Home သတင်း အာဆီယံအဖွဲ့ဝင်နိုင်ငံမှတဆင့် စစ်ကောင်စီထံ စစ်လက်နက်အထောက်အပံ့များ စီးဝင်နေခြင်းကို ပိတ်ဆို့ရန် JFM တောင်းဆို

အာဆီယံအဖွဲ့ဝင်နိုင်ငံမှတဆင့် စစ်ကောင်စီထံ စစ်လက်နက်အထောက်အပံ့များ စီးဝင်နေခြင်းကို ပိတ်ဆို့ရန် JFM တောင်းဆို

492
Photo: Internet

မေ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှတဆင့် ဘဏ္ဍာငွေ၊ နည်းပညာနှင့် လေယာဥ်ဆီကဲ့သို့ စစ်လက် နက် အထောက်အပံ့ပစ္စည်းများ စစ်ကောင်စီထံ စီးဝင်နေမှုအပေါ် ပိတ်ဆို့ တွန်းအားပေးရန် ယမန်နေ့ မေလ ၁၃ ရက်နေ့ရက်စွဲဖြင့် Justice For Myanmar-JFM က အာဆီယံကို တောင်းဆိုလိုက်သည်။

ဘဏ္ဍာငွေပံ့ပိုးခြင်း၊ စစ်အသုံးအဆောင်နှင့် ဝန်ဆောင်မှု ရောင်းချခြင်းတို့မှ မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်ကို အခြေခံသည့် စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းများနှင့်ဆက်နွယ်ပြီး အကျိုး အမြတ်ရရှိနေသော “အာဆီယံအသက် ၃၀ အထက် မသမာသူများ စာရင်း” ထုတ်ပြန်ချက်တွင် JFM က တောင်းဆိုထားခြင်းဖြစ်သည်။

အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် (၅)ရပ်ချမှတ်ထားသော်လည်း အရေးယူမှုမရှိသည့်အပြင် စစ်ကောင်စီထံ လက်နက်အပါအဝင် စစ်ဘက်ဆိုင်ရာသုံးပစ္စည်းများကို တစ်ဖက်လက်ဖြင့် စီးဆင်းနေ စေကြောင်း JFM ပြောခွင့်ရ မရတနာမောင်က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

“လေးနှစ်အတွင်း အာဆီယံက မြန်မာပြည်သူတွေအပေါ်ပျက်ကွက်ခဲ့ပါတယ်။ တဖက်မှာ အစိုးရအဖွဲ့ဝင် လူချမ်းသာတစ်စုက စစ်ရာဇဝတ်ကောင်တွေလက်ထဲကို စစ်လက်နက်နဲ့စစ်သုံးပစ္စည်းတွေ ဆက်စီး ဆင်းနေစေတာပါ။ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုတိုင်းမှာ စီးပွားရေး ဆက်နွယ်မှု တစ်ခုအမြဲရှိနေပြီး အဲဒီစီးပွားရေးအီလစ်တွေအနေနဲ့ မဖြစ်မနေတာဝန်ခံရမှာပါ” ဟု မရတနာမောင်က ပြောသည်။

JFM ၏ “အာဆီယံအသက် ၃၀ အထက် မသမာသူများ စာရင်း” ထုတ်ပြန်ချက်၌ အရှေ့တောင်အာရှတွင် ဩဇာကြီးမားသည့် မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် စင်ကာပူလူမျိုး လူပုဂ္ဂိုလ် ၁၂ ဦး ပါဝင်သည့် စစ်ကောင်စီနှင့် ၎င်းတို့ကြား ပတ်သက်ဆက်နွယ်မှုကို အသေးစိတ်ဖော်ပြထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့အချုပ်အခြာအာဏာအောက်ရှိ ဖော်ပြပါ လူပုဂ္ဂိုလ်များပိုင် လုပ်ငန်းများမှတဆင့် စစ်ကောင်စီထံ ငွေကြေးစီးဆင်းခြင်း၊ လက်နက်ရောင်းချခြင်းကို ခွင့်ပြုပေး ထား သည်မှာ စစ်အုပ်စုကျူးလွန်နေသော စစ်ရာဇဝတ်မှုများတွင် ကြံရာပါဖြစ်နေကြောင်းလည်း JFM က ထောက်ပြသည်။

ထုတ်ပြန်ချက်ထွက်ရှိသည့် မေလ ၁၂ ရက်တွင်ပင် စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းသို့ ဆင့်ပွားဗုံးနှစ်လုံးအသုံးပြုကာ ကြဲချတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ထုတ်ပြန်ထားသည်။ ဗုံးကြောင့် ဆရာ၊ ဆရာမနှင့်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူကျောင်းသား ၂၂ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အာဏာသိမ်းမှုစတင်ပြီး ယခုနှစ် စစ်ကိုင်းကိုဗဟိုပြုသော ဖျက်အားပြင်းငလျင်ဖြစ်ပွားပြီးချိန်အထိ ငလျင်ဖြစ်သည့်ဒေသများပါမချန် တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၅၀၀ ကျော်လုပ်ဆောင်ခဲ့ကြောင်း JFM က ဖော်ပြချက်အရ သိရသည်။