Home သတင်း စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားသည့် ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီက လောင်းကစားဝိုင်းများဖွင့်လှစ်ပြီး ငွေကြေးကောက်ခံနေ

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားသည့် ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီက လောင်းကစားဝိုင်းများဖွင့်လှစ်ပြီး ငွေကြေးကောက်ခံနေ

715

မတ်လ ၂၂ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်အုပ်ချုပ်ရေးအမိန့် (မာရှယ်လော)အဖြစ် ထုတ်ပြန် ထားသော်လည်း လက်ရှိ မြို့ပေါ်ရပ်ကွက်များတွင် လောင်းကစားဝိုင်းအမျိုးမျိုးဖြင့် ၂၄ နာရီလုံး ကစား နိုင်အောင် စစ်ကောင်စီတာဝန်ရှိသူများက ဖွင့်လှစ်ပြီး ငွေကြေးကောက်ခံနေသည်ဟု မြို့ခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ရှိ သင်္ချိုင်းကုန်းအနီး “အောင်” ဟိုတယ်အနောက်ဘက်တွင် ကြက်ဝိုင်း၊ ဖဲဝိုင်းနှင့် အနီထောင် လောင်းကစားဝိုင်းအမျိုးမျိုး ဖွင့်လှစ်ထားသည့်အပြင် အဆိုပါနေရာတွင် မူးယစ် ဆေးပြားများပါ လွယ်လွယ်ကူကူဖြင့် ဝယ်ယူသုံးစွဲလာနိုင်သည်ဟု အမည်မဖေါ်လိုသူ မြို့ခံလူထု တစ်ဦးက မတ်လ ၂၀ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

“ အနီထောင် ၅ ဝိုင်းရှိတယ်။ တစ်ဝိုင်းစာကို တစ်ရက် ၁ သိန်း ၃ သောင်းကျပ်ပေးရတယ်။ ဖဲဝိုင်း ရော၊ ကြက်ဝိုင်းရော ဖွင့်ထားတယ်။ စစ်တပ်တွေရော၊ BGF နယ်ခြားစောင့်တပ်တွေရော ပေါင်းပြီးလုပ်တာပါ။ သူတို့ ဝေစုပြန်ခွဲတယ်။ အဲ့ဒီမှာက မြင်းဆေးတွေပါ ဝယ်ယူလို့ရနေတယ်။ လောင်းကစားဝိုင်းအနီး မီးသတ်ဦးစီးရုံးနား တစ်ဝိုက်မှာ ရဲနဲ့စစ်တပ်က လုံခြုံရေး အစောင့်ထားထားတယ်” ဟု မြို့ခံ လူထုတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မာရှယ်လောအမိန့် ထုတ်ပြန်ထားသည့်အပေါ် မြို့ခံလူထုများအနေဖြင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း နေအိမ်တွင်း၌သာ နေထိုင်ကြရပြီး အပြင်ထွက်သွားလာတွေ့ရှိပါက မြို့စောင့် လုံခြုံရေး တပ်ဖွဲ့များက သေနတ်ဖြင့်လှမ်းပစ်ခတ်သည့်အပြင် ထောင်ဒဏ်များပါ အပြစ်ပေး အရေးယူခံနေရသည်။ သို့သော်လည်း ၎င်းတို့ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းတွင်မူ ၂၄ နာရီလုံး လူတန်းစားအလွှာပေါင်းစုံ လာရောက်ကစားနေကြပြီး လုံခြုံရေးများပါ ထားရှိပေးထားသည်ဟု ဒေသခံလူထုများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လောင်းကစားဝိုင်းများအား စတင်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီက ကြာအင်းဆိပ်ကြီးမြို့နယ်အား မာရှယ်လောအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ထိုလောင်းကစားဝိုင်းများတွင် လာရောက်ကစားသူများဖြင့် ပိုမိုစည်ကားလာပြီး ဆေးသမားများနှင့် ခိုးဆိုးလုယက်မှုများလည်း များလာသည်ဟု မြို့ခံလူထုများထံမှ သိရသည်။