Home သတင်း KNU တပ်မဟာ (၅) နှင့်တိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၆၅ဦး ထပ်မံကျဆုံး

KNU တပ်မဟာ (၅) နှင့်တိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၆၅ဦး ထပ်မံကျဆုံး

8948

ဩဂုတ် ၂ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ မူ‌တြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)တွင် ဇူလိုင်လ ၁ လတွင်း စစ်‌ကောင်စီတပ်ဘက်မှ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် (၆၅) ဦး ထပ်မံကျဆုံးသည်ဟု KNU တပ်မဟာ (၅) ၏ လစဉ် ထုတ်ပြန်ထားသည့် တိုက်ပွဲဖြစ်ပွားမှု စာရင်းအရ သိရသည်။

ဇူလိုင် ၁ ရက်မှစတင်၍ ၃၁ ရက်‌နေ့အထိ KNU ထိန်းချုပ်နယ်‌မြေ မူ‌တြော်ခရိုင်တွင် နယ်‌မြေခံ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA ) တပ်မဟာ (၅)နှင့် စစ်‌ကောင်စီတပ်အကြား တစ်လ အတွင်း တိုက်ပွဲ‌ပေါင်း (၁၃၃) ကြိမ်ဖြစ်ပွားရာ စစ်‌ကောင်စီဘက်မှ (၆၅)ဦး ကျဆုံးပြီး (၁၀၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

‌ကေအဲန်ယူ တပ်မဟာ ၅ အုပ်ချုပ်နယ်‌မြေအတွင်း စစ်‌ကောင်စီတပ်ဘက်မှ နယ်‌မြေစိုးမိုး‌ရေးအတွက် စစ်‌ရေး လှုပ်ရှားမှုများ အဆက်မပြတ် လုပ်‌ဆောင်‌နေခြင်း‌ကြောင့် ယခုလို ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု KNLA တပ်မဟာ(၅) ဘက်မှ ဆိုသည်။

ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KNLA တပ်မဟာ(၅)ဘက်မှလည်း (၃)ဦးဒဏ်ရာရရှိသည့်အပြင် ‌ဒေသခံ (၁) ဦး‌သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွား‌ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်‌ကောင်စီဘက်မှ ‌ဒေသခံ အရပ်သား လူ‌နေအိမ် ၅ လုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့သလို ‌ကျေးရွာ အတွင်းသို့ လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် လူ‌နေအိမ် (၁)လုံး ကျည်ထိမှန်ပျက်စီးခဲ့သည်ဟုလည်း ‌ကေအဲန်ယူ တပ်မဟာ ၅ ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေတွင် ပြီးခဲ့သည့် ‌မေလတုန်းက တိုက်ပွဲ‌ပေါင်း (၁၉၃) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီဘက်မှ (၁၂၈)ဦးကျဆုံးပြီး ဇွန်လတွင် ၂၅၄ ကြိမ် တိုက်ပွဲပြန်ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီဘက်မှ ၁၅၆ ဦးကျဆုံးခဲ့သည်။ ဇူလိုင်လတွင်လည်း တိုက်ပွဲ‌ပေါင်း (၁၃၃)ကြိမ် ဖြစ်ပွားရာ (၆၅)ဦး ထပ်မံ‌သေဆုံးသည့်အတွက် ၃ လအတွင်း ‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေတွင် စစ်‌ကောင်စီတပ်ဘက်မှ စုစု‌ပေါင်း (၃၄၉)ဦး ကျဆုံးသွား ခဲ့သည်ဟု သိရသည်။