ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူး)
“ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ယုံကြည်နိုင်ရာ အခင်းအကျင်းတစ်ခု၊ ပြည်သူလူထုတွေ ယုံကြည်နိုင်ရာ အခင်းအကျင်းတစ်ခု မဖန်တီးနိုင်ဘဲနဲ့တော့ ပူးပေါင်းပါဝင်ဖို့ဆိုတဲ့ အနေအထားက
အတော်လေး ခက်ခဲနေအုံးမှာပါ”
ဇူလိုင်လ ၂၄ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁ဝဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ(CSMC) ဖွဲ့စည်းမှုနှင့်ပတ်သက် ပြီး ကော်မတီ၏ ပြောခွင့်ရ ရဲဘော်မျိုးဝင်းကို ကေအိုင်စီက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။
မေး – ဒီကော်မတီကို ဖွဲ့စည်းလိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က ဘာကြောင့်ပါလဲ။
အဓိက ရည်ရွယ်ချက်ကတော့ ကော်မတီရဲ့ လုပ်ငန်းစဉ်ကိုလည်း သတ်မှတ်ထားပါတယ်။ ပထမဆုံးကတော့ PPST အနေနဲ့ ဒီပြဿနာကို ရှုမြင်မှုက တစ်တိုင်းပြည်လုံးအနေနဲ့က အရေးပေါ် အခြေအနေ ဖြစ်ပေါ်နေပြီးပေါ့။ အဲ့ဒီအ ခြေအနေအောက်မှာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ဒါက တစ်မျိုးသား လုံးနဲ့ဆိုင်တဲ့ပြဿနာလို့ ရှုမြင်တယ်။ ဒီအခြေအနေအောက်မှာ အင်အားစုအားလုံးနဲ့ လက်တွဲ လုပ်ဆောင်ဖို့ လိုအပ်လိမ့် မယ်။ အင်အားစုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ အနေအထားမှာ မြန်မာပြည်မှာက နိုင်ငံရေးအကြပ်အ တည်းကော၊ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကော စီးပွားရေးဆိုင်ရာ ပြဿနာတွေကော တစ်ပြိုင်နက် ဖြစ်နေတာ ကိုး။
ဒါကြောင့် ပထမဦးဆုံး ဖြေရှင်းရမှာကော လူသားတွေရဲ့ လုံခြုံမှုပေါ့။ တစ်နေ့တစ်နေ့ ဆုံးရှုံးနေရတဲ့လူတွေက များလာပြီးဖြစ်တဲ့အတွက် အဲ့အခြေအနေကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးပြဿနာနဲ့ လူမှုရေးပြဿနာနဲ့ စီးပွားရေးပြဿ နာကို တစ်ပြိုင်နက် ဖြေရှင်းရမှာမှန်ပေမဲ့ ဦးစားပေးရမဲ့ အကြောင်းအရာက လတ်တလောဖြစ်နေတဲ့ ကျန်းမာရေးဆိုင် ရာ ပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့လိုတယ်ဆိုတဲ့ အခြေခံအပေါ်မှာ နိုင်ငံရေးကို အခြေမခံဘဲနဲ့ လူသားဆိုတဲ့ အခြေခံ ပြီး ကျန်းမာရေးရှုထောင့်ကနေ ဖြေရှင်းနိုင်ရေး အင်အားစုအားလုံးနဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာပြီးတော့မှ အားလုံး လက် ခံနိုင်တဲ့ နည်းလမ်းတစ်ခု ဖော်ထုတ်နိုင်ဖို့အတွက် ဒီကော်မတီကို ဖွဲ့စည်းဆောင်ရွက်ပေးလိုက်တာပဲ အဓိက ရည်ရွယ် ချက်ကတော့။
မေး – ကိုဗစ်ထိန်းချုပ် ကာကွယ်တားဆီးဖို့ကို ဒီကော်မတီကနေပြီးတော့ အဓိက ဘာတွေ အကောင်အထည်ဖော် လုပ်ဆောင်သွားမှာလဲ။
အဓိကအားဖြင့် ဒီကော်မတီက ကိုဗစ် ထိန်းချုပ် ကာကွယ်ရေးကို လက်တွေ့ အကောင်အထည်ဖော်ဆောင် ရွက်မဲ့ကော်မတီ မဟုတ်ဘူး။ အားလုံးပါဝင်ပြီးတော့မှ လူထုတွေအနေနဲ့ ကျန်းမာရေး လက်လှမ်းမီနိုင်တဲ့ အစီအစဉ် တွေ ပေါ်ထွက်လာဖို့အတွက် ညှိနှိုင်းဖို့လိုတဲ့ အစီအစဉ်ပဲဖြစ်တယ်။ အဓိက ကတော့ နှစ်ပိုင်းရှိတာပေါ့။ EAO တွေအနေ နဲ့ ပြောရမယ်ဆိုရင်။ တစ်ပိုင်းက တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စတွေကို EAOတွေ အနေနဲ့ ခုနကပြောတဲ့ အားလုံး လက်ခံနိုင်တဲ့၊ လူထုလည်း ယုံကြည်နိုင်တဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး ကာကွယ်ဆေးထိုးတာပဲဖြစ်ဖြစ်၊ ကုသရေးပိုင်းတွေ လုပ်တာပဲဖြစ်ဖြစ်၊ ကိုဗစ်နဲ့ပတ်သက်ပြီး ဆေးစစ်တဲ့လုပ်ငန်းတွေ လုပ်တာပဲဖြစ်ဖြစ်၊ ဒီလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့ နေရာမှာတော့ ပြည်သူလူထု ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှု မရှိဘဲနဲ့ အောင်မြင်မှာမဟုတ်ပါဘူး။
ဒါကြောင့် အားလုံး စုပေါင်းဆောင်ရွက်နိုင်တဲ့ အနေအထား၊ ပြည်သူလူထုယုံကြည်နိုင်တဲ့ လုပ်ငန်းစဉ်တွေ ပေါ်လာအောင် ကြိုးပမ်းမယ်ဆိုတဲ့ဟာတစ်ခု။ ဒါကတော့ အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်။ ပြည်တွင်းမှာရှိတဲ့ Stakeholder တွေနဲ့ ညှိနှိုင်းမယ်။ နိုင်ငံတကာမှာရှိနေတဲ့ အင်အားစုတွေနဲ့ ညှိနှိုင်းမယ်။ အလှူရှင်တွေနဲ့လည်း ညှိနှိုင်း ဆောင်ရွက်ရမဲ့ ကိစ္စပဲ။ နောက်တစ်ပိုင်းကတော့ EAO တွေရဲ့ ဒေသမှာရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းပေါ့။ ဒါကလည်း နှစ်ပေါင်းများစွာ လုပ်ဆောင်လာတဲ့ လုပ်ငန်းစဉ်တွေပဲ။ ကိုယ့်ဒေသမှာရှိတဲ့ လူထုကို ကိုယ်နိုင်တဲ့အားနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို တစ်လျှောက်လုံးလုပ်လာခဲ့တာပဲ။ ပထမလှိုင်းကတည်းက NLD အစိုးရလက် ထက်မှာ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ EAO တွေမှာ နိုင်တဲ့အားနဲ့မျှတဲ့ အစီအစဉ်၊ ပြီးတော့မှ နိုင်ငံတကာ အကူအညီ ရယူပြီးတော့မှာ NLD အစိုးရရဲ့ ထောက်ပံ့တဲ့ အစီအစဉ်တွေလည်းရှိတယ်။ နိုင်ငံတကာ အကူအညီရယူပြီး တော့မှပဲဖြစ်ဖြစ် ပထမလှိုင်းကတည်းက အဲ့ဒါကို ဆောင်ရွက်ထားတဲ့ အစီအစဉ်လည်းရှိတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက EAO ဒေသတွေမှာ ကာကွယ်ရေး ထိန်းချုပ်ရေး ကို လုပ်နိုင်ခဲ့တယ်။ ရောဂါကူးစက်ပြန့်နှံ့မှုက EAO ဒေသတွေကို မရောက်ခဲ့ဘူး။ တတိယလှိုင်းမှာကတော့ EAO ဒေသ တော်တော်များများကိုလည်း ရောက်ရှိသွားတယ်။ ရောက်ရှိတဲ့အတွက် ကျန်းမာရေးအရ ရှိနေတဲ့ Capacity အနေအ ထားရော ဆေးရုံ ဆေးခန်း အနေအထားရော ကုသရေးအဆင့်ထိကို အရေးပေါ် အခြေအနေဖြစ်လာရင် မနိုင်မနင်း ဖြစ် လိမ့်မယ်ဆိုတဲ့ အခြေအနေမျိုးကို စိုးရိမ်ရတာပေါ့။ အဲ့အခြေခံအောက်မှာ အကူအညီတွေကတော့ EAO ဒေသတွေမှာ လည်း သူ့ဒေသအလိုက် အကူအညီတွေ လိုအပ်မှာပဲ။ တစ်နိုင်ငံလုံးရဲ့ ပြဿနာကို ကျနော်တို့ ဖြေရှင်းရမှာဖြစ်သလို EAO ဒေသမှာရှိတဲ့ အကူအညီတွေရရေး အတွက်ကို လည်းပဲ ကျနော်တို့ကြိုးပမ်းသွားကြရမှာပါ အားလုံးနဲ့ လက်တွဲပြီး တော့။ အဲ့ဒါတွေကို ဆောင်ရွက်ရမှာပေါ့နော်။
မေး – ကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ် ၈ရပ်က အဓိက ဘာတွေဖြစ်မလဲ။
ဒီ ၈ရပ်က ခုနက ကျနော်ပြောတဲ့ ကိစ္စရပ်တွေပေါ့။ တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အားလုံး လက်ခံနိုင် တဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး၊ ကုသရေး ကာကွယ်ရေး အစီအစဉ်တွေပေါ့။ အဲ့ဒါကို Stakeholder အားလုံးနဲ့ အမြန် ဆုံးညှိနှိုင်းသွားမယ်။ နိုင်ငံတကာ အကူအညီ ရရှိနိုင်ရေးအတွက်လည်း နိုင်ငံတကာ အင်အားစု အားလုံးနဲ့ ကျနော်တို့ ကြိုးပမ်းသွားမယ်။ ပြီးတော့ ကိုဗစ်-၁၉ ဖြစ်ပေါ်ပြီးတော့ သက်ရောက်မှုက နောက်ဆက်တွဲ ပြဿနာတွေပေါ့။ ပြဿ နာတွေကို ကျနော်တို့က ထိန်းချုပ်ကာကွယ်ရုံနဲ့ မပြီးသေးဘူး။ နောက်ဆက်တွဲ ပြဿနာတွေကို ကျနော်တို့ကလည်း ဆန်းစစ်သုံးသပ်ထားသေးတယ်။
အာဆီယံ သဘောတူညီချက်မှာလည်း ပါတယ်။ အာဆီယံ သဘောတူညီချက် ငါးချက်မှာ နံပါတ် ၄အချက်မှာ ဘာပါသလဲဆိုရင် မြန်မာပြည်မှာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို အာဆီယံနိုင်ငံတွေကနေပြီး တော့ ပေးအပ်ကြိုးပမ်းသွားမယ်ဆိုတဲ့အချက်လည်း ပါတာကိုး။ အဲ့အပေါ်မှာ အခြေခံပြီးတော့မှ ဘာတွေလုပ်နိုင်သလဲ ဆိုတဲ့ နည်းလမ်းပေါ့။ နောက်တစ်ခုက ခုနက ကျနော်ပြောတဲ့ EAO အတွင်းမှာရှိနေတဲ့ ကာကွယ်ရေး၊ ကုသရေး ထိန်း ချုပ်ရေး အစီအစဉ်တွေကိုလည်း နိုင်ငံတကာ အကူအညီရရှိပြီးတော့မှ ဒီထက်မက တိုးမြှင့်လုပ်သွားနိုင်ဖို့အတွက်လည်း ကြိုးပမ်းသွားရမယ်ဆိုတာလည်းပါတယ်။ ပြီးတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာကြောင့် ဆေးကုသခွင့်မရတဲ့ အနေအထား ဆေးရုံတွေ ဆေးခန်းတွေ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခြေအနေပေါ့။
နိုင်ငံရေးပြဿနာကြောင့်ပဲ ကျန်းမာရေး ဝန်ထမ်းတွေက CDM ဖြစ်သွားတာတွေရော၊ မတရား ဖမ်းဆီးအရေး ယူခံနေရတဲ့ အခြေအနေတွေရော ဒါတွေဖြစ်နေတာပေါ့။ တကယ်တမ်း လုပ်ငန်းတွေ အကောင်အထည် ဖော်ဆောင် ရွက်တဲ့နေရာမှာ ဒီကျန်းမာရေးဝန်ထမ်း အရင်းအမြစ်တွေက အင်မတန် အရေးကြီးပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ဆေးပညာရှင်တွေ ဆိုတာကလည်း တစ်နေ့ထဲ၊ တစ်ထိုင်ထဲ ပြင်ဆင်လို့မရပါဘူး။ အချိန်ယူပြီးမှ ရတဲ့ပညာရှင်တွေ ဖြစ် တယ်။ သူတို့အခန်းကဏ္ဍက အင်မတန်မှ အရေးပါ ပါတယ်။
အခု ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းစဉ်မှာ အားလုံး လက်ခံနိုင်တဲ့ ပုံသဏ္ဍန်တစ်ခု ဖော်ထုတ်မယ်ဆိုရင် တော့ သူတို့ ဖမ်းဆီးထားတဲ့ ဆရာဝန်တွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်တယ်။ သူတို့နဲ့ ပတ်သက်တဲ့ အရေး ယူဆောင်ရွက်မှုတွေ အားလုံးကို ချက်ချင်း ဖျက်သိမ်းပေးဖို့ လိုအပ်တယ်။ အဲ့အခြေအနေမျိုးအောက်မှာ ကျန်းမာရေး ဝန်ထမ်းတွေကို လွတ်လပ်စွာ ပါဝင်ခွင့်ကို ပေးထားဖို့လည်း လိုအပ်ပါတယ်။ ဒါတွေကိုလည်း အားလုံးနဲ့ ညှိနှိုင်းပြီး ဖြေရှင်းဆောင်ရွက်သွားဖို့အတွက် အစီအစဉ်ထဲမှာ အဲ့ဒါတွေလည်းပါတယ်။ အခုလည်း တွေ့သင့်တွေ့ထိုက်တဲ့သူတွေ ကို ကျနော်တို့က တွေ့နိုင်ဖို့ ပြင်ဆင်နေသလို တချို့နဲ့လည်း တွေ့ဆုံနေပါပြီး။
မေး – တစ်နိုင်ငံလုံးအတိုင်းအတာလို့ ဆိုတဲ့နေရာမှာ တွေ့ဆုံညှိနှိုင်းသွားဖို့က လက်ရှိ အာဏာသိမ်းထားတဲ့ စစ် ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်သွားမဲ့ အနေအထားကို ပြောချင်တာလား။
အခု အခြေအနေမှာတော့ ကျနော်တို့ တိတိကျကျ ပြောဖို့အတွက်က ကျနော်တို့ EAO တွေအတွင်းမှာ ဒီကိစ္စ တွေလည်းပဲ အရေးကြီးတဲ့ အခြေအနေတွေ ဖြစ်နေတာကိုး။ ဘယ်သူနဲ့ ဘယ်အခြေအနေမှာ ဘယ်အနေအထားနဲ့ တွေ့ ရမလဲဆိုတာကို ကျနော်တို့ ညှိနှိုင်းပြင်ဆင်ရအုံးမှာဖြစ်တယ်။ ဆိုလိုတာက တွေ့ရမဲ့ အင်အားစုထဲမှာက လက်ရှိ အနေ အထားအရ Stakeholder အားလုံးထဲမှာ အရေးကြီးတဲ့ stakeholder အားလုံးကို တွေ့ဖို့အတွက်တော့ မျှော်မှန်းထား တယ်။ ခုနကပြောတဲ့ စစ်ကောင်စီနဲ့ တွေ့မဲ့ကိစ္စမှာတော့ အခြေအနေ အချိန်အခါနဲ့ အားလုံးရဲ့ သဘောထားတွေ ညှိနှိုင်း ပြီးတော့မှ ကျနော်တို့ ဆောင်ရွက်ရမဲ့ကိစ္စတွေလို့ပဲ ကျနော်မြင်တယ်။ အခုအချိန်ထိတော့ စီစဉ်ထားတာမရှိသေးဘူး။
မေး – တစ်ဖက်မှာက CTF လို့ခေါ်တဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းထားတဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ကို ဖွဲ့စည်းထားတာလည်း ရှိတဲ့အပေါ် အခု ဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ကကော ဆက်စပ်တွေရှိနေလား။ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်သွားတာမျိုးကော ရှိလာနိုင်လား။
ရှိနေပြီးလားဆိုတော့ ရှိနေပြီးလို့ပဲ ပြောရမှာပေါ့။ ဆိုလိုတာက EAO ထဲမှာက Ethnic Health Organization တွေက နဂိုကတည်းက ရှိပြီးသားဆိုတော့ ကျနော်တို့ ၁ဝဖွဲ့ထဲမှာ ပါနေတဲ့ EAO တွေကလည်းပဲ အဲ့ထဲမှာ ဆက်စပ်ပြီး တော့ ပါနေကြမှာပဲလေး။ ပထမ ကျနော်ပြောခဲ့သလိုပဲ ပထမလှိုင်း၊ ဒုတိယလှိုင်းကတည်းက EAO တွေက ကိုယ်တတ် နိုင်တဲ့ အနေအထားကနေ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုပ်ခဲ့ရတာကိုး။ ဆိုလိုတာက EHO အချို့ရဲ့ အခန်းကဏ္ဍလည်း ရှိမယ်။ Sector သုံးခု ပူးပေါင်းဆောင်ရွက်ရတာဆိုတော့ နိုင်ငံတကာဆိုရင် နိုင်ငံတကာ ပေ့ါ။ WHO တို့၊ UNICEF တို့ နိုင်ငံတကာအလှူရှင်တွေမှာက ပရိုဂရမ်ရှိတယ်။ ဒါက တစ်ခု။ နောက်ပြီး ကျန်းမာရေးဝန် ကြီးဌာနတို့၊ လူကယ်ပြန်ဌာနတို့ ဆိုတာကလည်း သပ်သပ်ရှိတယ်။ အဲ့ဒါတွေ သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမှုတွေက ရှိတာကိုး။ ဒါက အရင် NLD အစိုးရလက်ထက်က ရှိခဲ့တာကို ပြောတာပါ။ ဒါက နဂိုကတည်းက ရှိပြီးသား။
ဒါပေမဲ့ အခု အာဏာသိမ်းတဲ့နောက်ပိုင်းမှာက အရင်လုပ်ထားတဲ့ ကိစ္စတွေက အကုန် အခက်အခဲ ဖြစ်ကုန်တာ ပေါ့။ အခုက ဒေါက်တာစင်သီယာမောင် ဦးဆောင်တဲ့ နယ်စပ်ဒေသ တိုင်းရင်းသား ကျန်းမာရေး အစီအစဉ်ဆိုတာကလဲ အရင်ကတည်းက တစ်လျှောက်လုံး လုပ်လာခဲ့တာပဲ။ NUG နဲ့ ပေါင်းခြင်း မပေါင်းခြင်းဆိုတာထက် ဒီကိစ္စတွေကို နှစ်ပေါင်းများစွာကတည်းက သူတို့က လုပ်လာခဲ့ပြီးသား။ EHO တွေက NUG နဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ အခြေအနေတွေကလည်းပဲ နယ်စပ်ဒေသတွေကနေပြီးတော့မှ နယ်ခြားဖြတ်ကျော် ကူညီမှုတွေ ဘယ်လိုရနိုင်မလဲ ဆိုတဲ့ အနေအထားတွေ တိုးမြှင့်လုပ်နိုင်ဖို့အတွက်ကို ရည်ရွယ်ပြီး ဆောင်ရွက်တယ်လို့ ကျနော်တော့ ထင်တယ်။ ကျနော်တို့မြင်တာက ဘယ်သူပဲလုပ်လုပ် နိုင်ငံရေးကို အမြတ်မထုတ်ဘဲ လူထုကို အကာအကွယ်ပေးနိုင်ဖို့ဆိုရင် အားလုံးလုပ်။ ကျနော်တော့ ထောက်ခံတယ်။ ကျနော်တို့ မလုပ်နိုင်ရင်လည်း လုပ်နိုင်တဲ့သူတွေရှိရင် ကြိုဆိုရမှာပဲ၊ အသိအမှတ်ပြုရမှာပဲ။
အခုက ဆရာမ စင်သီယာမောင် ဦးဆောင်တဲ့အဖွဲ့က လက်တွေ့ အော်ပရေးရှင်း လုပ်ဆောင်မဲ့အဖွဲ့၊ ကျနော်တို့ အဖွဲ့က အဲ့လိုမဟုတ်ဘူး။ ဆိုလိုတာက ရှိနေတဲ့ဟာတွေကို အတူတကွ လုပ်နိုင်ဖို့အတွက်ကို တိုင်းပြည်အတွက် လိုအပ် နေတဲ့ဟာတွေကို ညှိနှိုင်း ရှာဖွေဖို့ ကြိုးပမ်းတဲ့ဟာတွေပဲ ဖြစ်တယ်။
မေး – အခု CDM လုပ်တဲ့ ဆရာဝန်တွေကို စစ်ကောင်စီက တရားစွဲဆိုတာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်မှုအပေါ်မှာ ကော PPSST အနေနဲ့ ဘယ်လိုသဘောထားရှိလဲ။
ဖမ်းဆီးထားတဲ့ ဆေးပညာရှင်အားလုံးကို ချက်ချင်း ချွင်းချက်မရှိ လွှတ်ပေးရမှာပဲ။ တရားစွဲထားတဲ့ဟာတွေ ထွက်ပြေးနေရတဲ့ အခြေအနေတွေကိုလည်း အားလုံးကို ရုတ်သိမ်းပေးရမှာပဲ။ အခုက ကြားမှာ ပြန်လာပါဆိုပြီးတော့ ကမ်းလှမ်းတဲ့ဟာမျိုးတော့ ကျနော်တို့ ကြားနေရတယ်။ အဲ့လောက်နဲ့တော့ မလုံလောက်ဘူးထင်တယ်။ ဆိုလိုတာက ယုံကြည်လောက်တဲ့ အခင်းအကျင်းတစ်ခုကို ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ယုံကြည်နိုင်ရာ အခင်းအကျင်းတစ်ခု ပြည်သူလူထုတွေ ယုံကြည်နိုင်ရာ အခင်းအကျင်းတစ်ခု မဖန်တီးနိုင်ဘဲနဲ့တော့ ပူးပေါင်းပါဝင်ဖို့ဆိုတဲ့ အနေအထားက အတော်လေး ခက်ခဲနေအုံးမှာပါ။ ဖိတ်ခေါ်ပါတယ်ဆိုတာလောက်နဲ့တော့ မလုံလောက်ဘူး။
လွတ်လပ်စွာ ရွေးချယ်ပြီးတော့မှ ပါဝင်ခွင့်ကို ပေးထားရမှာ။ ဆိုလိုတာက ကျန်းမာရေးစင်တာက ပုံသဏ္ဍာန် မျိုးစုံနဲ့ ရှိတာကိုး။ ဥပမာ အစိုးရရဲ့ အင်စတီကျူးရှင်းနဲ့သွားနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေရှိတယ်။ ပြီးတော့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေရှိတယ်၊ ပြီးတော့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကနေ ဆောင်ရွက်တဲ့ ဟို အရင်တုန်းကဆိုရင် ဧရာဝတီစင်တာတို့၊ ရိုးမစင်တာတို့ အရပ်ဖက်အဖွဲ့အစည်းကနေ လုပ်ပေးတဲ့ စင်တာတွေ အများကြီးပေါ်လာတယ်။ EAO တွေရဲ့ ကျန်းမာရေး Institution တွေဖြစ်တဲ့ EHO တွေပေါ့။ အဲ့မှာ လုပ်ဖို့က ကျန်းမာရေးပညာရှင်တွေ လိုအပ် တာကိုး။ အဲ့ဒါတွေကို နိုင်ငံရေးနဲ့ သွားချိန်လိုက်တော့ အကုန် ခက်ကုန်တာပေါ့။
အဲ့ဒါကြောင့် နိုင်ငံရေးကို အခြေမခံဘဲ နဲ့ ဒါကြီးတစ်ခုလုံးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှသာလျင် နိုင်ငံတကာ အကူအညီလိုအပ်တာက မှန်တယ်။ ပထမဆုံး အရေးကြီးတာက တိုင်းပြည်မှာရှိနေတဲ့ အရင်းအမြစ်တွေကို ပထမ အမြန်ဆုံး ရယူသုံးစွဲနိုင်ဖို့လိုတယ်။ အဲ့ဒါ မှ မလုံလောက်မှသာလျှင် နိုင်ငံတကာက အကူအညီတွေ၊ ဆေးဝါးအကူအညီတွေ အားလုံး ရယူရမှာပဲ။ အဲ့ဒါကြောင့် ပြည်တွင်းက အရင်းအမြစ်တွေကို ရအောင်မလုပ်ဘဲနဲ့ နိုင်ငံတကာ အကူအညီကို သွားယူမယ်ဆိုရင် အရမ်းခက်သွားမှာ ပေါ့။