မြတ်နိုးစရာ ကရင်တို့၏ ချည်ဖြူဖွဲ့ မင်္ဂလာ
(ဩဂုတ် ၈ ရက် ၊ ၂၀၂၄ ) ကေအိုင်စီ
“… ချည်ဖြူဖွဲ့မဏ္ဍပ်တကာ
လှည့်လည်ကာ ငါရှာနေတယ်
ဘယ်ရင်ခွင် ဘယ်ဆီဘယ်နား
နင် နားခိုအိပ်စက်နေပြီလည်း
ချည်ဖြူပွဲတစ်ကျော့ပြန်
ရိုးရာမှန် ထိန်းသိမ်းဖို့ မမေ့နဲ့နော်။…”
အထက်ပါ ကဗျာစာစုကို လွန်ခဲ့သော ၁၃ နှစ်က ကဗျာဆရာ အလင်္ကာဒီပ ရေးဖွဲ့ခဲ့သည့် “ချည်ဖြူဖွဲ့ အမီပြန်ခဲ့ပါ” ကဗျာထဲမှ ကဗျာစာပိုဒ်တစ်ပိုဒ်ဖြစ်ပြီး ကရင်တို့၏ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာကို စုစည်းညီညွတ်စွာ မြတ်နိုး တန်ဖိုးထား ထိန်းသိမ်းရန် အလွမ်း၊ အဆွေး ရသမြောက် ရေးဖွဲ့ထားသည်။
ယခု ဝါခေါင်လသည် ကရင်တို့ကို ဘိုးဘွားတို့မှ လက်ဆင့်ကမ်းထားပေးခဲ့သည့် ရှေးရိုးရာဓလေ့ တစ်ခုဖြစ်သည့် ချည်ဖြူဖွဲ့ မင်္ဂလာ၊ တနည်း လက်ချည်ပွဲများပြုလုပ်လေ့ရှိသည့် အချိန်သို့ ရောက်ရှိလာပြီး ဖြစ်သည်။ ကရင်တို့ ပျံ့နှံ့နေထိုင်ရာ အရပ်ဒေသအသီးသီးတွင် မိသားစုအလိုက် လက်ချည်ခြင်း၊ စုပေါင်း လက်ချည်ခြင်းများ လုပ်လေ့ ရှိသည့် အချိန်အခါဖြစ်သည်။
လက်ချည်ပွဲ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း
ကရင်လူမျိုးတို့သည် တရုတ်နိုင်ငံ၊ တိဗက်ကုန်းပြင်မြင့် ရေကြည်ရာ၊ မြက်နုရာ အရပ်ဒေသသို့ ဆင်းသက်လာရာ ကနဦးတွင် တစ်အုပ်စုတည်း ဖြစ်သည်။ နောက်ပိုင်းတွင် မြစ်ဝှမ်းဒေသများသို့ အုပ်စုများ ခွဲထွက်ရွှေ့ပြောင်း ခဲ့သည်။
ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်တချိန် ပြန်လည်တွေ့ဆုံရာတွင်သော်လည်းကောင်း၊ တအုပ်စုနှင့်တအုပ်စု ဆုံတွေ့ကြသည့်အခါတွင်လည်းကောင်း အချင်းချင်းသိရှိမှတ်သားနိုင်ရန် လက်၌ချည်ဖြူများ ချည်နှောင်ထားပြီး အမှတ်အသား ပြုခဲ့ကြသည်။ ထိုသို့ လက်တွင် ချည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထားရာမှ မျက်မှောက်တွင် လက်ချည် မင်္ဂလာပြုခြင်းတည်ရှိလာသည်ဟု ကရင့်ဘုန်းတော်ကြီးများ၊ အမျိုးသားရေး စာရေးဆရာ သုတေသီ တို့က တညီတညွတ်တည်း ပြောသည်။
ထို့အပြင် ရှေးယခင်က ကရင်တို့သည် တောင်ယာနှင့် လယ်ယာကို အဓိကထား လုပ်ကိုင်ခဲ့ပြီး မိုးဦးကျချိန် တောင် ယာလုပ်ငန်းခွင်အသီးသီး ဝင်ကြသည့်အတွက် တွေ့ဆုံရန်မလွယ်ကူခဲ့။ တောင်ယာ စိုက်ပျိုးပြီးချိန် ဝါခေါင်လတွင် ခေတ္တ အားလပ်ချိန် အချင်းချင်းတွေ့ဆုံရန် အခြေအနေပေးခြင်း၊ ဝါခေါင်လသည် မိုးများသည့်အတွက် အအေး ဓာတ် လွန်ကဲပြီး နာမကျန်းဖြစ်ခြင်းမှ ကင်းဝေးစေရန်ဘိုးဘွားတို့က ဆုတောင်းပေးခြင်းစသည်တို့ကြောင့် လက်ချည်ခြင်းကို ဝါခေါင်လအတွင်း ရွေးချယ် ပြုလုပ်လေ့ရှိခြင်း ဖြစ်သည်။
လက်ချည်ခြင်း ပြုလုပ်သည့် အလေ့အထများ
ကရင်ရိုးရာ လက်ချည်ခြင်းကို ပိုးကရင်စကားဖြင့် “ခိုင်စူး” ဟုခေါ်သည်။ “ခိုင်” မှာမင်္ဂလာပြု သောခြည်ဖွဲ့နှောင် ခြင်း ဖြစ်ပြီး “စူး” မှာလက်ကို ခေါ်ခြင်းဖြစ်သည်။ ချည်ဖြူဖြင့် လက်ကို ရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဟု အဓိပ္ပါယ် တွင်သည်။
ယင်းတို့မှာ… (၁) လိပ်ပြာခေါ်လက်ချည်ခြင်း (လာဟှာခါင်စူး)၊ (၂) ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း (အှ်ဃှုက် တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ဝါခေါင်လ လက်ချည်ခြင်း (လာခုဂ်ခါင်စူး) တို့ဖြစ်သည်။ လက်ချည်ရာတွင် ဒေသ၊ ပတ်ဝန်းကျင်ကို လိုက်၍ ပြုလုပ်ပုံ၊ ပြုလုပ်နည်း အနည်းငယ် ကွာသည်ခြားတတ်သော်လည်း ရည်ရွယ် ချက်၊ အနှစ်သာရမှာမူ အတူတူပင်ဖြစ်သည်။ ထို့အပြင် ယခင်က ရိုးရာကုထုံးများအတွက် လက်ချည်ခြင်းဓလေ့ ရှိခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင်မူ တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။
လက်ချည်ရာတွင် ပါဝင်လေ့ရှိသည့် ပစ္စည်းများ
ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိပြီး ၎င်းတို့မှာ ဆန်ကော၊ ယောက်မ၊ ချည်ဖြူ၊ ကြံ၊ ငှက်ပျောသီး၊ ထမင်းဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန်၊ နတ်ပန်းညို(ဖဝ့်ဝီ)၊ ရေ စသည်တို့ ဖြစ်ပါသည်။ အဆိုပါ ပစ္စည်းများထဲတွင် ဆန်ကောသည် ဝါးဖြင့် ပြုလုပ်ရပြီး ရှေးယခင်က ဝါးကို အဓိကထားအသုံးပြုသည့် အတွက် ဝါးဖြင့် ယက်လုပ်ခြင်းလက်မှုပညာကို လက်ဆင့်ကမ်းရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယောက်မ အနက်မှာ ပူလောင်ခြင်းဒဏ်ကို ခံနိုင်သည့်အတွက် တစ်ဦးနှင့်တစ်ဦးစိတ်လွဲမှားမှုမျိုးမရှိဘဲ အေးချမ်းစွာ ညှိနှိုင်း တိုင်ပင်ပြောဆိုကြရန်အတွက် ရည်ညွှန်းထားသည်။ ထို့အပြင် ချည်ဖြူသည် ဝါဂွမ်းစေ့တစ်လုံးချင်း စုစည်း ကာ ဂွမ်းကို ကျစ်ထားခြင်းဖြစ်သည့်အတွက် ကရင်တို့ချည်ဖြူကဲ့သို့ ကျစ်လစ်ခိုင်မြဲရမည်ဖြစ်သလို ဖြူစင် သန့်ရှင်းခြင်း သရုပ်ကိုဆောင်သည်။
လက်ချည်ရာတွင် ပါဝင်သည့် ကြံ၏ အနက်အဓိပ္ပါယ်မှာ ကြံပင်သည် အပွင့်အသီးမှ စိုက်ပျိုး၊ မျိုးပွားရခြင်း မဟုတ် သလို ပင်စည်မှ အမြစ်တွယ်အပင် ခြင်းဖြစ်သည်။ အရင်းမှ ခုတ်သော်လည်း ကျန်သည့် အပင်ငုတ်မှ အပင်သစ် ဖြစ် ကြီးထွားပွားများလာနိုင်သည်။ အဆစ်တိုင်း အမြစ်ပေါက်ရှင်သန်နိုင်မှု စသည့်ထူးခြားမှုရှိသလို အခြားသော ဝိသေသတစ်ခုမှာ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီစုံအစဉ်ချိုမြိန်သည့် အရသာကို ပေးစွမ်း သည့် အတွက်ကြောင့်ဖြစ်သည်။
အခြားပါဝင် ပစ္စည်းတစ်ခုမှာ ငှက်ပျောသီးဖြစ်သည်။ ငှက်ပျောပင်၏ထူးခြားမှုမှာ ပင်စည်ကို ဖေါက်၍ ပင်စည်ထိပ် ဖျားမှ ငှက်ပျောဖူး ကျသည်။ အဖူးမှ အဖီးလိုက် ပြူထွက်သည်၊ အဖီးနှင့် အသီးများသည် စည်းကမ်းတကျစီတန်း ကြီးရင့်လာသည်။ ငှက်ပျောတစ်ပင်သည် တစ်ကြိမ်သာသီးသည်။ အရင်းအထိ ခုတ်ပိုင်းဖျက်ဆီးသော်လည်း အချိန် တန်လျှင် အပင်ငယ်များ ပြန်ပေါ်လာစမြဲ။ ထို့ကြောင့် ငှက်ပျောသီး၏ ထူးခြားသည့် ဂုဏ်ပုဒ်ကဲ့သို့ စုစည်းညီညာ သစ္စာခိုင်မြဲပြီး စည်းကမ်းတကျ သားသမီးမြေးမြစ်များဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ထို့အပြင် လက်ချည်ရာတွင် ပါဝင်သည့် ထမင်းဆုပ်မှာ ထမင်းကို မူလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လစ်လစ် ဆုပ်၍ တဆုပ်ခြင်းထားပါက အလွယ်တကူ ပျက်စီးခြင်း၊ ပုပ်သိုးခြင်း၊ မဖြစ်ပေါ်နိုင်ချေ။ မပုပ်မသိုး မပျက်စီးရန် အတွက် ထမင်းဆုပ်ကဲ့သို့ကျစ်လစ်စုစည်းပါရန် ရည်ရွယ် ခြင်းဖြစ်သည်။ ထို့အပြင် ကောက်ညှင်းဖင်ချွန်ထုပ်သည် စည်းထားသဖြင့် ကျစ်လစ်စေးကပ်စုစည်းနေပြီး အချွန်အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက် ညှင်းဖင်ချွန်ကဲ့သို့ ကျစ်လစ်စုစည်းကာ ထူးချွန်ထက်မြက်သူဖြစ်အောင် ကျင့်ကြံအားထုတ်ရန် ဆိုလိုသည်။
ထို့အပြင် နတ်ပန်းညို(ဖဝ့်ဝီ)သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့ မဟုတ်။ ပန်း၏သဘာ၀အရ ရေလောင်း ပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရသည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍ ရုံဖွဲ့ မျိုးဆက်ပျံ့ပွားနိုင်ပြီး အတောသတ်မှု မရှိ။ ရေလောင်း ပေးနိုင်သရွေ့ နွေ၊ မိုး၊ ဆောင်း ရာသီပြည့် ရှင်သန်ကြီးထွားသည်။
ထိုကဲ့သို့ ကရင်လူမျိုးတို့သည် မိမိရောက်ရှိသည့် နေရာဒေသတွင် ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင် ထိန်းသိမ်းကာ မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။ လက်ချည်ရာတွင် ပါဝင်ပစ္စည်းဖြစ်သည့် ရေ၏ အနက်မှာ ရေကြည်အေးကဲ့သို့ သားသမီးမြေးမြစ်များ အေးမြကြည်လင်စေရန် အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်သည်။
အထက်ပါ အကြောင်းအရာတို့သည် လက်ချည်ခြင်း ရိုးရာဓလေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ လက်ချည်ခြင်း ပြု လေ့ရှိသည့် အလေ့အထများနှင့် လက်ချည်ရာတွင် အသုံးပြုသည့် ပါဝင်ပစ္စည်းများအကြေင်းကို အနှစ်ချုပ်ဖော် ပြထားခြင်းဖြစ်သည်။
ထို့အပြင် လက်ချည်ခြင်းရိုးရာဓလေ့သည် ဘာသာရေးအရ ဝတ်ပြုကိုးကွယ်ခြင်း မဟုတ်ဘဲ ရှေးကရင်ဘိုးဘွားတို့ ၏ မိမိတို့လူမျိုး မပျောက်ပျက်အောင် ထိန်းသိမ်းတက်ရန်ရည်ရွယ်ကာ မြတ်နိုးစရာ ဓလေ့ကို လက်ဆင့်ကမ်းပေးခြင်းဟု ဆိုနိုင်သည်။
“ဝါခေါင်လ လက်ချည်တာက လိပ်ပြာခေါ်တာပေါ့။ ဒါပေမဲ့လို့ ဘယ်လိုပဲ လိပ်ပြာခေါ်ခေါ် ဒါတွေက ရိုးရာဓလေ့ တခုအနေနဲ့ လုပ်တာလေ၊ ဘာသာရေးနဲ့ မဆိုင်ဘူးလေ၊ ကိုးကွယ်တာလည်း မဟုတ်ဘူး။ ပူဇော်တာလည်း မဟုတ် ဘူး” ဟု အမျိုးသားရေးစာပေများရေးသားနေသည့် အရှင်နန္ဒာစာရ(တောကျောင်း)က မိန့်ကြားသည်။
အလားတူ လက်ချည်ခြင်းသည် ဘာသာရေးအရ ပြုလုပ်ခြင်းမဟုတ်ဘဲ ကရင်တို့၏ ရိုးရာဓလေ့ တစ်ခုသာဖြစ် သည်ဟု မြင်ကြောင်း၊ တချို့က နတ်စားကရင်ဟု ခေါ်လေ့ရှိရာမှ နတ်စားကရင်တို့ လုပ်သည့်သဘောမျိုး ဖြစ်သွား တတ်ပြီး နတ်စားသည်ဆိုခြင်းထက် ရိုးရာပြုလုပ်သည်ဟု သုံးနှုန်းပါက ပိုကောင်းမည်ဟု မြင်ကြောင်း ပြည်တွင်းရှိ ခရစ်ယာန်နှစ်ခြင်း အသင်းအုပ်ဆရာတစ်ဦးက ပြောသည်။
“ဗဟုသုတ မကြွယ်ရင်တော့ ဘာသာရေးနဲ့ သွားရောတတ်တယ်။ နတ်တွေ ပူဇော်တာတို့ဘာတို့ သွားရောလိုက် ရင် ရှုပ်ထွေးစေတယ်။ နားမလည်ရင်တော့ ရှုပ်ထွေးစေတယ်” ဟု ၎င်းက မှတ်ချက်ပြုပြောသည်။
စင်စစ် လူမျိုးတစ်မျိုးတွင် စကား၊ စာပေ၊ ယဉ်ကျေးမှု အနုသုခုမ၊ ရိုးရာဓလေ့ စသည်တို့ အင်္ဂါရပ်များရှိကာ မထိန်း သိမ်းပါက လူမျိုးပျောက်ကွယ်နိုင်သည်ဟု ကရင်ဘိုးဘွားများက မိန့်မှာခဲ့ပြီးဖြစ်သည်။ မြတ်နိုးစရာ လက်ချည်ခြင်း ရိုးရာဓလေ့ကို မျိုးဆက်သစ်ကရင်လူငယ်တို့ ဆက်ထိန်းသိမ်းသွားရန် တိုက်တွန်းလိုသည်။
“…ယုံကြည် မယုံကြည်သည်ဖြစ်စေ
နေနိုင်ပါတယ်လေ
သို့ပေမယ့် သတိကိုးရာ
မိရိုးဖလာ ဓလေ့များပေမို့
ဆင်နွှဲလို့ စောင့်ရှောက်ရမှာ
နောင်လာမျိုးဆက်တွေအရေးမို့။
အမျိုးမှာ ရိုးရာသာ အဓိက
နိုးထလာခဲ့တော့ ပါပီမရေ
သပြေသီးမှည့်တွေ ကောက်ရအောင်
ရေဖောင်ဖောင် လှေတွေစီးကာ
ဝါဆိုပန်းချိုးထွက်ကြမယ်ကွဲ့
ချည်ဖြူဖွဲ့အမီလေး ပြန်လာခဲ့ပါတော့။”
အလင်္ကာဒီပ
×××××××××××