မောင်ကျော်စွာ
(၂၀၁၆ မတ် ၂၁)
လူမျိုးပေါင်းစုံပြည်သူတွေ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးလိုလားတာဟာ အကြွင်းမဲ့လိုလားမှု ဖြစ်ပါတယ်။
အခုရရင် အခုယူမယ် ဆိုတဲ့စိတ်ဓာတ်နဲ့ အာသာငမ်းငမ်း တောင့်တလိုလားတာပါ။ အုပ်စိုးသူအစိုးရအဆက်ဆက်နဲ့ စစ်တပ် ဘက်က ငြိမ်းချမ်းရေးလိုလားမှုကတော့ ဘယ်ခေတ်ဘယ်အခါမှာဖြစ်ဖြစ် သံသယရှိစရာပါ။ ဘာလို့ဒီလိုပြောနိုင်သလဲဆိုတော့ ဘယ်အုပ်စိုးသူအဆက်ဆက်လက်ထက်မှာမှ (ဖဆပလအစိုးရမှသည် ကြံ့ဖွံ့ပါတီအစိုးရအထိ) လူမျိုးပေါင်းစုံပြည်သူတွေ လိုလား တဲ့ ငြိမ်းချမ်းရေးမျိုး ရမှမရခဲ့ပဲ မဟုတ်ပါလား။ လက်နက်ကိုင်အဖွဲ့ တချို့သို့မဟုတ် ခွဲထွက်လာသူတချို့ အစိုးရထံအညံ့ခံတဲ့ ဖြစ် ရပ်တွေကတော့ ဖဆပလအစိုးရမှသည် ကြံ့ဖွံ့ပါတီအစိုးရအထိ ပုံစံမျိုးစုံ၊ အသုံးအနှုန်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ “ဖော့ဦး ထုပ် ငြိမ်းချမ်းရေး”ကနေ “ကားပါမစ်ငြိမ်းချမ်းရေး”အထိလို့ ဆိုရပါလိမ့်မယ်။ တကယ့်လက်တွေ့ အနှစ်သာရကတော့ ဒီကနေ့အ ထိ ငြိမ်းချမ်းရေး မရသေးတာပါဘဲ။
ငြိမ်းချမ်းရေး ဘာကြောင့်မရသလဲ။
အုပ်စိုးသူအစိုးရတွေနဲ့ စစ်တပ်က ငြိမ်းချမ်းရေးကို တကယ်တမ်း မလိုလားလို့ပါလို့ ရိုးရိုးရှင်းရှင်းပဲ အဖြေပေးလို့ရပါတယ်။ အုပ်စိုး သူအစိုးရနဲ့စစ်တပ်က ငြိမ်းချမ်းရေးမလိုလားဘူးလို့ တွဲပြောနေရတာဟာ အကြောင်းမဲ့မဟုတ်ပါဘူး။ ၁၉၆၂ကနေ ယနေ့အထိ တိုင်းပြည်ကိုအုပ်စိုးနေတာ စစ်တပ်က ဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီအစိုးရ အုပ်စိုးမှုဆိုတာက ၁၉၄၈ခုနှစ်ကနေ ၁၉၆၂ခုနှစ် အထိ ၁၄နှစ်မျှသာ အုပ်စိုးခဲ့ရတာပါ။ လွတ်လပ်ရေးသက်တမ်း နှစ် ၇ဝနီးပါးအတွင်း နှစ်ပေါင်း ၅၀ကျော်ကြာ စစ်တပ်က ပုံစံအ မျိုးမျိုးနဲ့ အုပ်စိုးလာခဲ့တာပါ။ ဒီကနေ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ပေါ်လာတဲ့ ဒီချုပ်ပါတီအစိုးရသစ်အနေနဲ့လည်း စစ် တပ်နဲ့ ကာချုပ်ရဲ့ ခြယ်လှယ်စွက်ဖက်မှုကင်းကင်းနဲ့ “လွတ်လပ်စွာ အုပ်စိုးခွင့် ရှိမှရှိပါ့မလား” ဆိုတဲ့အချက်ကလည်း သိပ်ကို စဉ်း စားစရာကောင်းတဲ့ အချက်ပါ။
စစ်တပ်က အုပ်စိုးတယ်ဆိုတာ စစ်တပ်ကြီးတစ်ခုလုံးက စစ်ဗိုလ်အားလုံးက တိုုင်းပြည်အုပ်ချုပ်ရေးမှာ ပါဝင်ခြယ်လှယ်နေတာ မျိုးမဟုတ်ဘဲ ထိပ်သီးစစ်ဗိုလ်ချုပ်တစ်စုသာပါဝင်တဲ့ “စစ်အုပ်စု”က စစ်တပ်ကြီးတစ်ခုလုံးကို ခါးပိုက်ဆောင်တပ်လို ချုပ်ကိုင်ထား ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး စတဲ့ဘက်ပေါင်းစုံမှာ ဗိုလ်ကျလွှမ်းမိုး အုပ်စိုးခဲ့ကြတာ ပါ။ ဒီနေ့အထိလည်း ဒီလိုပဲ ဆက်လက် ဗိုလ်ကျအုပ်စိုးနေဆဲပါ။ သူတို့ဒီလိုအုပ်စိုးခဲ့တဲ့ ၅၄နှစ်အတွင်း ဘယ်လိုမှ မဖုံးနိုင် မကွယ် နိုင်ဘဲ အထင်အရှားမြင်တွေ့နိုင်တဲ့ အချက် ၄ချက်ရှိပါတယ်။
– လူမျိုးပေါင်းစုံပြည်သူတွေကို အကြမ်းဖက်ဖိနှိပ်နေတာ
– ပြည်တွင်းစစ်ကြီး ဆက်လက်တည်ရှိနေတာ
– တိုင်းပြည်နဲ့ လူထုအခြေအနေဟာ (ဒေသတွင်းမှာရော နိုင်ငံတကာအဆင့်အတန်းမှာပါ) အဖက်ဖက်က ဆင်းရဲနိမ့်ကျသွားတာ
– အုပ်စိုးသူ ထိပ်သီးစစ်ဗိုလ်ကြီးတွေ ကျိကျိတက် ချမ်းသာကြွယ်ဝလာတာ
ဒီအချက် ၄ချက်ကပဲ အုပ်စိုးသူစစ်ဗိုလ်ချုပ်အစိုးရတွေရဲ့ “ငြိမ်းချမ်းရေးလိုလားမှု” ဆိုတာကို လှောင်ပြောင်ပျက်ရယ်ပြုနေပါ တယ်။ အုပ်စိုးသူစစ်ဗိုလ်ချုပ်တွေ လိုလားတဲ့ ငြိမ်းချမ်းရေးဆိုတာ အကြွင်းမဲ့ လက်နက်ချအညံ့ခံဖို့သာ ဖြစ်တယ်ဆိုတဲ့ အချက်ကို လည်း နားလည်စေနိုင်ပါတယ်။ ဒါ့အပြင် ဒီဘက်ခေတ်မှာတော့ “ငြိမ်းချမ်းရေး”ဆိုတာ အုပ်စိုးသူစစ်ဗိုလ်ချုပ်အတွေအဖို့ နာမည် ကောင်းယူဖို့နဲ့ စားပေါက်ချောင်လှတဲ့ နှစ်ဘက်လှ စီးပွားရေးလုပ်ငန်းတစ်ခုလိုကို ဖြစ်လာပါတယ်။ “ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုး ရေး”ဆိုတဲ့ နာမည်လှလှ ခေါင်းစဉ်အောက်မှာ တစ်ဖက်က လက်နက်ကိုင်အဖွဲ့ထိပ်သီးအချို့နဲ့ လက်ဝါးချင်းရိုက်ပြီး သစ်တော၊ ကျောက်မျက်ရတနာ၊ ဓါတ်သတ္တု စတဲ့ သယံဇာတတွေ ရောင်းချရေး၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် ဖောက်ကားရေး တွေမှာ သူတို့ အတော်ပွခဲ့ကြ၊ ထောခဲ့ကြတာပါ။ ဒီတော့ သူတို့လည်း “ငြိမ်းချမ်းရေး” ရချင်တာ မဆန်းပါဘူး။ တချို့ဆိုရင် ခါတော်မီ “ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း” ထောင်နေကြပါပြီ။
ဒါကြောင့် ၁၉၆၂ခုနှစ်ကနေ သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရလက်ထက်အထိ လူမျိုးစုံပြည်သူတွေ တောင့်တလိုလားတဲ့ ငြိမ်းချမ်း ရေး မရခဲ့ဘူးဆိုတာကိုတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဝန်ခံကြရမှာ မဟုတ်ပါလား။
လက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့နဲ့ (NCA)စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့တာ ငြိမ်းချမ်းရေး တစိတ်တဒေသရခဲ့တာလို့ ပြောလို့ မရ ဘူးလားလို့မေးရင်လည်း မရဘူးလို့ပဲ ပြတ်ပြတ်သားသားဖြေရမှာပါ။ ဒါဟာ တစ်ပြည်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှာတောင် အပြည့်အဝမရတဲ့ သဘောကိုဖော်ပြနေတာပါ။
မကြာခင် ဒီချုပ်ပါတီက ဦးဆောင်တဲ့ “အစိုးရသစ်” ပေါ်လာပါတော့မယ်။ ငြိမ်းချမ်းရေးဟာ အစိုးရသစ်ရဲ့ ပထမဦးစားပေး အစီ အစဉ်ဖြစ်တယ်ဆိုတဲ့ ပြောသံဆိုသံတွေကို ကြားသိနေကြရပါတယ်။ ယခင်က မရှိခဲ့ဘူးတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို လည်း ဝန်ကြီးဌာနသစ်အဖြစ် ပါဝင်ဖွဲ့စည်းမှာဖြစ်တယ်ဆိုတာ အခိုင်အမာ သိရှိခဲ့ကြရပြီ။
ဒီအချက်အလက်တွေ၊ ဒီခြေလှမ်းတွေက ငြိမ်းချမ်းရေးကို ရေလို၊ လလို တောင့်တမျှော်လင့်စောင့်စားနေခဲ့ကြတဲ့ လူမျိုးစုံပြည်သူ တွေအတွက် ခရီးဦး ကြိုဆိုရမယ့် အပေါင်းလက္ခဏာတွေပါ။ ငြိမ်းချမ်းရေးအတွက် အပေါင်းလက္ခဏာတွေကို မြင်ကြတာနဲ့ တစ် ပြိုင်နက်ထဲမှာလည်း ငြိမ်းချမ်းရေးအတွက် အနှုတ်လက္ခဏာတွေကိုလည်း မြင်ထားကြဖို့ လိုပါတယ်။
ငြိမ်းချမ်းရေးအတွက် အနှုတ်လက္ခဏာတွေက ဘာတွေလဲ။
အဓိကနဲ့ပထမအချက်ကတော့ စစ်တပ်က ချမှတ်ထားတဲ့ “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ (၆)ရပ်” ဆိုတာပါပဲ။
စစ်တပ်ရဲ့ ဒီ “မူဝါဒ ၆ချက်”ကို ဒီချုပ်ပါတီ အစိုးရသစ်က ဘယ်အတိုင်းအတာအထိ ကျော်လွှားနိုင်မလဲ ဆိုတဲ့အချက်ဟာ ငြိမ်း ချမ်းရေး ရနိုင်/ မရနိုင်ဆိုတဲ့အချက်ကို အဓိက အဆုံးအဖြတ်ပေးမယ့် အချက်ဖြစ်ပါတယ်။
ပြည်တွင်းစစ်ပြဿနာဆိုတာ အရင်းစစ်လိုက်တော့ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး ပြဿနာ ၂ခုကို စုစည်းဖော်ပြနေတာ မဟုတ်ပါလား။ ဒီပြဿနာ ၂ရပ်ကို တန်းတူရည်တူ ဖြေရှင်းကြဖို့ဖြစ်ပါတယ်။ ဒီပြဿနာ ၂ရပ်ကို လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ထဲကနေ အဖြေရှာလို့မရနိုင်ဘူး။
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သမ္မတဖြစ်လာမှာကို ပိတ်ပင်တားဆီးထား၊ ချုပ်ချယ်ထားတဲ့ အခြေခံဥပဒေ၊ စစ်တပ်နဲ့ ကာချုပ်ကို စိတ်ကြိုက်လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ အခြေခံဥပဒေ (ဝါ) စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်ထဲမှာ အင်မတန်ကျယ်ပြန့်တဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာကို ဘယ်လိုလုပ် အဖြေရှာနိုင်မှာလဲ။
မတ်လ ၁၆ရက်နေ့က ရွာသစ်ကြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှာ သမ္မတဦးသိန်းစိန် ပြောကြား တဲအထဲ ပါဝင်တဲ့ အချက်တစ်ချက်ကလည်း အနှုတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ပြောတဲ့ အချက်က
“မိမိတို့မျှော်မှန်းသည့် ပြည်ထောင်စု၊ မိမိတို့မျှော်မှန်းသည့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်နယ်များနှင့် ဖွဲ့စည်းတည် ဆောက်ထားသည့် ပြည်ထောင်စုနိုင်ငံတော်ပင်ဖြစ်ပါကြောင်း၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်ကို ယခုကဲ့သို့ ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပါကြောင်း”တဲ့။
ဒီပြောဆိုချက်က တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အဆင့်တန်းတူ၊ အခွင့်ရေးတူ ပြည်နယ်တွေနဲ့ ပေါင်းစုတည်ဆောက်လိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမှုကို ပယ်ချတဲ့သဘော၊ ငြင်းပယ်တဲ့သဘော၊ လက်မခံဘူးဆိုတဲ့ သဘောဖြစ်ပြီး ၂၀၀၈ အခြေခံ ဥပဒေဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ပဲလို့ ပြောတာဖြစ်ပါတယ်။ ဒီသဘောထား၊ ဒီပြောဆိုချက်အတိုင်းသာဆိုရင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ မလိုတော့ဘူး ဆိုတဲ့သဘောလည်း သက်ရောက်နေသလို “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ကို ဇွတ်အတင်း လက်ခံခိုင်းနေတဲ့ သဘောလည်း ဖြစ်နေပါတယ်။
ဒီတော့ ငြိမ်းချမ်းရေးရရှိအောင် တကယ်ကြိုးပမ်းမယ်ဆိုလို့ရှိရင် ပြည်တွင်းစစ်ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ရမယ်၊ ပြည်တွင်းစစ်ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းမယ်ဆိုရင် ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး ပြဿနာနှစ်ရပ်ကို ပီပီပြင်ပြင်ကိုင်တွယ်ဖြေရှင်းရမယ်။ ဒီနှစ်ကို ပြီးပြတ်ပြေလည်အောင် ဖြေရှင်းဖို့ဆိုရင် “၂၀၀၈ အခြေခံဥပဒေ” ကိစ္စကို မဖြစ်မနေ ကိုင်တွယ်ရမှာဖြစ်တယ်။ ဒီလိုကိုင်တွယ်တဲ့အခါမှာ ဒီချုပ်ပါတီအစိုးရသစ်အဖို့ (လွှတ်တော်တွင်း/ လွှတ် တော်ပ) စိန်ခေါ်မှုတွေ၊ ကပျက်ယပျက်လုပ်မှုတွေ အများကြီး ကြုံရဖွယ်ရှိပါတယ်။ ဒါကြောင့် ဒီပြဿနာအဝဝကို ဒီချုပ်ပါတီ အစိုးရသစ် အောင်မြင်စွာ ကိုင်တွယ်နိုင်ပါ့မလားဆိုတဲ့ စာနာတဲ့စိုးရိမ်မှု ပြည်သူတွေမှာ ကြီးကြီးမားမား ရှိနေပါတယ်။
တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအသစ်တစ်ခု ဖွဲ့တာလောက်နဲ့ တိုင်းရင်းသားတွေရဲ့အရေးအရာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး ဆိုတာကိုလည်း ဒီချုပ်ပါတီအစိုးရသစ်အနေနဲ့ ကောင်းကောင်း သဘောပေါက် နားလည်ထားပြီးဖြစ်မယ်လို့ ပြည်သူအများက ယုံကြည်ထားကြပါတယ်။ ဘာလို့လဲဆိုတော့ ပြဿနာရဲ့သော့ချက်က ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး ဆိုတဲ့အခြေခံပေါ်မှာ ပြည်တွင်းစစ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ဖြစ်နေလို့ပါပဲ။ ပြည်တွင်းစစ်ကို ပြတ် ပြတ်သားသားရပ်စဲပြီး တကယ့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို မျှော်မှန်းလျှောက်လှမ်းနိုင်မှာ မဟုတ်ပါလား။
ဒါကြောင့် နိုင်ငံရေးပြဿနာဖြစ်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး/ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာကို ပထမဦးစားပေး ဖြေရှင်းစေချင်ပါ တယ်။
အခြားတစ်ဖက်ဖြစ်တဲ့ အုပ်ချုပ်ရေးပိုင်းကနေလည်း ဒီချုပ်ပါတီအစိုးရသစ်အနေနဲ့ အုပ်စိုးသူအဆက်ဆက်က ရွာသစ်ကြီး တိုင်း ရင်းသားတက္ကသိုလ်ကို “တိုင်းရင်းသားဖောင်ကြီးတက္ကသိုလ်”အဖြစ် အသုံးချနေတဲ့၊ အုပ်စိုးသူတွေအတွက် သစ္စာရှိ ဩဇာခံ တိုင်းရင်းသားဒေါက်တိုင်များ မွေးထုတ်ရာ ယန္တရားအဖြစ်မှ တိုင်းရင်းသားပြည်သူတွေကို တကယ်တမ်းအကျိုးပြုတဲ့ တိုင်းရင်း သားတက္ကသိုလ်တစ်ခု ဖြစ်လာအောင် ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။
ဒီအတွက် ပထမခြေလှမ်းကတော့ စစ်တပ်လက်အောက်ခံဝန်ကြီးဌာနဖြစ်တဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက်ကနေ ရွာ သစ်ကြီးတိုင်းရင်းသားတက္ကသိုလ်ကို အသစ်ဖွဲ့စည်းမယ့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန လက်အောက်သို့ ရွှေ့ပြောင်းသင့်ပါ တယ်။
နိဂုံးချုပ်ရရင် အစိုးရသစ်အနေနဲ့ လူမျိုးပေါင်းစုံပြည်သူတွေ လိုလားတဲ့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စွန့်လွှတ်အနစ်နာခံ ပြီး တိုက်ပွဲတိုင်းရဲ့ လှံသွားအခန်းကနေ အစဉ်သဖြင့် ပါဝင်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေအရေး၊ မြေသိမ်းခံလယ်သိမ်းခံ လယ်သမားတွေအရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်နဲ့ လုပ်ခလစာနိမ့်ကျမှုမျိုးစုံဒဏ်ကို ခါးစီးခံကြရတဲ့ အလုပ်သမားတွေအရေး စတဲ့ စတဲ့ အရေးအရာတွေကို “ရက်ပေါင်း ၁၀ဝအတွင်း” ဘယ်လိုပေါ်လစီတွေ မူဝါဒလုပ်ငန်းစဉ်တွေနဲ့ ချမှတ်လုပ်ဆောင်ကြမ လဲဆိုတာ လူမျိုးပေါင်းစုံပြည်သူများက စိတ်ဝင်တစား အကဲခတ် စောင့်မျှော်ကြည့်ရှုနေမှာ ဖြစ်ပါတယ်။