နိုဝင်ဘာ၂၉ ရက် ၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီမှလက်နက်ကြီး ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၂၇ ရက်နေ့ တွင် ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသား ကာကွယ် ရေးတပ်(KNDF)၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုလို ဖယ်ခုံမြို့နယ်၊ ကုန်းပေါကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အဆိုပါရွာ၌ စစ်ဘေးရှောင်နေထိုင်ရာ နေရာများသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး လသားအရွယ်ကလေးငယ်တစ်ဦး နှင့် အသက်တစ်နှစ်ကျော်ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့သည်ဟု KNDF တာဝန်ရှိသူက ယခုလို ပြောသည်။
“စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ကုန်းပေါကျေးရွာမှာရှိတဲ့ စစ်ရှောင်တွေထိခိုက် သေဆုံးတယ် ၆ ဦး၊ အဲ့ဒီအထဲမှာမှ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးလည်း သေဆုံးသွားတယ်” ဟု ၎င်းက နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အဆိုပါလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကုန်းပေါရွာမတွင် အသက်တစ်လကျော်အရွယ် မအဲလိစတာ၊ အသက် တစ်နှစ်ကျော်အရွယ် မမေသဇင်ဦးနှင့် မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မအေဘလင်းတို့အပြင် ရွှေစမ်းရွာမှ အသက် (၄၀) အရွယ် ဦးလူရယ်၊ ပေါ်ဦးရွာမှ အသက် (၁၄) နှစ်အရွယ် မအေးမြတ်သူ၊ သစ်ယာကုန်းရွာက အသက် (၃၀) အရွယ် ဒေါ်မာရိယာတို့သည်လည်း လက်နက်ကြီးထိမှန်ခဲ့ပြီး သေဆုံးခဲ့သည်ဟု KNDF က ပြောသည်။
ဖယ်ခုံမြို့သို့ စစ်ကောင်စီပူးပေါင်းအဖွဲ့များမှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ပူချယ်ကျေးရွာမှ ကောက်ရိတ်သိမ်းပြီး ပြန်လာသည့်ဒေသခံနှစ်ရာခန့်ကိုလည်း စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိ ဖမ်းဆီး ထားခဲ့ပြီး ယနေ့အချိန်ထိ ပြန်လွတ်ခြင်းမရှိသေးကြောင်း KNDF မှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
ယခုလို စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ သေဆုံးသူ ၂၆၈ ဦးအထိရှိခဲ့ပြီး ၎င်းတို့အထဲတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ၁၃၇ ဦး သေဆုံးခဲ့သည်ဟု ညဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ထားချက်များအရ သိရသည်။