Home သတင်း ဗိုလ်မှူးကြီး စောချစ်သူနှင့်သားသမီးများပိုင် ချစ်လင်းမြိုင်ကုမ္ပဏီကို စစ်ကောင်စီ အမည်ပျက် စာရင်းသွင်း

ဗိုလ်မှူးကြီး စောချစ်သူနှင့်သားသမီးများပိုင် ချစ်လင်းမြိုင်ကုမ္ပဏီကို စစ်ကောင်စီ အမည်ပျက် စာရင်းသွင်း

1261

ဇူလိုင် ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နိုင်ငံခြားသို့ပို့ ကုန်တင်ပို့မှုမှရရှိငွေ ဘဏ်ပြန်မသွင်းသည့်ကိစ္စဖြင့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF မှ ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်းသားသမီးသုံးဦးအပါအဝင် လူပုဂ္ဂိုလ်(၅)ဦး မှတ်ပုံတင်ထားသည့် ချစ်လင်းမြိုင်ကုမ္ပဏီကို အမည်ပျက်စာရင်း (Black list) ထည့်သွင်းကြောင်း စစ်ကောင်စီထိန်းချုပ်သည့် ဗဟိုဘဏ်က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

၂၀၁၆ မှ ၂၀၂၀ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီး ရလာသည့်ငွေအား ပို့ကုန်ပိုင်ရှင်၏ ပြည်တွင်း ဘဏ်စာ ရင်းသို့ တင်ပို့ရန်ပျက်ကွက်မှုဖြင့် ကုမ္ပဏီ(၁၉၇)ခုနှင့် ဒါရိုက်တာအဖွဲ့ဝင် လူပုဂ္ဂိုလ်များကို စစ်ကောင်စီက အမည်ပျက်စာရင်းကြေညာထားခြင်းဖြစ်သည်။

၎င်းစာရင်းတွင် ဗိုလ်မှူးကြီးစောချစ်သူ၊ ၎င်း၏သမီး နန်းနှင်းနန္ဒာအေး၊ သားစောချစ်ချစ်၊ စောထူး အယ်မှူးနှင့် မြန်မာနိုင်ငံစက်မှုတွင်း ထွက်ကုန်ကြမ်း ထုတ်လုပ်သူများအသင်း၏ ဒုဥက္ကဋ္ဌ ဖြစ်သော ဗိုလ်မှူးကြီး စောမင်းမင်းဦးတို့ပါဝင်သည်။

အာရှနိုင်ငံများသို့ ပို့ကုန်ပို့လျှင် တင်ပို့ပြီး ရက်(၃၀)အတွင်း၊ အခြားနိုင်ငံများသို့ပို့လျှင် ရက်(၆၀)အတွင်း တင်ပို့မှုမှရငွေကို နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းပြန်သွင်းရမည်ဖြစ်ကြောင်း ဥပဒေသတ်မှတ်ထားပြီး ဖောက်ဖျက်ပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟု ဗဟိုဘဏ်က ဖော်ပြထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က Justice for Myanmar က ဖော်ထုတ်ခဲ့သည့် BGF မိသားစုပိုင် စီးပွားရေး လုပ်ငန်း များစာရင်းအရ စောချစ်သူ (ခ) စောစံမြင့်နှင့် ၎င်းသားသမီးများရှယ်ယာပိုင်ဆိုင်မှု ရယူထားသည်မှာ ချစ်လင်းမြိုင်ကုမ္ပဏီအပါအဝင် အခြားကုမ္ပဏီခွဲ(၆)ခုရှိသည်။

ရွှေပဒေသာမြိုင်၊ ထူးမေတ္တာထူး ၊ ဒေါနသံလွင်နှင့် ချစ်လင်းမြိုင် သတ္တုနှင့်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ တို့တွင် BGF က ရှယ်ယာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိပိုင်ဆိုင်ပြီး အကြီးဆုံးရှယ်ယာရှင်များဖြစ်ကြသည်ဟု Justice for Myanmar က ဖော်ပြခဲ့သည်။

ဗဟိုဘဏ်၏ အလားတူအရေးယူမှုနှင့်ပတ်သက်ပြီး ပို့ကုန်လုပ်ငန်းရှင်များဘက်ကို လေ့လာကြည့်ရာ အမည်ပျက်စာရင်းသွင်းခံရသူ လူပုဂ္ဂိုလ်မှာ BOD အဖြစ်နောက်ထပ် ကုမ္ပဏီတွင် တာဝန်ယူထားမှုရှိပါက ၎င်းလုပ်ငန်းအထိ ဆက်လက်အရေးယူနိုင်ကြောင်း သိရသည်။ ဗဟိုဘဏ်စာရင်းအရမူ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီတစ်ခုတည်းသာ အမည်ပျက်စာရင်းတွင် ပါဝင်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လပိုင်းက ပို့ကုန်ရငွေဘဏ်ပြန်မသွင်းမှုဖြင့် ကုမ္ပဏီ ၁၃၀ ကျော်ကို ဗဟို ဘဏ်က အမည်ပျက်စာရင်းတင်သွင်းမှုရှိခဲ့သေးသည်။ သို့သော် တစ်နှစ်ကျော်အကြာတွင် ပို့ကုန်ရငွေစာ ရင်းရှင်းလင်းပြီးသည့် ကုမ္ပဏီ(၅၉)ခုကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်သည့် ဖြစ်စဥ်ရှိခဲ့ဖူး၍ ဗိုလ်မှူးကြီးစောချစ်သူတို့ဘက်က တုံ့ပြန်ဖြေရှင်းမှုနှင့်ပတ်သက်ပြီး သိနိုင်ရန် ကေအိုင်စီအနေဖြင့် ကြိုးပမ်းဆက်သွယ်လျက်ရှိသည်။

တဖက်တွင် ဗိုလ်မှူးကြီးစောချစ်သူနှင့် BGF တာဝန်ရှိပုဂ္ဂိုလ်များမှာ နယ်စပ်ကျားဖြန့်‌ ခေါ် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လူမှောင်ခိုကိစ္စများဖြင့် အမေရိကန်နိုင်ငံဘက်က ပိတ်ဆို့အရေး ယူမှုအပြင် ထိုင်းနိုင်ငံ၏ ဖမ်းဝရမ်းထုတ်ခံရနိုင်ချေနှင့်လည်း ရင်ဆိုင်နေရသည်။

စစ်ကောင်စီဘက်ကလည်း အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက် ကြီးကြီးမားမားဖြစ်လာ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေအောက်တွင် ဗဟိုဘဏ်မှ တဆင့်မြန်မာကျပ်ငွေလဲလှယ်ရမည့် ပို့ကုန်ရငွေရာခိုင်နှုန်းကို ပြင်ဆင်သတ်မှတ်ချက်များ ပြုလုပ်လာသည်။

ဈေးကွက်ပေါက်ဈေးထက်နည်းသည့် ဗဟိုဘဏ်ငွေလဲလှယ်နှုန်းအတိုင်း အလဲအလှယ်လုပ်ရသော်လည်း ပို့ကုန်သွင်းမှသွင်းကုန်လိုင်စင်ရမည့် သတ်မှတ်ချက်များကြောင့်သာ ဆက်လက်လုပ်ကိုင်နေရသည်ဟု လုပ်ငန်းရှင်အချို့၏ပြောပြချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာအချို့က ဖော်ပြသည်။

ထို့အတူ လက်ရှိ ဗဟိုဘဏ်က နာမည်ပျက်စာရင်းသွင်းလာသည့် ဒါရိုက်တာ ၇၂၂ ဦးတွင် BGF ၏ စီးပွားရေးလုပ်ငန်းအပါအဝင် မြဝတီဒေသတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ကိုင်နေသည့် ညီနောင်ဦးကုမ္ပဏီနှင့်ဒါရိုက်တာများလည်း ပါဝင်ကြောင်း စာရင်းအရ သိရသည်။