Home သတင်း ဘီးလင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထပ်မံတိမ်းရှောင်နေရ

ဘီးလင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထပ်မံတိမ်းရှောင်နေရ

847

ဧပြီလ(၂၀)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလုံတောင်တွင် တပ်စွဲထားသော စစ် ကောင်စီတပ်က အလူးရွာသို့ ယမန့်နေ့ ဧပြီလ(၁၉) ရက်၊ နေ့လည်ပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထပ်မံစစ်ဘေးတိမ်းရှောင်နေရကြောင်း ဘီးလင်းမြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ(၁၂)ရက်နေ့က အလူးရွာငါးရွာရှိ အလူးလေးကျေးရွာတွင် ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားသည့်တိုက်ပွဲများ ငြိမ်သက်သွားပြီးနောက် ဒေသခံများ နေရပ်ပြန်နေ ထိုင်ကြသော်လည်း စစ်ကောင်စီမှ ယခုလို အကြောင်းမဲ့လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထပ်မံ၍ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

ဘီးလင်းမြို့ခံတစ်ဦးက “နေ့လည်(၁၁)နာရီဝန်းကျင်လောက်ကတည်းက နားလိုက် ပစ်လိုက်နဲ့ပစ်တာ ညအထိပစ်နေတုန်းပဲ။ အလူးရွာမှာ ကာကွယ်ရေး တပ်ဖွဲ့တွေလည်း မရှိပါဘူး။ အရင်ရက်ကဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာထားလို့ မဲပြီးပစ် တာလို့ ထင်တယ်။ လက်နက်ကြီးတွေက ရွာအနီးနား ပတ်ဝန်းကျင်ကို ကျတယ်။ ရွာခံတွေက ကြိုရှောင်လိုက်နိုင်လို့ ထိခိုက်မှုတော့မရှိဘူး။ အခုလည်း အားလုံး ရှောင်နေကြပြီ။” ဟု ကေအိုင်စီသို့ ပြောသည်။

အလူးကျေးရွာအတွင်းရှိ ဒေသခံများ၏နေအိမ်ပျက်စီးဆုံးရှုံးမှုအပါအဝင် ပစ်ခတ်မှုနှင့် သက်ဆိုင်သည့်အကြောင်းအရာများအား နယ်မြေခံတာဝန်ရှိသူများသို့ ဆက်သွယ်မေး မြန်းနိုင်ရန် ကေအိုင်စီ-ကရင်သတင်းဌာနက ကြိုးပမ်းလုပ်ဆောင်နေဆဲဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ(၁၂)ရက်နေ့က ဖြစ်ပွားခဲ့သော အလူးလေးရွာတိုက်ပွဲ တွင် လည်း ဝင်းပြန်ကျေးရွာရှိ စစ်ကောင်စီတပ်များက လက်နက်ကြီး ပစ်ကူတိုက်ခိုက်ခဲ့ သလို စစ်ကောင်စီတပ်က ရွာအတွင်းရှိ အရပ်သားနေ အိမ်(၄)လုံးကိုလည်း မီးရှို့ဖျက် ဆီးခဲ့သေးသည်။

ထို့အတူ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့)ကလည်း ဘီးလင်းမြို့နယ် တောင်ကြီး ကျေးရွာနှင့် တောင်စွန်းကျေးရွာတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသောကြောင့် အသက် (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ(၄)ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။