Home သတင်း သံတောင်ကြီးတွင် ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်မှု ပိုမိုဆိုးရွားလာ၍ ဆက်သွယ်ရေး အခက်အခဲဖြစ်

သံတောင်ကြီးတွင် ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်မှု ပိုမိုဆိုးရွားလာ၍ ဆက်သွယ်ရေး အခက်အခဲဖြစ်

934
Photo: CJ

မေလ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယခုနှစ်အတွင်း ဖုန်းနှင့်အင်တာနက်လိုင်းပြတ်တောက်မှု ပိုမိုဆိုးရွားလာသဖြင့် ဆက်သွယ်ရေးနှင့် သတင်းရရှိရေးအခက်အခဲဖြစ်နေကြောင်း နယ်ခံနှင့်မီဒီယာအလုပ်လုပ်ကိုင်နေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က သံတောင်ကြီးမြောက်ပိုင်း လိပ်သိုဒေသတစ်လျှောက် စစ်ကောင်စီ စစ်ကြောင်းထိုးမှုနှင့် ပဋိပက္ခတစ်စုံတစ်ခုဖြစ်ပွားစဥ် ဖုန်းလိုင်းမကြာခဏဖြတ်တောက်ခံရပြီး ဆက်သွယ်ရေးအခက်အခဲဖြစ်လေ့ရှိသည်။

ယခု ၂၀၂၅ ခုနှစ်တွင်မူ တိုက်ပွဲမရှိသည့် သံတောင်ကြီးမြို့ပေါ်တွင်ပါ ဖုန်းနှင့်အင်တာနက် လိုင်းပြတ်တောက်မှု သိသိသာသာဆိုးရွားလာသည်ဟု နယ်ခံများက ကေအိုင်စီသို့ ပြောသည်။

“မြို့ထဲမှာမရရင်တောင် တစ်ခါတလေ ဘုရင့်နောင်တပ်ထဲကတာဝါတိုင်က Wave (ဖုန်းလိုင်း)လေးရတဲ့နေရာမှာ သုံးလို့ရသေးတယ်။ အကြောင်းရှိရင် ဖုန်းလေးဆက်ပြီးခေါ်လို့ရတယ်။ အခုက အကုန်ပျောက်နေပြီ။ တစ်ခုခုပြောချင်ရင်တောင် လူကိုယ်တိုင် သွားနေရတယ်။ အရင်ခေတ်ပြန်ရောက်နေသလိုပဲ။ အင်တာနက်ကလည်း ဖုန်းဒေတာပဲလေ သုံးလို့မရဘူးပေါ့။” ဟု သံတောင်ကြီးမြို့နေသူတစ်ဦးက ပြောသည်။

ထို့အတူ သံတောင်ကြီးသတင်းများ စုံစမ်းလိုသည့် ဒေသတွင်းမီဒီယာသမားအချို့၏ ပြောပြချက်အရ ဒေသတွင်း နယ်မြေနှင့်ဒေသခံအခြေအနေ အတည်ပြုစုံစမ်းရာ၌ ဖုန်းနှင့်အင် တာနက်လိုင်းအခက်အခဲကြောင့် အချိန်ကြန့်ကြာပြီး သတင်းအချက်အလက် ပေးပိုင်ခွင့်၊ရပိုင်ခွင့် သိသိသာသာ ဆုံးရှုံးနေရသည်ဟု သိရသည်။

လိပ်သိုနယ်ဘက်တွင် စစ်တပ်က ဆက်သွယ်ရေးဖြတ်တောက်တတ်သဖြင့် အရေးကြီးကိစ္စ ဆက်သွယ်လိုပါက လိုင်းရနိုင်မည့် ဝေးဝေးလံလံနေရာများသို့သွား၍ ဖုန်းလိုင်းဖမ်းယူ အဆက်အသွယ်ပြုလုပ်ရသည်ဟုလည်း လိပ်သိုနယ်ခံများက ပြောဆိုဖူးသည်။

လူ့အအခွင့်အရေးချိုးဖောက်ခံရမှုများ မှတ်တမ်းတင်လေ့ရှိသည့် အသံအဖွဲ့၏ ပြီးခဲ့သည့် မတ်လ အတွင်းက ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားသည့်ကာလ ကရင်ပြည်နယ်အပါအဝင် ပြည်နှယ်နှင့်တိုင်းဒေသကြီးရှိ ၂၀၃ မြို့နယ်တွင် ဆက်သွယ်ရေးပြတ်တောက်မှုအကြိမ်ရေ ၄၆၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာအင်တာနက်ပရောဂျက်-MIP ကလည်း ဆက်သွယ်ရေးပြတ်တောက်မှုသည် ဒေသတွင်းကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများ ဆုံးရှုံးခြင်းတို့ကို တွေ့ကြုံစေသည်ဟု ၎င်းတို့၏ ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။