်ပြောချင်တာရှိသေးလား။
ဖြေ။ ဒီဂျစ်တယ်လူမှုဘဝဆိုတာ လက်တွေ့ဘဝနဲ့လည်းအဆက်အစပ်ဖြစ်နေတာ။ လူတိုင်းမှာဒီဂျစ်တယ်နဲ့ကင်းဝေးပြီးတော့နေလို့မရဘူး။ မွေးဖွားချိန်ကနေစပြီး သေဆုံးအချိန်ထိ ယနေ့ခေတ်ကာလက ဒစ်ဂျစ်တယ်နဲ့ဆက်စပ်နေတာ။ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ကိစ္စတွေမှာ ဒီဂျစ်တယ်ကပါဝင်ပတ်သက်နေတာဖြစ်လို့ မြှင့်တင်ဖို့၊ လေးစားလိုက်နာဖို့၊ ကာကွယ်ဖို့လိုအပ်ပါတယ်။
ဒီဂျစ်တယ်ဖိနှိပ်မှုက လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တဲ့အတွက် ဒီလိုအခြေအနေကလွတ်မြောက်ဖို့ အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့လိုပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်အားကောင်းမှသာ ဒီဂျစ်တယ်ရဲ့ကောင်းမွန်တဲ့အသီးအပွင့်တွေကိုခံစားနိုင်ပြီး၊ မြင့်မားတဲ့လူမှုဘဝကိုနိုင်ငံတကာနဲ့အညီတည်ဆောက်နိုင်မယ်။



















