Home သတင်း ရင်းနှီးမြှုပ်နှံမှုရုတ်သိမ်းခြင်းကို ဆက်လုပ်ဖို့ ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့သို့ JFMနှင့်မိတ်ဖက်များတောင်းဆို

ရင်းနှီးမြှုပ်နှံမှုရုတ်သိမ်းခြင်းကို ဆက်လုပ်ဖို့ ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့သို့ JFMနှင့်မိတ်ဖက်များတောင်းဆို

483
Photo: AP7

ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုကို စစ်လက်နက်ရောင်းချ၊ စီးပွားရေးဆက်နွယ်နေသည့် နိုင်ငံခြားကုမ္ပဏီ(၄)ခုမှ ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်းလိုက်သော ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့(AP7)အား ကျန်ရှိနေသေးသည့် ကုမ္ပဏီများမှလည်း ရုတ်သိမ်းမှုကိုဆက်လက်လုပ်ဆောင်ဖို့ Justice for Myanmar-JFMနှင့် Swedish Burma Committee-SBC, Fair Finance Guide အဖွဲ့တို့က ဒီဇင်ဘာ(၉)ရက်နေ့တွင် တောင်းဆိုသည်။

ဆွီဒင်နိုင်ငံရှိ ပင်စင်ငွေစုဆောင်းသူများအတွက် ငွေကြေးစီမံခန့်ခွဲပေးနေသည့် AP7 အဖွဲ့သည် ပြီးခဲ့သည် ဒီဇင်ဘာ(၈)ရက်နေ့က အိန္ဒိယစစ်လက်နက်ကုမ္ပဏီနှစ်ခုအပါအဝင် ထိုင်းရေနံကုမ္ပဏီ PTTEP နှင့် ဂျပန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း-Sumitomo Corporation တို့ရှိ ၎င်း၏ရင်းနှီးမြှုပ်နှံငွေများ ရုတ်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

“ရင်းနှီးမြှပ်နှံထားတာတွေ ရုပ်သိမ်းတဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ AP7 အနေနဲ့ ကျမတို့ဖော်ထုတ်ထားတဲ့ ကုမ္ပဏီအားလုံးကို အရေးယူရမှာဖြစ်ပြီး၊ တရားမဝင်စစ်အုပ်စုအတွက် စစ်လက်နက်တပ်ဆင်ပေးနေတဲ့ သို့မဟုတ် ငွေကြေးထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေဆီမှာ ဘယ်ရံပုံငွေကိုမှ ရင်းနှီးမြှုပ်နှံတာမလုပ်ဖို့ လုပ်ဆောင်သင့်ပါတယ်”ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

JFM နှင့် မိတ်ဖက်အဖွဲ့တို့၏ ပြီးခဲ့သည့် နိုဝင်ဘာက ပူးတွဲလေ့လာအစီရင်ခံစာအရ AP7 သည် အမေရိကန်ဒေါ်လာ ၄၈၄ သန်းဖြင့် မြန်မာစစ်အုပ်စုနှင့်ဆက်နွယ်နေသော ကုမ္ပဏီ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ကြိမ်ရုတ်သိမ်းလိုက်သည့်ကုမ္ပဏီ(၄)ခုကို ဖယ်ထုတ်လျှင် နောက်ထပ်ကုမ္ပဏီ(၈)ခုမှ ရင်းနှီးမြှုပ်နှံမှုရုတ်သိမ်းရန်ကျန်သည်။

AP7 မှ ရုတ်သိမ်းလိုက်သည့်ကုမ္ပဏီများသည် စစ်အုပ်စုထံစစ်လက်နက်ပစ္စည်းများ ရောင်းချခဲ့သည့် ကုမ္ပဏီများဖြစ်သလို စစ်အုပ်စုက မြန်မာပြည်သူများအပေါ် ဒီဂျစ်တယ်နည်းနာဖြင့် စောင့်ကြည့်ထောက်လှမ်းသည့်ကဏ္ဍရှိ ကုမ္ပဏီ၊ နိုင်ငံခြားဝင်ငွေအဓိကဖန်တီးပေးနေသည့် ကုမ္ပဏီများလည်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ JFM နှင့် မိတ်ဖက်(၂)ဖွဲ့က AP7အနေဖြင့် ရင်းနှီးမြှုပ်နှံမှုရုတ်သိမ်းရန်ကျန်သည့် ကုမ္ပဏီများအား စစ်အုပ်စုနှင့်အကျိုးစီးပွားရေး ဆက်ဆံမှုမရှိရန်၊ ဆက်နွယ်မှုအားလုံးကိုဖြတ်တောက်ရန် တောင်းဆိုသလို ဆွီဒင်အစိုးရမှ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအပေါ် ဆက်လက်ပံ့ပိုးကူညီရန်လည်း တိုက်တွန်းထားသည်။

JFM ကို စစ်အုပ်စုနှင့်အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများ၊ ပတ်သက်ဆက်နွယ်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ စစ်ရာဇဝတ်မှုများနောက်ကွယ် အကျိုးအမြတ်ရရှိနေသူများကို ဖော်ထုတ် အရေးယူခံရရေး ပြည်သူနှင့်နိုင်ငံတကာသို့ အစီရင်ခံနေသည့် လျှို့ဝှက်အဖွဲ့ အဖြစ် လူသိများသည်။