Home သတင်း သံတောင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်၍ အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ (၅)ဦးဒဏ်ရာရ

သံတောင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်၍ အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ (၅)ဦးဒဏ်ရာရ

652
Photo: CJ

ဧပြီလ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာတွင် ယမန်နေ့ ဧပြီလ(၆)ရက်နေ့ညပိုင်းက (၇)မိုင် စစ်ကောင်စီ တပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး(၁)ဦးသေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အဆိုပါကျေးရွာအနီးအနားတွင် ထိုနေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော လက်နက်ကြီး(၄)လုံးကျရောက်ပေါက်ကွဲ၍ ဒေသခံအဘွားအိုတစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ(၅)ဦးအနက် (၃)ဦးမှာ စိုးရိမ်ရသည့်အနေအထားရှိသည်ဟု သံတောင်မြို့ခံ တစ်ဦးက ပြောသည်။

၎င်းက “အဲ့အဘွားက ရွာကြီးကိုသွားတဲ့လမ်းကနေ ပြန်လာတာ သူ့ရှေ့တည့်တည့်ကို လက်နက်ကြီးကျတော့ ပွဲချင်းပြီးဆုံးတယ်။ ဒဏ်ရာရတဲ့ငါးယောက်မှာ အသက်မပြည့်သေးတဲ့ကောင်မလေးနှစ်ယောက်ပါတယ်။ စိုးရိမ်ရတယ်။ တိုက်ပွဲမဖြစ်ဘူး၊ တမင်ရည်ရွယ်ပြီး ရွာထဲကိုပစ်ချတာပါ။” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။

ယခုလက်ရှိတွင် အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို တောင်ငူဆေးရုံတွင် ဆေးကုသမှုခံယူနေရ ဆဲဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

Photo: CJ

ထို့အပြင် သံတောင်မြို့နယ် လိပ်သိုဒေသဘက်တွင်လည်း ပြီးခဲ့သည့် ဧပြီလ (၁)ရက်နေ့တွင် စစ်ကောင်စီ တပ်နှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ကျေးရွာအလိုက် ဒေသခံများ စစ်ဘေးတိမ်း ရှောင်နေရခြင်းများရှိသလို ယခုအခါ လိပ်သိုဒေသအတွင်း စစ်ဘေးရှောင်ဦးရေ သုံးထောင် ခန့်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

အလားတူ သံတောင်ကြီးမြို့မြောက်ပိုင်း ကျောက်တံခါးကျေးရွာအုပ်စုရှိ ကျေးရွာများတွင်လည်း စစ်တောင်း မြစ်အရှေ့ဘက်တစ်လျှောက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်လာသူ များပြားနေပြီး ၎င်းစစ်ဘေးရှောင်ပြည်သူများအတွက် အရေး ပေါ်စားနပ်ရိက္ခာလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။