မန်းတောလောင်း
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နန္ဒဝန်အိမ်ရာရှိ သူငယ်ချင်းထံ မြို့ထဲမှ တက္ကစီငှားပြီး လာခဲ့သည်။ မိုးကလည်း သဲကြီးမဲကြီး ရွာ နေသည်။ ကမ္ဘာအေးဘုရားရှေ့လမ်းမပေါ်အရောက် နောက်မှ ရဲကားတစ်စီးက ဥဩသံပေး၍ အရှိန်ပြင်းပြင်းနှင့် မောင်းနှင် လာသောကြောင့် ကျနော်စီးလာသော တက္ကစီကားလည်း လမ်းဘေးကိုကပ်၍ ရပ်ပေးလိုက်ရသည်။လူကြီးတစ်ယောက် ယောက်လာ၍များ ဤကဲ့သို့ အချက်ပေးလမ်းဖယ်ခိုင်းသည်ဟု ထင်မှတ်မိသော်လည်း ရဲကားသာ ဖြတ်၍သွားသည်။ မည် သည့်လူကြီးကားမျှ ဖြတ်တက်သွားသည်ကို မတွေ့ခဲ့ရ။ ရှစ်မိုင်မီးပွိုင့်အရောက်တွင် ကားများ ပြည့်ကြပ်နေ၍ ဆက်သွားရန် မရတော့ဘဲ ကားသမားကိုသာ ကားခပေးပြီး မီးပွိုင့်တွင်ပင်ဆင်းကာ နန္ဒဝန်အိမ်ရာသို့ ဆင်း၍လျှောက်လာခဲ့သည်။
လမ်းမပေါ်သို့ ရောက်သောအခါ Junction 8 ရှေ့တွင် လူများ အုံခဲ၍နေသည်ကို လှမ်းမြင်နေရသည်။ “ဘာဖြစ်တာလဲ”ဟု အနီးရှိလူတစ်ယောက်ကို လှမ်း၍မေးရာ City Mart မှာ ဗုံးပေါက်လို့ဟု ဖြေကြားသွားသည်။ မိုးက သဲသဲမဲမဲ ရွာထားသော ကြောင့် လမ်းမပေါ်တွင် ရေစီးက တဟုန်ထိုး စီး၍နေသည်။ ကျနော် Junction 8 ရှေ့သို့ရောက်သွားသောအခါ မှန်ကွဲစများ လမ်းမပေါ်တွင် ဖြန့်ကြဲ၍နေသည်။ သမိုင်းသို့ အသွားလမ်းကို ပိတ်ထားသော်လည်း သမိုင်းမှလာသော ကားလမ်းကိုတော့ ဖွင့် ထားသဖြင့် လိုင်းကားပေါ်ရှိ သမိုင်းဘက်မှ လာသူများ ကားပေါ်မှ ဆင်းလာကြသည်။
ခရီးသည်များထံမှ စကားများကို ကြားရပြန်သောအခါ မြေနီကုန်း ဒဂုံစင်တာနှင့် ပုဇွန်တောင် စီးပွားရေးအဆောက်အအုံတွင် လည်း ဗုံးပေါက်ကွဲကြောင်း ကြားလိုက်ရပြန်သည်။ ကောလဟလလိုလို အမှန်လိုလိုနှင့် အတည်မပြုနိုင်သော်လည်း ညနေ TV သတင်းက အတည်ပြုပေးလိုက်သည်။
ဤဗုံးပေါက်ကွဲမှုနှင့် ဆက်နွယ်၍ အပြစ်မဲ့သားကောင်တို့၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို နောက်ပိုင်းမှ အခုလို သိလိုက်ရသည်။
၂၀၀၅ခုနှစ် မေလ Junction 8 ဗုံးပေါက်ကွဲမှု မတိုင်ခင်ကပေါ့။
ဧရာဝတီတိုင်း အိမ္မဲမြို့နယ် တကူဆိပ်ကျေးရွာ ရယက ဥက္ကဌ စောစိုးလွင်က ကျေးရွာ စားကျက်မြေများကို ရောင်းသည့်အခါ ရောင်း၊ အငှားချသည့်အခါချနှင့် လက်ထဲငွေရွှင်၍နေသည်။ ဤကိစ္စကို မကျေနပ်သူတစ်ဦးက ရှိနေသည်။ သူက ကျေးရွာကြံ့ ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင် စောရဲမြင့်အောင် ဖြစ်သည်။ ထိုစဉ်က ကြံ့ခိုင်အတွင်းရေးမှူးမှာ စောသိန်းဝင်းဖြစ်သည်။
Junction 8 အပါအဝင် ရန်ကုန်မြို့ သုံးနေရာ ဗုံးပေါက်ကွဲမှု အဖြစ်ဆိုးကြီး ပေါ်ပေါက်လာတော့ စောရဲမြင့်အောင် တစ်ယောက် ရယက ဥက္ကဌ စောစိုးလွင်တို့ မိသားစုကို ဒုက္ခပေးရအောင် အကွက်ပေါ်ပေါက်လာတော့သည်။ စောရဲမြင့်အောင် ပုသိမ်မြို့သို့ ရောက်လာပြီး ရန်ကုန်မြို့ သုံးနေရာဗုံးပေါက်ကွဲမှုသည် စောစိုးလွင်၏ ဇနီးဖြစ်သူ၏မောင် စောသာဖြူက ဦးစီးလုပ်ဆောင်ခဲ့ ကြောင်း စောသာဖြူ၏ ဗုံးများ စောစိုးလွင်အိမ်တွင် ဝှက်ထားခြင်းဖြစ်ကြောင်း နတခသို့ တိုင်ကြားလေတော့သည်။
သို့ဖြင့် နတခ ၏ ညွှန်ကြားချက်ဖြင့် မြောင်းမြခရိုင် ဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး ကြည်ထွဋ်ဝင်း ဦးဆောင်ပြီး တကူဆိပ်ရွာကို စစ် တပ်နှင့် ရဲအပြင် အခြားဝန်ထမ်း ၂၅ဝဦး ပေါင်း၍ ပိတ်ဆို့လိုက်သည်။ ကျေးရွာမှ အစိုးရဝန်ထမ်း အပါအဝင် ရွာသား ၂၄ဦးကို ဖမ်းဆီး၍ ၈ဦးကိုတော့ အပြစ်မရှိဟုဆိုကာ ကျန် ၁၆ဦးကို ပုသိမ်မြို့ တိုင်းထောက်လှမ်းစစ်ကြောရေးစခန်းသို့ ခေါ်ဆောင်ပြီး ရိုက်နှက်စစ်ဆေးတော့သည်။
ဖမ်းဆီးခံရသူများမှာ ၁။စောစိုးလွင် ရယက ဥက္ကဌ ၂။နော်ဆာဖော(စောစိုးလွင်၏ ဇနီး) ၃။စောကလန်အိုင် (ရယက အဖွဲ့ဝင်) ၄။စောစိုးလှိုင်(ရာအိမ်မှူး) ၅။စောရိုးရှု(ဆယ်အိမ်မှူး) ၆။စောမျိုးချစ်(NLD မြို့နယ်စည်းရုံးရေးမှူး) ၇။စောဖိုးရိုင်း (ကျေးရွာ NLD ဥက္ကဌ) ၈။စောဘိုမလာပလဲ ၉။နော်ရီဘက်ခါ ၁၀။နော်ကပေါထူး(စောသာဖြူ၏ မိခင်) ၁၁။ စောအုန်းရွှေ (စော သာဖြူ၏ ဦးလေး) ၁၂။နော်အယ်လ်နာ ၁၃။စောသာခေါင်ကြီး ၁၄။စောမောင်ငိုကြီး ၁၅။စောလန်ဘွဲ့ထူး ၁၆။စောကိုကိုနိုင် (စောစိုးလွင် ၏ညီ) ၁၇။စောစတန်းဖော့(အလယ်တန်းပြကျောင်းဆရာ) ၁၈။စောဝါးဒို ၁၉။နော်တိုတို ၂၀။နော်ကကား ၂၁။နော်ကျော့ကျော် ၂၂။နော်ကရိုဖော ၂၃။နော်သူဇာနှင့် ၂၄။နော်သူဇာဇင်မောင်တို့ ဖြစ်ကြသည်။
တစ်ရက်အကြာတွင် တကူဆိပ်ကျေးရွာ အလယ်တန်းပြဆရာ စောစတန်းဖော့တစ်ယောက် ရက်စက်ကြမ်းတမ်းစွာ နှိပ်စက် ညှင်းပမ်း စစ်မေးခံရသဖြင့် အသက်ဆုံးရှုံးသွားတော့သည်။ ကျောင်းဆရာ စောစတန်းဖော့မှာ ဇနီးသည် နော်စေးထယ်နှင့် ကလေး ၆ယောက် ကျန်ရစ်ခဲ့သည်။ အလောင်းကို ရွာသို့ ပြန်ယူခွင့်မပြုဘဲ ပုသိမ်မြို့ရှိ ခရစ်ယာန်သချုႋင်းမှာသာ သၤဂြိုလ်ရန် ဓမ္မဆရာတစ်ဦး အပါအဝင် သချုႋင်းသို့ ၇ဦးသာ လိုက်ပါခွင့်ပြုခဲ့သည်။ ဇနီးသည် နော်စေးထယ်တစ်ယောက် ခင်ပွန်းသည်၏ ရုပ်အလောင်းကို ပိတ်ဖြူပတ်လျက်သာ မြင်တွေ့လိုက်ရပြီး မျက်နှာကိုတော့ လှစ်ဟထားသဖြင့် မျက်နှာကိုသာ မြင်ခွင့်ရခဲ့ သည်။ မည်မျှအထိ ရိုက်နှက်စစ်ဆေးထားသည်မသိ၊ မျက်နှာတပြင်လုံး ပိန်း၍နေသည်။ ဆိုလိုသည်မှာ ဖူးရောင်၍ တပြင်ထဲ ဖြစ်၍နေသည်။ နော်စေးထယ်အတွက် ရွှေတောင်ကြီးပြိုခဲ့ပြီကော။ ကျန်ခဲ့သည့် ကလေး ၆ယောက်နှင့် လောကကို မည်သို့ရင် ဆိုင်မည်နည်း။ ၉နှစ်သမီးအရွယ် နော်ဖောလောလမှာ မွေးရာပါ ခြေဖဝါးမပါဘဲ ဒူးဆစ်နားအထိ ခြေတဖက်ကတို၍နေသည်။ ဒုက္ခိတ သမီးငယ်လေး အနားမှာလည်း အဖေဆိုတာ မရှိတော့ “ဘုရားသခင်ကယ်တော်မူပါ”ဟု ဆုတောင်းရုံကလွဲလို့ နော် စေးထယ် ဘာမျှ မတတ်နိုင်ခဲ့ပါ။
ကျန် ၁၅ဦးကိုတော့ ရန်ကုန်မြို့ ရှစ်မိုင် အောင်သပြေစစ်ကြောရေးစခန်းသို့ ခေါ်ဆောင်လာပြီး ဆက်လက်စုံစမ်း စစ်ဆေးမှုပြုခဲ့ သည်။ စစ်ဆေးခံရသူများထဲတွင် အိမ္မဲမြို့နယ် NLD စည်းရုံးရေးမှူး စောမျိုးချစ်တစ်ယောက် သေလုမျောပါးမတတ် သတိလစ် ကာ လျှပ်စစ်ဓါတ်နှင့် တို့၍ နှိပ်စက်ညှင်းပမ်း အစစ်ဆေးခံခဲ့ရသည်။ စောမျိုးချစ် သတိလစ် မေ့မျောနေစဉ် ရဲချုပ်ဗိုလ်ချုပ်ခင်ရီ ကိုယ်တိုင်က “ဒီကောင် ဒီလိုနှိပ်စက်ခံရတာ ခေါင်းမာလို့ ဖြစ်ရတယ်။ သတိပြန်ရလို့ ဆက်ခေါင်းမာနေမယ်ဆိုရင် စောစတန် ဖော့ သွားရာလမ်းကိုပဲ သွားရမယ်”ဟု ကြိမ်းမောင်းပြောဆိုခဲ့သည်။
စောမျိုးချစ် သတိရလာတော့ အသက် ၇ဝအရွယ် ကျေးရွာ NLD ဥက္ကဌ စောဖိုးရိုင်းက သူတို့ဖြစ်ချင်တာကိုပဲ ဝန်ခံတရားရုံးတင် ၍ စီရင်ချက်ချရန်သာ ကျန်တော့သည်။
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ပေလား။ စောမျိုးချစ်နှင့် အဖွဲ့တို့အား ကယ်မမည့်သူများ ပေါ်ပေါက်လာခဲ့သည်။ စောစံဖိုး သင်၏ သမီးဖြစ်သူ နော်နယ်သီသင်(ရဲမှူး အငြိမ်းစား)၊ ရန်ကုန်တိုင်း ရဲမှူးကြီး ဖြစ်ခဲ့သော ဝင်းနိုင်ထွန်း ၁ပွင့်ရာထူးနှင့် သတင်း တပ်ဖွဲ့တွင် အတူလုပ်ကိုင်ခဲ့သူ တကူဆိပ်ရွာသူ ရဲမေနော်မေရီ(၃ပွင့်)နှင့် အိမ္မဲမြို့နယ် NLD ဥက္ကဌ ဦးမောင်မောင်ကြီးနှင့် အဖွဲ့ ဝင်များနှင့် အဖိုက်ရွာသူ နော်စနိုးဝှိုက်တို့က အမှုမှန် ပေါ်ပေါက်စေရန် အပူတပြင်း လိုက်လံ၍ စုံစမ်းရာ ဗုံးဖေါက်ခဲ့သူဟု စွပ်စွဲခံ ရသည့် စောသာဖြူသည် ၂၀၀၅ မေလတွင် ရန်ကုန်တွင်မရှိဘဲ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြောင်း ၎င်း၏ ကုမ္ပဏီမှ အစုရှယ်ယာရှင် ဒရိုက်တာတစ်ဦးပါ မြန်မာနိုင်ငံသို့ လာရောက်၍ အစစ်ဆေးခံ ထွက်ဆိုခဲ့သဖြင့် NLD မြို့နယ် စည်းရုံးရေးမှူး စောမျိုးချစ် အပါအဝင် ၁၅ဦးကို တရားသေ လွှတ်ပေးခဲ့ရတော့သည်။
နောက်ပိုင်းတွင် မြောင်းမြခရိုင် ဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး ကြည်ထွဋ်ဝင်း တကူဆိပ်ရွာသို့ ရောက်လာပြီး စောစတန်းဖော့၏ ဇနီး နော်စေးထယ်အား တွေ့ဆုံကာ ဤကိစ္စနှင့် ပတ်သက်၍ မည့်သည့်အဖွဲ့အစည်းကိုမျှ မတိုင်ကြားရန်၊ အိမ်အသစ်ဆောက် လုပ်ပေးမည်။ လစဉ် အမြဲထောက်ပံ့သွားမည်ဟု ကတိတွေပေးကာ ကြည်ထွဋ်ဝင်းမှ ၃သိန်း ၆သောင်းကျပ်၊ အိမ္မဲမြို့နယ် ပညာ ရေးဌာနနှင့် ကျန်းမာရေးဌာနတို့က ငွေ ၁သိန်းကျပ်စီ အခြားလူမှုအဖွဲ့အစည်းမှ ၁သိန်း စုစုပေါင်း ငွေ ၅သိန်း ၆သောင်းကျပ် ပေးပြီးနောက် ယခုထိ နောက်ထပ်ဘာမျှ မရရှိတော့ပေ။ ဒုတိယ ဗိုလ်မှူးကြီးကြည်ထွဋ်ဝင်းလည်း ယခုထိ ဘယ် ဆီရောက်နေ သည်ကို မသိရတော့ပါ။ သေဆုံးသူ စောစတန်းဖော့သည် နိုးကြားသည့် ကရင်အမျိုးသား အစိုးရဝန်ထမ်း အလယ်တန်းပြ ဆရာတစ်ဦးဖြစ်သည့်အပြင် သူ၏ မိဘနှစ်ပါးမှာလည်း အိမ္မဲမြို့နယ်၊ ကြိုကုန်းကျေးရွာ အလယ်တန်းပြဆရာ၊ ဆရာမများ ဖြစ်ခဲ့ ကြသည်။
စောစတန်းဖော့သည် ရွေးကောက်ပွဲဝင်မည့် KPP ပါတီ ဒုဥက္ကဌ ဒေါက်တာစောစိုင်မွန်သာ၏ တူဖြစ်သော်လည်း ၎င်းတို့ ဒုက္ခ ရောက်စဉ် ဒေါက်တာစောစိုင်မွန်သာမှ မည်သည့်အကူအညီမျှ မရရှိခဲ့ဟု ၎င်း၏ဇနီးသည် နော်စေးထယ်က ပြောပြသည်။
၂၀၀၆ ခုနှစ်တွင် ICRC ၏ အကူအညီဖြင့် နော်စေးထယ်သည် သမီးငယ် နော်ဖောလောလအား ခြေတုတပ်ဆင်ရန် ရန်ကုန်မြို့ မသန်မစွမ်းဆေးရုံတွင် လာရောက်ပြသခဲ့သည်။ ဆေးရုံမှ ၃လခွဲ ကြာမည်ဆို၍ အခက်အခဲဖြစ်နေရာ အိမ္မဲ NLD ဥက္ကဌ ဦး မောင်မောင်ကြီးနှင့် မြောင်းမြမြို့နယ် NLD အတွင်းရေးမှူး မန်းမျိုးချစ်တို့၏ အကူအညီဖြင့် တစ်လကျော်ကာလအတွင်း ခြေတု တပ်ဆင်၍ အဆင်ပြေသွားခဲ့သည်။
နော်စေးထယ်တို့ မိသားစုအား မျိုးဆက်သစ် ကျောင်းသားများဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့က ငွေကျပ်တစ်သိန်းခွဲ၊ နော်အုန်းလှနှင့် အဖွဲ့က ငွေကျပ် ၂သိန်း၊ မစုစုနွေးက ငွေကျပ် ငါးသောင်း အသီးသီး ကူညီပံ့ပိုးပေးခဲ့ကြသည်။
ဤရင်နင့်ကြေကွဲဘွယ် ဖြစ်ရပ်ကြီးကို ရင်ဆိုင်တွေ့ကြုံခံစားခဲ့ရသော ကရင်တိုင်းရင်းသား စောစတန်းဖော့နှင့် ဇနီးတို့ မိသားစု၊ NLD အိမ္မဲမြို့နယ်စည်းရုံးရေးမှူး စောမျိုးချစ်တို့အဖွဲ့၏ ဇာတ်လမ်းကို အိမ္မဲ NLD ဥက္ကဌ ဦးမောင်မောင်ကြီးက ကျနော့်အား စိတ် ရှည်လက်ရှည်ဖြင့် သူသိသမျှ အချက်အလက်များကို ပြောပြပြီးသည့်နောက် ကျနော့်ရင်ထဲတွင် ဆို့နစ်ကြေကွဲစွာ ခံစားခဲ့ရပါ သည်။
၂၀၁ဝ ဧပြီလ မြန်မာသကြင်္န်ပွဲတော် ကန်တော်ကြီးစောင်း X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင်လည်း ယခုကဲ့သို့ အပြစ်မဲ့ သား ကောင်များကို ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်ခြင်း၊ မတရား ဝန်ခံခိုင်းခြင်းတို့ကို ပြုလုပ်မည်ကို ကျနော် စိုးရွံ့နေမိပါသည်။
“မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိ”
“တရားဥပဒေ အထက်က မည်သူမျှ မရှိစေရ”
ဆိုသော ဆောင်ပုဒ်သည် ဘယ်သောအခါမှ အကောင်အထည်ပေါ်၍ လာမည်နည်း။ တဖက်သတ်ရေးဆွဲထားသည် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ တဖက်သတ် ထုတ်ပြန်ထားသော ရွေးကောက်ပွဲဥပဒေဖြင့် ၂၀၁ဝ အယောင်ဆောင် ရွေးကောက်ပွဲကို ကြည့်ခြင်းအားဖြင့် ပြည်သူတို့ လိုလားသော အမှန်တရားနှင့် လူ့အခွင့်အရေးသည် ဝေးကွာမြဲ ဝေးကွာနေပေလိမ့်ဦးမည်။