Home သတင်း ကျိုက်ကော်ရဲစခန်း ဝင်ရောက်ပစ်ခတ်မှုတွင် ၆ ဦးသေဆုံးခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

ကျိုက်ကော်ရဲစခန်း ဝင်ရောက်ပစ်ခတ်မှုတွင် ၆ ဦးသေဆုံးခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

591
Photo: Crd.

ဧပြီလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ သထုံခရိုင်ရှိ ကျိုက်ကော်(သိမ်ဆိပ်)ရဲစခန်းကို ယနေ့ ဧပြီလ ၁၇ရက်နေ့ နံနက်တွင် ဝင်ရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

ယနေ့နံနက် ၁၀နာရီ ၁၅မိနစ်တွင် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ဦးဆောင်၍ Hawk Revolutionary Squad-HRSနှင့် တပ်မဟာ-၁ ၊ တပ်ရင်း-၂၊ တပ်ခွဲ-၃ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “အနီးအနားပတ်ဝန်းကျင်စုံစမ်းသိရှိအရ နောက်ဆုံးကြားတဲ့သတင်းက ၆ယောက်သေဆုံးတယ်။ လက်နက်ငယ်တွေနဲ့အရှေ့ကဂိတ်မှာ ၃ ယောက်က ကျနော်တို့ ရဲဘော်က လက်နက်ငယ်နဲ့ပစ်တယ်။ ကျနော်တို့ဘက်ပစ်တာ ၄၀ မမက သူတို့စခန်းမှာ ၅လုံးကွဲတယ်။ အမှတ်(၉)စစ်တပ်ကို ဒရုန်းနဲ့ပစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကျိုက်ကော်(သိမ်ဆိပ်)ရဲစခန်းဝင်ရောက်ပစ်ခတ်ရသည့် ရည်ရွယ်ချက်မှာ မြို့တွင်းရှိ စစ်ကောင်စီတပ်များကို အချိန်မရွေးဝင်ရောက်ပစ်ခတ်နိုင်ကြောင်းကို ပြသလိုခြင်းဖြစ်သည်ဟုလည်း အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ဆက်ပြောသည်။

“သူတို့(စကစ)စိတ်ထဲမှာမြို့မှာ လုံခြုံပြီးလို့ သူတို့ခံယူတယ်။ မြို့ထဲမ‌ရောက်နိုင်ဘူးလို့ သူတို့ထင်တယ်။ အဓိက‌တော့ သထုံမြို့‌ပေါ့။ သထုံမြို့ဆို စစ်တပ်‌တွေဝိုင်း‌ ‌နေတယ်။ သူတို့လည်း အင်အားချိနဲ့နေပြီး မြို့ထဲဝင်ချင်ရင်ကျနော်တို့အချိန်မ‌ ရွေးဝင်နိုင်တယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ရဲစခန်းဝင်ရောက်တိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွားနိုင်သည်ဟု ‌ပြည်သူတော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုထားပြီး ထိခိုက်ကျဆုံးမှု အခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးသန့်အတည်ပြုချက်မရရှိသေးပေ။