Home ဆောင်းပါး တစ်ရံရောအခါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ

တစ်ရံရောအခါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ

1025
နေဝင်းချောင်း ဖြတ်စဉ်

တစ်ရံရောအခါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ

ဒဿန (မြစ်ဝကျွန်းပေါ်)

(ဇွန် ၁၄၊ ၂၀၂၂)

(၁)
၁၉၄၈ခုနှစ်၊ ဇွန်လ(၄)ရက်နေ့တွင် နု-အက်တလီစာချုပ်အရ ဗမာပြည်လွတ်လပ်ရေးရခဲ့သည်။ လွတ်လပ်ရေးရပြီး (၈၃)ရက် အလွန်မှာပဲ ပထမဦးဆုံးပြည်တွင်းစစ်ကြီး စတင်ဖြစ်ပေါ်ခဲ့သည်။ နု-အက်တလီစာချုပ်ကြောင့် ရရှိခဲ့သည့် လွတ်လပ် ရေးအပေါ် ဗမာပြည်ကွန်မြူနစ်ပါတီက လွတ်လပ်ပေမယ့် ကာကွယ်ရေး၊ နိုင်ငံခြားရေးတွေမှာ ကိုလိုနီနှောင်ကြိုးတွေ တည်းထားခြင်းခံနေရသဖြင့် နယ်ချဲ့အရင်းအနှီးများ သိမ်းပိုက်ရေး၊ အင်္ဂလိပ်ကို လျော်ကြေးမပေးရေး၊ ဗြိတိသျှစစ်မစ်ရှင်များကို လက်မခံရေး တောင်းဆိုခဲ့သည်။ ဆိုရှယ်လစ်ပါတီကတော့ တင်းပြည့်ကျပ်ပြည့် လွတ်လပ်ရေးအဖြစ် ရှုမြင်ခဲ့ရာ ဗမာပြည်ကွန် မြူနစ်ပါတီနှင့် ဆိုရှယ်လစ်ပါတီတို့ ပဋိပက္ခဖြစ်ပွားခဲ့သည်။

ဆိုရှယ်လစ်ပါတီခေါင်းဆောင် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် ၁၉၄၈ ခုနှစ် မတ်လ(၂၈)ရက် ဖက်ဆစ်တော်လှန် ရေးနေ့ အထိမ်းအမှတ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်များ လူစုံနေဆဲအချိန် မတ်လ(၂၈)ရက်ည သန်းခေါင်တွင် ကွန်မြူနစ်လူဖမ်းပွဲကြီး စတင်ခဲ့သည်။ ကွန်မြူနစ်ပါတီဌာနချုပ်ရုံးကို ဝိုင်းပြီး တက်ဖမ်းချိန် သနက-ဗမာ့သေနတ်ကိုင်တပ်ရင်း (၁)မှ ဗိုလ်သက်ထွန်း၏ ကြိုတင် သတင်းပေးချက်အရ ကွန်မြူနစ်ပါတီခေါင်းဆောင်များ လက်မတင်ကလေး ရှောင်တိမ်းနိုင်ခဲ့ ကြသည်။ ဤသို့ဖြင့် ၁၉၄၈ခုနှစ်၊ မတ်လ(၂၈)ရက်နေ့မှစပြီး ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ရေး စတင်ပေါ် ပေါက်ခဲ့သည်။

မှတ်ချက်
၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလမှာ သခင်ဗသိန်းတင်ကို ဗိုလ်နေဝင်းပြောတာက “အဲ့ဒီတုန်းက ဦးကျော်ငြိမ်းက ကွန်မြူနစ်ပါတီဌာနချုပ် အပေါ်ထပ်မှာ တပ်ရင်းတစ်ရင်း လူ၊ လက်နက် အပြည့်အစုံနဲ့ ပုန်ကန်ရန် အသင့်ဖြစ်နေလို့ လက်ဦးမှု ရှိရှိ တစ်ပြည်လုံးမှာ ဖမ်းဆီးရတာဖြစ်တဲ့အကြောင်း” ပြောတော့ – “ကိုကျော်ငြိမ်းရာ အဲ့ဒီ ကွန်မြူနစ်ပါတီ ဌာနချုပ်ရှိရာ တိုက် ဟာ အရင် အပေါင်ဆိုင်ဖြစ်ဖူးပါတယ်။ ဘယ့်နှယ်လုပ်ပြီး တပ်ရင်းတစ်ရင်း နေလို့ရမှာလဲ”လို့ ပြန်ပြောခဲ့ကြောင်း ဖော်ထုတ် ဝန်ခံသွားခဲ့တယ်။

၁၉၄၇ခုနှစ်၊ ဇွန်လ(၁၆)ရက် တိုင်းပြုပြည်ပြုလွှတ်တော်တွင် အနာဂတ်ပြည်ထောင်စု ဖွဲ့စည်းပုံကို
(က) လွတ်လပ်သောနိုင်ငံ
(ခ) အချုပ်အခြာ အာဏာပိုင်နိုင်ငံ
(ဂ) ဒီမိုကရေစီနိုင်ငံ
(ဃ) ပြည်ထောင်စုနိုင်ငံ ဟူ၍ အခြေခံမူ (၄)ချက် ချမှတ်ခဲ့သည်။

၁၉၄၇ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် အတည်ပြုခဲ့သည့် အခြေခံဥပဒေသည် ပြည်ထောင်စုကို မျှော်မှန်းခဲ့ သော်လည်း တစ်ပြည်ထောင်စနစ်သို့ ရောက်ခဲ့ကြောင်း အခြေခံဥပဒေရေးဆွဲသူ ဦးချန်ထွန်းကိုယ်တိုင် ဝန်ခံခဲ့ကြောင်း ရန်ကုန် တက္ကသိုလ် ရာဇဝင်ပါမောက္ခ ဟူးတင်ကာ ရေးသည့် (Union of Burma)စာအုပ်၊ စာမျက်နှာ(၃၀)တွင် ရေးသားဖော်ပြခဲ့သည်။

(၂)
၁၉၄၇ခုနှစ် အခြေခံဥပဒေ အားနည်းမှုကြောင့် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် KNU ဦးဆောင်သည့် တစ် ပြည်လုံး ကရင်လူထုအင်အား ၄၅၄,၁၀၀ ဆန္ဒဖော်ထုတ်ပွဲ ပေါ်ပေါက်ခဲ့သည်။ ကရင်တိုင်းရင်းသားတို့၏ ငြိမ်းချမ်းစွာ ဒီမိုကရေစီ တောင်းဆိုမှုကို ဖဆပလအစိုးရမှ စစ်ရေးဖြင့် ဖြေရှင်းခဲ့ရာ ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကရင်လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်ခဲ့သည်။

၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက် နံနက်(၆)နာရီ သမိုင်းလမ်းဆုံမှ ဖဆပလတပ်များသည် သမိုင်း-ခဝဲခြံကို စတင်တိုက် ခိုက်ကြသည်။ ခဝဲခြံမှ KNDO တပ်များကလည်း ခုခံတိုက်ခိုက်ကြသည်။ မင်္ဂလာဒုံရှိ ဗိုလ်မှူးစောအောင်စိန် ဦးစီးသောအမြှောက် တပ်နှင့် မင်္ဂလာဒုံ အချက်ပြ ဆက်သွယ်ရေးတပ်မှ တပ်မှူးတပ်သားများလည်း ကရင်အမြှောက်တပ်နှင့် ပူးပေါင်းပြီး အင်းစိန်သို့ လာကြသည်။ ဖဆပလတပ်၏ တိုက်ခိုက်မှုကြောင့် ခဝဲခြံနှင့် သမိုင်းရှိ ကရင်အရပ်သူအရပ်သားများ အင်းစိန်သို့ ပြောင်းရွှေ့လာ ကြသည်။

အင်းစိန်တွင် ကရင်လက်နက်ကိုင် အင်အား (၁,၀၀၀)ခန့်စုမိပြီး ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ (၃၁) နံနက်(၈)နာရီတွင် အင်း စိန်မြို့ကို KNDO တို့ သိမ်းပိုက်ခဲ့သည်။ တွံတေးမြို့ကိုလည်း KNDO တို့ သိမ်းပိုက်ထားပြန်ရာ ရန်ကုန်မြို့သည် ဆက်သွယ်ရေး၊ ကုန်းလမ်းရေလမ်း ပြတ်တောက်ကာ ဖဆပလ အစိုးရအား နိုင်ငံတကာမှ (၇)မိုင်အစိုးရဟုပင် ခေါ်ဆိုခဲ့သည်။ အင်းစိန်တိုက်ပွဲ ပြင်းထန်နေချိန် ဖဆပလ အစိုးရမှ KNDO တို့အား တိုက်ခိုက်ရာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် စေ့စပ်ရာ မအောင်မြင်သဖြင့် KNDO ဘက်သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် စကားကမ်းလှမ်းခဲ့သည်။

KNDO တို့အား စည်းရုံးရန် အင်္ဂလိပ်သံအမတ် Mr. Boker, အိန္ဒိယသံအမတ်ကြီး Dr. Raus, ပါကစ္စတန်သံအမတ်ကြီး Mr.D Ali, အင်္ဂလန်ဂိုဏ်းချုပ်ကြီး BISHOP WEST, ဒေါက်တာစံစီဖိုး သမီး မစ္စဘမောင်ချိန်တို့ကို ချည်းကပ်ပြီး ဦးနုမှ စောဘဦး ကြီးထံသို့ စကားကမ်းလှမ်းခဲ့သည်။

ဥက္ကဌကြီး စောဘဦးကြီးမှ ၁၉၄၉ ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် မန်းဂျိန်းထွန်းအောင်၊ စောဘဲလေတို့နှင့်အတူ ရန်ကုန်ရှိ ဖဆပလနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံဆွေးနွေးရာတွင် ဖဆပလအစိုးရမှ ဗြိတိသျှ-အိန္ဒိယ-ပါကစ္စတန်သံအမတ်များ BISHOP WEST, ဒေါက်တာစံစီဖိုးသမီး မစ္စဘမောင်ချိန်တို့၏ ဖိအားကြောင့် ကြိုတင်ပြင်ဆင်မှုမရှိဘဲ လာခဲ့ကြသည်။ စောဘဦး ကြီးနှင့်အဖွဲ့တို့လည်း ဆွေးနွေးစေ့စပ်ရေးမှ လက်နက်ချရေးသို့ရောက်ခဲ့သည်။ အင်းစိန်ပြန်ရောက်သည့်အခါ အင်းစိန်ရှိ ကရင် ခေါင်းဆောင်များဖြစ်ကြသော မန်းဘဇံ၊ ဗိုလ်ချုပ်စိုင်းကေ၊ စောဟန်တာသာမွှေး၊ ဗိုလ်မှူးစောအောင်စိန်တို့က လက်နက်ချရေး အစီအစဉ်ကို လက်မခံနိုင်သဖြင့် KNDO တာဝန်ခံ မန်းဘဇံကို ၁၉၄၉ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ဖဆပလနှင့် တွေ့ဆုံရန် ထပ်မံ စေလွှတ်ခဲ့သည်။

မန်းဘဇံမှ ဆာဘဦးနှင့် အရင်တွေ့ဆုံပြီး ခေါင်း‌ဆောင်များ လာရောက်ဆွေးနွေးခဲ့ခြင်းသည် လက်နက်ချဖို့မဟုတ်။ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲပြီး ကရင်အမျိုးသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည်နယ်အရေးကို KNU က တင်ပြ ထားပြီး ၎င်းကိုလက်ခံမှ ပြဿနာပြေလည်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆာဘဦးမှလည်း “အန်ကယ် ဘာမှမပြောလိုပါ။ အန်ကယ့်သဘောကိုပြောရရင် အန်ကယ်လည်း လည်ပင်းပြတ်သွားမယ်။”ဟု မန်းဘဇံအား ပြောခဲ့သည်။

(၃)
မန်းဘဇံက ဖဆပလ နိုင်ငံခြားရေးဝန်ကြီး ဦးအေးမောင်နှင့် သွားရောက်တွေ့ဆုံရာ ဦးအေးမောင်မှ “ခင်ဗျားတို့ ခေါင်း ဆောင်ကြီး စောဘဦးကြီးလက်ခံထားတာကို လက်မခံရင် ကျွန်တော်တို့ဘက်က တိုက်ရမှာပဲလို့ပြောရာ”
မန်းဘဇံမှလည်း “ကျွန်တော်တို့ခေါင်းဆောင်တွေ လာရောက်ဆွေးနွေးတာ လက်နက်ချဖို့ မဟုတ်ဘူး။ ပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်။ လက်နက်မချရင် ခင်ဗျားတို့က တိုက်မယ်ဆိုရင် ကျွန်တော်တို့ကလည်း ပြန်တိုက်ရုံပဲ”ဟု ပြန်ပြောခဲ့သည်။ ဦးနုနှင့် တွေ့ဆုံရာမှာလည်း ဦးနုနှင့် မစ္စဘမောင်ချိန်တို့က “စောဘဦးကြီး လက်မှတ်ထိုးပြီးတာကို မဖျက်သင့်ကြောင်း” မန်းဘဇံအား ပြောရာ မန်းဘဇံမှ “ဥက္ကဌကြီး စောဘဦးကြီး လက်မှတ်ထိုးတာကို ကျွန်တော်တို့လက်ခံရမယ်ဆိုရင် ကျွန်တော်တို့ လိုလားချက် တွေကို စွန့်လွှတ်ရတာနဲ့ အတူတူပဲ။ ဥက္ကဌကြီး စောဘဦးကြီးကို ကျွန်တော်တို့လေးစားတယ်။ ကျွန်တော်တို့ခေါင်းဆောင်တွေနဲ့ ပြန်ဆွေးနွေးပြီး အကြောင်းပြန်မယ်”ဟု ဆွေးနွေးပြီး အင်းစိန်ကို ပြန်လာခဲ့သည်။

အင်းစိန်ရှိ ခေါင်းဆောင်များ လက်မခံနိုင်သဖြင့် စောဟန်တာသာမွှေးနှင့် အင်းစိန်စစ်မြေပြင် စစ်ဆင်ရေးမှူး ဗိုလ်မှူး စောအောင်စိန်တို့မှ ဧပြီလ (၈)ရက်နေ့တွင် လက်မှတ်ရေးထိုးပြန်ကြားလိုက်ရာ ပထမအကြိမ် ဆွေးနွေးပွဲပျက်ပြီး အင်းစိန်တိုက် ပွဲလည်း ဆက်လက် ဖြစ်ပွားခဲ့သည်။

ပြည်တွင်းစစ်ကာလအတွင်း ဖဆပလ အစိုးရအား အင်္ဂလန်ဝန်ကြီးချုပ် ချာချီမှ အင်းတော်၊ အင်းလေး၊ အင်းမ၊ အင်း ယား စစ်ရေယာဉ်လေးစီး အကူအညီပေးခဲ့သည်။ အမေရိကန်သမ္မတ ထရူးမင်းမှလည်း ECA, TCA အကူအညီများ ပေးခဲ့သည်။ ဦးနု အကူအညီတောင်းခံမှုဖြင့် အိန္ဒိယဝန်ကြီးချုပ်နေရူး အကူအညီဖြင့် ရန်ကုန်သို့ သင်္ဘောနှစ်စီးရောက်လာပြီး သင်္ဘောအပေါ် ပိုင်းတွင် ဗောဓိပင်နှင့် ဓာတ်တော်များ တင်ဆောင်လာသည်ကိုပြပြီး သင်္ဘောအောက်တွင် လက်နက်မျိုးစုံကို သတင်းမှောင်ချယူ ဆောင်လာခဲ့သည်။

အင်းစိန်တိုက်ပွဲ စလျှင်စချင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းအား အနားပေး၍ ဗိုလ်နေဝင်းအား အစားထိုး ခန့်အပ်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်နေဝင်းသည် ဇူလိုင်၊ ဩဂုတ်လအတွင်း ပထမဆုံးစစ် မစ်ရှင်းအတွင်း အင်္ဂလန်၊ အမေရိကန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီး လက်နက်မျိုးစုံနှင့် (သံချပ်ကာ)ချိန်းပက်လက် အစီး(၂၀၀)အကူအညီ ရယူ ခဲ့ပြီး ပြည်တွင်းစစ်ကို စစ်ရှိန်မြင့် တိုက်ခိုက်ခဲ့သည်။

သခင်စိုး-သခင်ကိုယ်တော်မှိုင်း

KNU နှင့် KNDO တို့၏ ခုခံရေးစစ်သည် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်မှ မေလ (၂၂)ရက်နေ့အထိ ရက်ပေါင်း (၁၁၁)ရက်ကြာခဲ့ရာ (ခံစစ်သေ စစ်ရေးသည် သေတွင်းဖြစ်သည်) ဟူသော စစ်သေနင်္ဂဗျူဟာအရ မေလ (၂၂)ရက်နေ့ညတွင် အင်းစိန်၊ လှိုင်မြစ်ကိုဖြတ်ကူး၍ KNU / KNDO တို့ ဆုတ်ခွာခဲ့သည်။
၁၉၆၀ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လျှို့ဝှက်ကမ်းလှမ်းခဲ့ရာ KNU ပါတီမှ အောက်ပါကိုယ်စားလှယ်များဖြစ်သော –
(၁) ဗိုလ်ချုပ်ကော်ထူး(ဗိုလ်ချုပ်ကျော်မြသန်း)
(၂) စကောလယ်တော
(၃) ပဒိုဖိုးညော
(၄) ဗိုလ်ကျင်ဖေ
(၅) ဗိုလ်မြစိန် တို့ လာရောက်ခဲ့သည်။

(၄)
ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရမှ –
(၁) ဗိုလ်အောင်ကြီး
(၂) ဗိုလ်မောင်မောင်
(၃) ဗိုလ်မောင်ရွှေ တို့ပါဝင်ပြီး လေ့လာသူများအဖြစ် ဗိုလ်ဘဖြူ၊ ဗိုလ်စံကြည်၊ ဗိုလ်မောင်လွင်တို့ ပါဝင်ခဲ့သည်။

KNU ပါတီဘက်မှ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ကရင်ပြည်နယ်ကို တင်ပြတောင်းဆိုခဲ့ရာ အိမ်စောင့်အစိုး ရဘက်မှ ကရင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း ဆက်လက်တင်ပြရန်၊ ကရင်လက်နက်ကိုင်တပ်များနှင့်ပတ် သက်၍ လက်နက်ချရန် အိမ်စောင့်အစိုးရမှ တောင်းဆိုခဲ့သည်။

လေးကြိမ်တိတိ ဆွေးနွေးကြသော်လည်း မအောင်မြင်သဖြင့် ဒုတိယအကြိမ် ဆွေးနွေးပွဲ ပျက်ခဲ့သည်။
၁၉၄၇ခု၊ စက်တင်ဘာလ (၂၄)ရက် အခြေခံဥပဒေသည် တစ်ပြည်ထောင်စနစ်ဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုအ ချိန်က တိုင်းရင်းသားခေါင်းဆောင်အများစုသည် နိုင်ငံရေးတွင် အတွေ့အကြုံနုနယ်ခြင်း၊ ဗမာနိုင်ငံရေးခေါင်းဆောင်များအား ယုံကြည်မှုလွန်ကဲခြင်း၊ အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီးစ၊ လွတ်လပ်ရေးရပြီးစအချိန် အခြေခံဥပဒေ အခန်း(၁၁)တွင် လည်း နောင်ပြင်ဆင်ခွင့် ပါရှိနေခြင်းများကြောင့် နောင်ကာလတစ်ခုတွင် တိုင်းရင်းသားအချင်းချင်း ညှိနှိုင်းခြင်း‌ဖြင့် ပြဿနာ မပြေလည်စရာမရှိဟု မြင်ခဲ့သည်။

လွတ်လပ်ရေးရပြီး ၁၄နှစ်နှင့် ၂၀ရက်အ‌ရောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ၁၉၆၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်၊ ညနေ ၆နာရီ ရန်ကုန်မြို့၊ ပြည်လမ်းအသံလွှင့်ရုံတွင် ဖယ်ဒရယ်မူ ဆွေးနွေးပွဲကြီး ပေါ်ပေါက် ခဲ့သည်။ ၁၉၆၀ခုနှစ်ကတည်းက အာဏာသိမ်းရန်အကြံရှိနေခဲ့သော မြန်မာ့တပ်မတော်သည် ဖယ်ဒရယ်မူကို ပြည်ထောင်စု ပြိုကွဲ စေသည်ဟူသော အကြောင်းပြချက်ဖြင့် ၁၉၆၂ခုနှစ်၊ မတ်လ (၂)ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုင်းပြည်အာဏာကိုသိမ်းယူ ကြောင်း နံနက် ၈နာရီ ၂၅မိနစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်သို့ ကြေညာခဲ့သည်။

၁၉၆၃ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ တောတွင်းလက်နက်ကိုင်အဖွဲ့များသို့ ပြည်တွင်းငြိမ်းချမ်း ရေး ကမ်းလှမ်းရာ တောတွင်းအဖွဲ့အစည်း ကိုယ်စားလှယ်များ၏ အသွားအပြန်လုံခြုံရေးကို တာဝန်ယူမည့်အပြင် ဆွေးနွေးပွဲ မအောင်မြင်ပါက သွားလိုရာဒေသအထိ လိုက်ပို့ပေးရေး သုံးရက်အတွင်း ဖမ်းဆီးတိုက်ခိုက်ခြင်း မလုပ်ကြောင်း ဖော်ပြခဲ့သည်။ ၁.၁၀.၁၉၅၆ခုနှစ်၊ ပြည်ထဲရေးဌာနမှ ထုတ်ပြန်ထားသည့် ဆုငွေကြေညာချက် အမှတ်(၁)၊ ၂၃.၅.၁၉၆၁ ပြည်ထဲရေးဌာနမှ ထုတ် ပြန်ထားသည့် ဆုငွေကြေညာချက်အမှတ်(၂)တို့ကို ပြန်လည်ရုတ်သိမ်းခဲ့သည်။ ငြိမ်းချမ်းရေးအသံကို ပြန်ကြားလာရသဖြင့် ပြည်သူလူထုသာမက ဥပဒေတွင်း၊ ဥပဒေနိုင်ငံရေးအဖွဲ့အစည်းများကလည်း ကြိုဆိုထောက်ခံကြသည်။ ဥပဒေအတွင်း နိုင်ငံရေး အင်အားစုများက ငြိမ်းချမ်းရေးအောင်မြင်ရေးအတွက် အဖွဲ့အစည်းပေါင်း (၅၀)ကျော် ပါဝင်သည့် “ပြည်သူ့ကော်မတီ”ကို ဖွဲ့စည်း ခဲ့ကြသည်။

(၅)
တော်လှန်ရေးကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ် ၁၉၆၃ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့ အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်)၊ ဇွန်(၁၅)ရက်နေ့ KNU ပါတီ၊ ဇွန် (၂၂)ရက်နေ့ ဗမာပြည်ကွန်နမြူနစ်ပါတီတို့၏ ပြန်ကြားချက်များ ထွက်ပေါ်လာခဲ့ သည်။ ဇူလိုင်လ (၅)ရက်နေ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီတို့၏ ပြန်ကြားချက်များလည်း ထွက်ပေါ် လာခဲ့သည်။

တွေ့ဆုံဆွေးနွေးရေးအတွက် ဇွန်လ (၂၄)ရက်တွင် ရဲနီကျော်ဝင်း၊ ရဲနီမယ် ဒေါ်ငွေစာ၊ အလံနီရှေ့ပြေး ကိုယ်စားလှယ်အ ဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ရဲနီကျော်ဇံရွှီး ခေါင်းဆောင်သည့် ရခိုင်ပြည်ကွန်မြူနစ်ပါတီ စစ်တွေမှတစ်ဆင့် ရန်ကုန်သို့ ဇူလိုင် (၁၈)ရက်နေ့တွင် ရောက်ရှိခဲ့သည်။ ရဲနီကျော်ဇံရွှီးမှ လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး ပူးပေါင်းလိုက ပူးပေါင်း၊ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည့် ရခိုင်အမျိုးသားတပ်ပေါင်းစု ပါဝင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက် ရန် ရှင်းလင်းတင်ပြခဲ့သည်။

ဩဂုတ်လ (၁၀)ရက် အလံနီပါတီ အတွင်းရေးမှူးချုပ် သခင်စိုးဦးဆောင်သည့် အဖွဲ့ဝင်(၁၇)ဦး ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ သည်။ သခင်စိုးသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား သွားရောက် ဂါရဝပြုရာတွင် ငြိမ်းချမ်းရေးကို ရအောင်ယူမည်ဟု ကတိ ပေးခဲ့သည်။ ဆရာကြီးမှလည်း “ကြည့်လုပ်ကြကွ။ နိုင်ငံရေးဆိုတာ ဥပုသ်စောင့်တာ မဟုတ်ဘူး။”ဟု သခင်စိုးအား ပြောကြားခဲ့ သည်။ သခင်စိုးသည် ဩဂုတ်လ (၁၄)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး ပါတီစုံနှီးနှောဖလှယ်ပွဲကျင်းပရန်နှင့် ပြည် တွင်းစစ်ကို အနည်းဆုံး တစ်နှစ် ရပ်ဆိုင်းထားရန် တောင်းဆိုခဲ့သည်။

သခင်စိုးသည် တော်လှန်ရေးကောင်စီနှင့် ဩဂုတ်လ(၁၅-၁၆-၁၇) သုံးကြိမ်ဆွေးနွေးပြီး ငြိမ်းချမ်းရေးစာတမ်းတစ်စောင် ကိုလည်း တင်သွင်းခဲ့သည်။ ဩဂုတ်လ (၁၈)ရက်နေ့တွင် သခင်စိုးမှ တော်လှန်ရေးကောင်စီနှင့် ဆွေးနွေးပွဲအခြေအနေကောင်း ကြောင်း ထုတ်ဖော်ပြောကြားစဉ် တော်လှန်ရေးကောင်စီမှ အလံနီကွန်မြူနစ်ပါတီနှင့် ဆွေးနွေးပွဲရပ်စဲကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြီးနောက် သခင်စိုးဦးဆောင်ပြီး အလံနီပါတီ၏ တောတွင်းအစည်းအဝေးတစ်ခုတွင် အစိုးရ မှ တိုက်ခိုက်ခြင်းမပြုသည့်ရက်အတွင်း အသေခံငြိမ်းချမ်းရေးအဖွဲ့အဖြစ် ရဲနီကျော်ဝင်း၊ ရဲနီဒေါ်ညွန့်ကြည် ဦးဆောင်သည့် အဖွဲ့ ဝင် (၅)ဦးအား စေလွှတ်တာဝန်ပေးခဲ့သည်။ ၎င်းအဖွဲ့ဝင် (၅)ဦးစလုံးလည်း တော်လှန်ရေးကောင်စီမှ ပုဒ်မ(၅)ဖြင့် စစ်တွေထောင် ထဲတွင် အကျဉ်းချထားခဲ့ရာ (၇)နှစ်အကြာတွင် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

နောက်ထပ်ရောက်ရှိလာသော ဗိုလ်ကျင်ဖေ၊ စောမျိုးသွေး ဦးဆောင်သည့် KNU ပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီတို့ဖြစ်ကြပြီး ဇူလိုင်လ(၃၀)ရက်နေ့တွင် တော်လှန်ရေးကောင်စီနှင့် ဆွေးနွေးကြရာ သုံးပါတီမှ တင်ပြချက် မှာ-
(၁) တစ်ပြည်လုံးပစ်ခတ်မှု ရပ်ဆိုင်းထားရန်။ ပစ်ခတ်မှုရပ်စဲချိန်တွင် ပြည်သူများ လွတ်လပ်စွာ ရေးသားပြောဆို စုဝေးခွင့်ရှိရန်။
(၂) သွားလာဆက်သွယ်ရေး တော်လှန်ရေးကောင်စီမှ ကူညီရန်။
(၃) အပြန်အလှန် ဆွေးနွေးချက်များ အသံလွှင့်ပေးရန်။ သတင်းစာရှင်းလင်းခွင့်ပေးရန်။

(၆)
တော်လှန်ရေးကောင်စီမှ ပြန်လည်ဖြေကြားရာတွင်-
(၁) တစ်ပြည်လုံး တိုက်ခိုက်ရပ်ဆိုင်းမှု မဖြစ်နိုင်။ သုံးပါတီ နယ်မြေအတွင်း ဆွေးနွေးနေစဉ် တိုက်ခိုက်မှုရပ်စဲလျှင် လုံလောက် ကြောင်း။
(၂) သုံးပါတီဌာနချုပ်တစ်ဝိုက်သာ ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်ရန်။ အကူအညီတောင်းက ပေးနိုင်။
(၃) ဆွေးနွေးပွဲ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သဘောထားကြေညာချက် ထုတ်ခွင့်ပြုမည်။

ဩဂုတ်လ (၁၅)ရက်တွင် စောဟန်တာသာမွှေး၊ စောဝရီကျော်၊ ဗိုလ်ထရူးမင်း၊ ခွန်ဘဆွေ၊ စောဘထွန်း ဦးဆောင်သည့် ကရင်တော်လှန်ရေးကောင်စီ(KRC) ကျောက်ကြီးမှတဆင့် ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် ရောက်ရှိခဲ့သည်။

ဩဂုတ်လ (၂၈)ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမ ကိုယ်စားလှယ် ဗဟိုကော်မတီအတွင်းရေးမှူး ရဲဘော်ဌေး၊ ဗိုလ်ဇေယျ၊ ဗိုလ်ပု၊ ဗိုလ်စိုးမောင်၊ ရဲဘော်အောင်ကြီး၊ ရဲဘော်သက်တင် ရုံးအဖွဲ့ ရဲဘော်ခင်ကြီး၊ ရဲဘော်မင်းအောင်တို့ ရန်ကုန်မြို့ သို့ ရောက်ရှိခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား သွားရောက်ဂါရဝပြုပြီး ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော်ခဲ့သည်။ စက်တင်ဘာလ (၂)ရက်နေ့၊ ရန်ကုန်အသံလွှင့်ရုံတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထိုနေ့ည(၅)နာရီတွင် တော်လှန်ရေး ကောင်စီနှင့် ပဏာမ ပြင်ဆင်ရေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ပဏာမအစည်းအဝေးတွင် ရဲဘော်ဌေးမှ –
(၁) ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပနိုင်ရေး အကူအညီပေးရန်။
(၂) မဒညတ(အမျိုးသားဒီမိုကရေစီ ညီညွှတ်ရေးတပ်ပေါင်းစု) အစည်းအဝေး ကျင်းပနိုင်ရေး အကူအညီပေးရန်။
(၃) အတိုက်အခိုက် ရပ်စဲရေး။
(၄) အချို့တပ်စခန်းများ ရွေ့ပြောင်းပေးရေး စသည်တို့ကို တင်ပြခဲ့သည်။

စက်တင်ဘာလ (၈)ရက်နေ့၊ ရန်ကုန်မြို့ အင်းယားလမ်း ဧည့်ဂေဟာမှာ တော်လှန်ရေးကောင်စီနှင့် ဗမာပြည်ကွန်မြူနစ် ပါတီ ကိုယ်စားလှယ်တို့ ဒုတိယအကြိမ် ပဏာမပြင်ဆင်ရေး ကျင်းပရာ ပထမအကြိမ် ပဏာမပြင်ဆင်ရေးဆွေးနွေးပွဲမှ ဗမာပြည် ကွန်မြူနစ်ပါတီ တင်ပြခဲ့သည်များကို တော်လှန်ရေးကောင်စီမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁) ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပရေး ကူညီပေးမည်။
(၂) မဒညတ အစည်းအဝေး တစ်ခြားပါတီများ၏ (MANDATE) မပါဘဲ မဆွေးနွေးလို။
(၃) တစ်ပြည်လုံး ပစ်ခတ်ရပ်စဲရေး မဖြစ်နိုင်။
(၄) ကွန်မြူနစ်ပါတီနှင့် ပစ်ခတ်မှုရပ်စဲရေး ဖြစ်နိုင်။
(၅) တပ်များရွှေ့ပြောင်းရေး မဖြစ်နိုင်။

(၇)
စက်တင်ဘာ (၁၁)ရက်၊ (၁၃)ရက်၊ (၂၃)ရက်အထိ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တော်လှန်ရေးကောင်စီတို့ ပဏာမ ဆွေးနွေးမှုများ အပြန်အလှန်လိုက်လျောမှုများ ရှိခဲ့ကြောင်းတွေ့ရှိရသည်။ စက်တင်ဘာ (၂၉)ရက်နေ့တွင် KNU ပါတီ ဥက္ကဌ မန်းဘဇံ ဦးဆောင်သော သုံးပါတီကိုယ်စားလှယ် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ မန်းဘဇံ KNU ပါတီဥက္ကဌ၊ စကောလယ် တော၊ KNU ပါတီအတွင်းရေးမှူး ဗိုလ်ကျင်ဖေ၊ KNU ပါတီပေါ်လစ်ဗျူရိုဝင် ဗိုလ်သန်းအောင်၊ KNU ပါတီဗဟိုကော်မတီဝင် နိုင်ဘလွင်(မွန်ပြည်သစ်ပါတီဥက္ကဌ)၊ စောမော်ရယ်(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ)၊ ဗိုလ်စံလင်း ကရင်နီအမျိုး သားတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်တို့ ပါဝင်ကြသည်။ အောက်တိုဘာလ (၄)ရက်နေ့ အမှတ်(၁၄) အင်းယားလမ်းဧည့်ဂေ ဟာတွင် တော်လှန်ရေးကောင်စီနှင့် သုံးပါတီကိုယ်စားလှယ်တို့ ပဏာမဆွေးနွေးကြသည်။

တော်လှန်ရေးကောင်စီဘက်မှ ဗိုလ်ချူပ်ကြီးနေဝင်း၊ ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးသောင်း တန်၊ ဒုဗိုလ်မှူးကြီးချစ်ခင် တော်လှန်ရေးကောင်စီဘက်မှ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ သုံးပါတီနှင့်သက် ဆိုင်သည့် နယ်မြေတွင်သာ ဆွေးနွေးလိုကြောင်း ဆွေးနွေးရာ မန်းဘဇံမှ အပစ်အခတ်ရပ်စဲရေးကို မဒညတ အနေနှင့် လုပ်နိုင် သည့် အခြေအနေရှိခြင်းကြောင့် မဒညတနှင့် ဆက်ဆွေးနွေးလိုကြောင်း တင်ပြဆွေးနွေးရာ အားလုံးသဘောတူကြသည်။

မဒညတ(အမျိုးသားဒီမိုကရေစီ ညီညွှတ်ရေးတပ်ပေါင်းစု) ကိုယ်စားလှယ်တွင်
(၁)မန်းဘဇံ (၂)စကောလယ်တော (၃)ဗိုလ်ကျင်ဖေ (၄)ဗိုလ်သန်းအောင် (၅)နိုင်ဘလွင် (၆)နိုင်ထင် (၇)နိုင်တက်ထွန်း (၈)စောမော်ရယ် (၉)ဗိုလ်စံလင်း (၁၀)ဆလိုင်းစံအောင် (၁၁)ဆလိုင်းသာဦး (၁၂)ရဲဘော်ဌေး (၁၃)ရဲဘော်ဇင်(သခင်ဇင်) (၁၄)ရဲဘော်တင်ထွန်း(သခင်တင်ထွန်း) (၁၅)ရဲဘော်အောင်ကြီး (၁၆) ရဲဘော်ဗိုလ်ဇေယျတို့ ဖြစ်ကြသည်။

နေဝင်း-ဟန်တာသာမွှေး

အောက်တိုဘာ (၈)ရက် ပထမအကြိမ်၊ အောက်တိုဘာ (၁၀)ရက် ဒုတိယအကြိမ် တော်လှန်ရေးကောင်စီနှင့် မဒညတ တို့ ဆွေးနွေးကြရာ မဒညတ ဘက်မှ အပစ်အခတ်ရပ်စဲရေးအတွက် အချက်(၁၂)ချက် တင်ပြခဲ့သည်။
(၁) တစ်ပြည်လုံး အပစ်အခတ်ရပ်စဲထားရန်
(၂) ပစ်ခတ်မှုရပ်စဲလိုကြောင်း တင်ပြသည့် လက်နက်ကိုင်အဖွဲ့အားလုံးကို ထိုးစစ်ကြီးငယ် မပြုလုပ်ရန်
(၃) မဒညတအဖွဲ့ဝင် ဒေသများတွင် ထုတ်ဆင့်ထားသော စစ်ဆင်ရေးအမိန့်များ ပယ်ဖျက်ရန်
(၄) တိုက်ရိုက်အန္တရာယ်ပေးနိုင်သော တော်လှန်ရေးကောင်စီတပ်စခန်းများ ရုတ်သိမ်းပေးရန်
(၅) အပစ်အခတ်ရပ်စဲထားစဉ် မဒညတ၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိရန်
(၆) ပစ်ခတ်မှုရပ်စဲထားစဉ် ပြဿနာပေါ်ပေါက်လာက ဗဟိုနှင့်ဒေသ ပူးပေါင်းဖြေရှင်းရန်
(၇) ငြိမ်းချမ်းရေးအဖျက်လုပ်ငန်းများ ကြိုတင်ကာကွယ်ကြရန်
(၈) အပစ်အခတ်ရပ်စဲထားစဉ် လုံခြုံရေးအတွက် ပူးတွဲဆောင်ရွက်ရန်
(၉) အပစ်အခတ်ရပ်စဲမှု သဘောတူညီကြောင်း သတင်းစာနှင့် အသံလွှင့်ကြေညာရန်
(၁၀) သဘောတူညီချက်များ နှစ်ဦးနှစ်ဖက် သက်ဆိုင်ရာတပ်များသို့ အသိပေးရန်
(၁၁) အသေးစိတ်လုပ်ငန်းများကို လိုအပ်သလို ထပ်မံညှိနှိုင်းရန်
(၁၂) အပစ်အခတ်ရပ်စဲရေးကာလကို ငြိမ်းချမ်းရေးဆွေးနွေးမှု ပြီးသည့်အချိန်အထိ ထားရန်

(၈)
အောက်တိုဘာ(၁၅)ရက် တတိယအကြိမ်ဆွေးနွေးပွဲကို ကျင်းပရာ တော်လှန်ရေးကောင်စီဘက်မှ ဗိုလ်မှူးကြီးလှဟန် ရှင်းလင်းပြောကြားရာမှာ
(၁) တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေး မဖြစ်နိုင်။
(၂) လာရောက်ဆွေးနွေးကြသည့် အဖွဲ့အစည်းများကို ထိုးစစ်ဆင်ခြင်းမပြုလုပ်သည့် သဘောထားကို လက်တွေ့ကျင့်သုံးနေ ပြီးဖြစ်
(၃) မဒညတ ဘက်မှလည်း ထိုးစစ်ဆင်ခြင်း၊ ထောက်လှမ်းခြင်း မပြုပါဆိုသည့် အပြန်အလှန် ကတိပြုရန်။ တော်လှန်ရေး ကောင်စီမှ လူထုလုံခြုံရေးကို ဆောင်ရွက်နေရမည်ဖြစ်ကြောင်း သိရှိထားရန်
(၄) တပ်စခန်းများ ရုတ်သိမ်းရေးမဖြစ်နိုင်
(၅) မဒညတ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများ အဓိပ္ပာယ်ကို မေးမြန်းရာ မန်းဘဇံမှ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများဆိုသည်မှာ စည်းရုံး ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
တော်လှန်ရေးကောင်စီဘက်မှ အုပ်ချုပ်ရေးလုပ်ငန်းမှာ တော်လှန်ရေးကောင်စီ၏ တာဝန်သာဖြစ်ပြီး တောတွင်းအဖွဲ့အ စည်းများနှင့် တန်းတူရည်တူ ဆွေးနွေးနေခြင်းသည် နိုင်ငံရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခြင်းဖြစ်ပြီး စင်ပြိုင်အစိုးရအဖြစ် အသိအမှတ်ပြု ဆွေးနွေးခြင်းမဟုတ်။ စင်ပြိုင်အစိုးရသဘော သက်ရောက်သည့် လုပ်ငန်းများကို ခွင့်မပြုနိုင်ကြောင်း
(၆) ပူးတွဲဖြေရှင်းရေးအဖွဲ့များ တိုင်ပင်ဖွဲ့စည်းရန်သဘောတူ
(၇) ငြိမ်းချမ်းရေးအဖျက်သမားအန္တရာယ် ကာကွယ်သွားရန် အဓိကတာဝန်ရှိသူမှာ တော်လှန်ရေးကောင်စီဖြစ်၊ အကူအညီ တောင်းခံလာပါက မဒညတ မှ ကူညီရန်။
(၈) လုံခြုံရေးကိစ္စအဝဝ တော်လှန်ရေးကောင်စီကသာ တာဝန်ရှိပြီး အကူအညီတောင်းခံလာပါက မဒညတ မှကူညီရန်။
(၉) သတင်းစာအသံလွှင့်ဌာနများ ကြေညာပေးရေး မဒညတနှင့် လိုအပ်သလို တိုင်ပင်ဆွေးနွေးသွားရန်။
(၁၀) အပစ်အခတ်ရပ်စဲရေးကာလကို ငြိမ်းချမ်းရေးဆွေးနွေးမှု ပြီးပြတ်သည့်အချိန်အထိ ထားရှိရန် မူအားဖြင့်သဘောတူ။

(၉)
မှတ်ချက်။ ။ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးလှဟန်၏ ပြန်လည်ဖြေကြားချက်များကို ခြုံငုံကြည့်ပါက မဒညတ တင်ပြ ချက် (၁၀)ချက်ထဲမှ နံပါတ်(၅)အချက်ဖြစ်သည့် မဒညတ၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများဖြစ်သော စည်းရုံးရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများကို လက်မခံနိုင်ကြောင်းနှင့် တော်လှန်ရေးကောင်စီသာလျှင် တရားဝင်အစိုးရ စီမံခန့်ခွဲခွင့်ရှိသူ ဆိုသည်ကို နေရာယူ ထားကြောင်း တွေ့ရှိရသည်။

အောက်တိုဘာ(၂၁)ရက် တော်လှန်ရေးကောင်စီနှင့် မဒညတ ဆွေးနွေးပွဲတွင် မန်းဘဇံမှ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများ ဆိုသည်မှာ စင်ပြိုင်အစိုးရ သဘောမျိုးမဟုတ်ဘဲ “ပိုနေမြဲ ကျားနေမြဲ”အတိုင်း ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း တင်ပြခဲ့ပါ သည်။ အောက်တိုဘာ(၂၉) တော်လှန်ရေးကောင်စီနှင့် မဒညတတို့ဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီးလှဟန်မှ စည်းရုံးရေး၊ အုပ်ချုပ် ရေး၊ ဆက်ကြေးကောက်ခံသည့်ကိစ္စကို ခွင့်မပြုနိုင်ကြောင်းနှင့် မဒညတ မှ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ပြောဆိုခဲ့ပါသည်။
(၁) မဒညတ လက်နက်ကိုင်အဖွဲ့များအားလုံး နေထိုင်ရာဒေသကို တော်လှန်ရေးကောင်စီသို့ အသိပေးရန်။
(၂) မဒညတ လက်နက်ကိုင်အဖွဲ့များ စုစည်းနေထိုင်ရာ ဒေသများကို တော်လှန်ရေးကောင်စီမှ သတ်မှတ်ပေးမည်။
(၃) စုဝေးရန် သတ်မှတ်ဒေသသို့ သတ်မှတ်ချိန်အတွင်း မဒညတ ရောက်ရှိရန်။
(၄) မဒညတ အဖွဲ့ဝင်များ သတ်မှတ်နေရာမှ အခြားနေရာတစ်ခုခုသို့ သွားလိုပါက အစိုးရတပ်၏ခွင့်ပြုချက်နှင့် အစိုးရတပ် အကူအညီဖြင့်သာ သွားရောက်ရန်။
(၅) မဒညတအဖွဲ့ဝင်များ အပစ်ရပ်ထားသည့်ကာလအတွင်း အစိုးရလုပ်ငန်းနှင့် ပြည်သူလူထုအား နှောင့်ယှက်ခြင်းမပြုရန်- စသည်ဖြင့် ကြိုတင်စည်းကမ်းသတ်မှတ်ချက် မရှိဘဲ ဆွေးနွေးညှိနှိုင်းရာမှ တော်လှန်ရေးကောင်စီမှ စတင် စည်းကမ်းသတ်မှတ် လာခြင်းဖြစ်သည်။

၁၉၆၃ ဇူလိုင် (၂)ရက်နေ့တွင် ပြည်သူ့ကော်မတီမှ ပြည်သူလူထုတစ်ရပ်လုံးသို့ တွေ့ဆုံဆွေးနွေးရေး အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် နှိုးဆော်စာ ထုတ်ပြန်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေစဉ် ပြည်သူလူထု၏ ငြိမ်းချမ်းရေးမျှော် လင့်တောင့်တသံများ ထွက်ပေါ်လာရာ ပြည်သူ့ကော်မတီ၏ ရန်ကုန်၊ အင်းစိန်၊ သာယာဝတီ၊ ပဲခူး၊ ဟံသာဝတီ၊ မအူပင်ခရိုင်များ ပါဝင်သော (၆) ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီး ဦးဆောင်သည့် ပြည်သူလူထုကြီး နိုဝင်ဘာလ (၃)ရက်နေ့ နံနက်၊ မင်းလှ သရက်တစ်ပင် တာဆုံမှ ရန်ကုန်အထိ မိုင် (၁၀၀)ကျော်ခရီးကို ခြေလျင်ချီတက်လာရာ နိုဝင်ဘာ(၉)ရက်နေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် လူထုချင်းစုဝေးပြီး ငြိမ်းချမ်းရေးထောက်ခံပွဲ ကျင်းပခဲ့ကြသည်။ လူထုစည်းဝေးပွဲတွင် သဘာပတိအဖြစ် ပအိုဝ်းဦးလှဖေ၊ အခမ်း အနားမှူးအဖြစ် ဗိုလ်မြသွေး(ပြည်ထောင်စုမြန်မာနိုင်ငံ ညီညွှတ်ရေးတပ်ပေါင်းစု-ပမညတ)တို့မှ ဆောင်ရွက်ပြီး အဆို (၄)ရပ်ကို တင်သွင်းဆုံးဖြတ်ခဲ့သည်။

(၁၀)
၎င်းအဆို(၄)ရပ်မှာ-
(၁) တွေ့ဆုံဆွေးနွေးရေး အဆိုကို ကြိုဆိုခြင်း။ (ဦးတင်မောင်-လူထု)
(၂) ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေးကောင်စီနှင့် တော်လှန်ရေးအင်အားစုများ တွေ့ဆုံဆွေးနွေးရေးအဆို (လူငယ့်တပ်ဦး – ဦးစိန်လှ)
(၃) နယ်ချဲ့ဆန့်ကျင်ရေး-ပြည်တွင်းငြိမ်းချမ်းရေးအဆို (မန်းတင်ညွန့်-ဗမာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားအဖွဲ့ချုပ်)
(၄) ဒီမိုကရေစီအပြည့်အဝရရှိရေးအဆို (ပြည်သူ့တိုးတက်ရေးပါတီ-ဦးခင်မောင်မြင့်)တို့က တင်သွင်းပြီး အခမ်းအနားကို အောက်ပါကြွေးကြော်သံ (၅)ရပ်ဖြင့် ရုတ်သိမ်းခဲ့သည်။
(၁) တွေ့ဆုံဆွေးနွေးရေး ကြိုဆိုကြ၊ ကြိုးပမ်းကြ
(၂) ပြည်တွင်းငြိမ်းချမ်းရေး ပြည်သူ့အားဖြင့် တည်ဆောက်ကြ
(၃) ထိုးစစ် တိုက်စစ် ရပ်စဲပစ်၊ ရပ်စဲပစ်
(၄) အပစ်အခတ်တွေ ရပ်စဲကြ၊ ရပ်စဲကြ
(၅) ဗဟို ဗဟိုချင်း တွေ့ဆုံကြ၊ ဆွေးနွေးကြ စသည်တို့ဖြစ်ပါသည်။
နိုဝင်ဘာလ(၁၁)ရက်နေ့ တော်လှန်ရေးကောင်စီနှင့် မဒညတ တို့၏ အစည်းအဝေးတွင် တော်လှန်ရေးကောင်စီမှ အောက်ပါအတိုင်း သဘောထားဖတ်ကြား တင်သွင်းခဲ့သည်။
(က) မဒညတမှ မည်သည့်စည်းရုံးရေးမှ မလုပ်ရန်။
(ခ) ဆက်ကြေးများ မကောက်ရန်။
(ဂ) လူထုအား ခြိမ်းခြောက်နှောက်ယှက် ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုရန်။
(ဃ) အထက်ပါ (က)၊(ခ)၊(ဂ) တို့အား လက်ခံပါက မဒညတ လက်အောက်ခံ အဖွဲ့များသို့ ညွှန်ကြားရန်။
(င) အောက်တိုဘာ (၂၉) တော်လှန်ရေးကောင်စီ တင်ပြခဲ့သော အချက်(၅)ချက်စလုံးကို သဘောတူလက်ခံရန်။
(စ) – (က)၊(ခ)၊(ဂ)၊(ဃ)၊(င) များကို သဘောတူပြီး အမြန်အကောင်အထည်ဖော်ရန်။ တော်လှန်ရေးကောင်စီဘက်မှ တင်ပြစာ ကို သဘောတူမတူ နိုဝင်ဘာ (၁၄)ရက်နေ့ ည(၆)နာရီ နောက်ဆုံးပြန်ကြားရန်။

(၁၁)
နိုဝင်ဘာ (၁၄)ရက် တော်လှန်ရေးကောင်စီနှင့် မဒညတ ဆွေးနွေးပွဲတွင် မဒညတ အဖွဲ့ခေါင်းဆောင်မန်းဘဇံမှ တော် လှန်ရေးကောင်စီ၏ စွပ်စွဲချက်များ ပြင်းထန်သည့် စည်းကမ်းချက်များအပေါ် စိတ်ထိခိုက်ရကြောင်း သဘောတူညီမှု မရသေး သည်များကို ဆက်လက်ညှိနှိုင်းရန်လိုကြောင်း၊ “ပိုနေမြဲ ကျားနေမြဲ” အနေအထားကို နိုင်ငံရေး၊ စည်းရုံးရေး ပြဿနာများဖြင့် အဖြေရှာသင့်ကြောင်း မဒညတ အား ထိုးစစ်ဆင်ခြင်းများကို ခုခံခြင်းမှလွဲပြီး တော်လှန်ရေးကောင်စီတပ်များကို တိုက်ခိုက်မှာ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာလ (၁၁)ရက်နေ့ ဆွေးနွေးပွဲတွင် တော်လှန်ရေးကောင်စီ ချမှတ်သည့် စည်းကမ်းများကို မဒညတ မှ အပြည့် အဝ မလိုက်နာခြင်းကိုအကြောင်းပြု၍ နိုဝင်ဘာလ(၁၄)ရက်နေ့ ညနေ(၆)နာရီတွင် တော်လှန်ရေးကောင်စီမှ မဒညတနှင့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲ ရပ်စဲလိုက်ကြောင်း တိုင်းပြည်ကို ကြေညာခဲ့သည်။

မဒညတ ဗဟိုကိုယ်စားလှယ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲပျက်ပြားရခြင်း၊ ပြည်သူလူထုသို့ ပြန်ကြားချက်များ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ထွက်ပေါ်လာခဲ့သည်။ အပြန်အလှန် ဆွေးနွေးမှုများကို ဖော်ပြ ကြပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်။ မိမိကိုယ်ကို ခုခံကာကွယ်မှုမှအပ တပ်မတော်စခန်းများကို စတင် တိုက်ခိုက်မှု မလုပ်ကြောင်း ပြည်သူလူထုအား တိုင်တည်ကြေညာသွားခဲ့သည်။

တော်လှန်ရေးကောင်စီမှ ကချင်လွတ်လပ်ရေးကောင်စီနှင့် နိုဝင်ဘာ(၁၅)ရက်နေ့ ရခိုင်ပြည်ကွန်မြူနစ်ပါတီနှင့် နိုဝင် ဘာ(၁၈)ရက်နေ့များတွင် ဆွေးနွေးပွဲရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စောဟန်တာသာမွှေး ခေါင်းဆောင်သည့် ကရင်တော်လှန်ရေးကောင်စီ(KRC)နှင့် ၁၉၆၄ခုနှစ်၊ မတ်လ(၁၂)ရက်နေ့တွင် ငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့ကြသည်။ ငြိမ်းချမ်းရေးနှင့် သဘောထားကွဲလွဲခဲ့သည့် (KRC)တပ်မဟာ(၅) တပ်မင်း လင်းထင်အား သထုံမြို့တွင် တပ်မတော်က လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဗိုလ်လင်းထင်၏ဇနီး နော်လွီဇာဘင်ဆင် ဦးဆောင်သည့် နောက်လိုက် များလည်း တောထဲပြန်သွားခဲ့ကြသည်။ စောဟန်တာသာမွှေးအား ပညာရေးသုတေသနာဗျူရို အထူးအရာရှိ၊ ဗိုလ်လင်းထင် လက်ထောက် စောမောင်ဝင်းအား သထုံပါတီယူနစ် ဥက္ကဌ၊ စောထရူးမင်းအား တောင်ငူပါတီယူနစ်ဥက္ကဌ၊ ဗိုလ်မှူးမိုးဆက်၊ ဗိုလ် မှူးကြီးရွှေတို့အား ကျိုက်ထိုနှင့် ဘီးလင်းတို့တွင် ပါတီကောင်စီတာဝန်များ စောဘထွန်းအား ကော်သူလေးဦးစီးဌာန ပညာရေး တာဝန်ခံ အသီးသီး တာဝန်ပေးခြင်း ခံခဲ့ရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြီးနောက် ငြိမ်းချမ်းရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်ခဲ့သည့် ပြည်သူ့ကော်မတီနှင့် နိုင်ငံရေးသမား မြောက်များစွာ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ကိုးကား –
# ဖူးကီးဒိုရေးသားသည့် “မန်းဘဇန်နှင့် ကရင့်တော်လှန်ရေး”
# ဝင်းတင့်ထွန်းရေးသားသည့် “အမှောင်ကြားက ဗမာပြည်”
# စောကျော်စိန်၊ စောမောင်တိုး၊ စောဘာဟု တို့ ရေးသားသည့် “ကော်သူးလေ တော်လှန်ရေးစစ်တမ်း”