Home သတင်း စစ်‌ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ‌ဒေသခံပြည်သူလူထုများ စိုးရိမ်ထိတ်လန့်‌နေရ

စစ်‌ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ‌ဒေသခံပြည်သူလူထုများ စိုးရိမ်ထိတ်လန့်‌နေရ

9422

ဧပြီ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်)ခရိုင်( တပ်မဟာ -၅)နယ်‌မြေအတွင်း အာဏာသိမ်းစစ် ‌ကောင်စီတပ်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ‌ဒေသခံပြည်သူလူထုများမှာ စိုးရိမ်ထိတ်လန့်‌နေရ သည်ဟု KNU က ယမန်‌နေ့ (ဧပြီလ ၁၁ရက်) က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၉ ရက်‌နေ့က မူ‌တြော်ခရိုင် လူ‌သောမြို့နယ်၊ ‌စောမူပ‌လော‌ကျေးရွာအုပ်စုတွင် ‌တောင်ပိုင်း တိုင်းစစ် ဌာနချုပ်(တပခ)၏ လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ – ၂၀) တို့သည် ပြည်သူလူထု၏ လုပ်ငန်းခွင် ‌နေရာများသို့ လက်နက်ကြီး ၅ လုံးပစ်ချခဲ့သလို လုပ်ငန်းခွင်တွင် အလုပ်လုပ်‌နေသည့် ‌ဒေသခံများကိုလည်း ‌သေနတ်ဖြင့်လှမ်းပစ်ခတ်ခဲ့‌ကြောင်း ‌ဒေသခံတစ်ဦး၏ ‌ပြောကြားချက်ကိုးကားပြီး KNUက ယခုလို ထုတ်ပြန်ထား ခြင်းဖြစ်သည်။

‌ဒေသခံ တစ်ဦးဖြစ်သူ ‌စောမူးဖလယ်က “အခုလို အကြမ်းဖက်စစ်အုပ်စုက‌နေ လက်နက်ကြီး‌တွေနဲ့ ရမ်းသမ်းပစ်ခတ်တာ‌ကြောင့် ‌ရေ‌မြောင်း၊ ‌ရေတမံ‌တွေကို ပြန်လည်ရှင်းလင်းလုပ်‌ဆောင်ဖို့အတွက် အခက် အခဲ‌တွေကြုံ‌တွေ့ရပြီး ‌ကြောက်ရွံ့ ထိတ်လန့်မှု‌တွေ ရှိ‌နေကြတယ်” ဟု KNU ၏ ပြန်ကြား‌ရေးဌာန သူး‌လေသတင်းစဉ်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုမှ လုပ်ငန်းခွင်၌ အလုပ်လုပ်‌နေသည့် ‌နော်သွာ‌လေနှင့် ဆာမူးတို့ကို ‌သေနတ်ဖြင့် ၅ ချက်လှမ်းပစ်ခတ်ခဲ့သည်ဟုလည်း ‌စောမူးဖလယ်က ဆက်‌ပြောထားသည်။

အလားတူ ဧပြီလ ၁ဝ ရက်‌နေ့တွင်လည်း ‌ခေးပူအုပ်စု၊ ခို‌ဒေါခိုတွင် ‌နေရာယူထားသည့် စစ်ဆင်‌ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ – ၄)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း(ခမရ – ၂၀၉) တို့သည် လမ်းမ‌ပေါ်မသွားဘဲ ‌တောင်ယာ စိုက်ပျိုးခင်းများထဲသို့ သွား‌ရောက်‌နေရာယူခဲ့ကြသည်ဟုလည်း KNU က ဆိုသည်။

စစ်‌ကောင်စီမှ ပြီးခဲ့သည့် ဧပြီလ ၁ရက်‌နေ့မှစ၍ တစ်လတာ အပစ်အခတ်ရပ်စဲထား‌ကြောင်း ထုတ်ပြန်ထား‌သော် လည်း စစ်အာဏာသိမ်းမှုကို လက်မခံ‌သော KNU နှင့် ပြီးခဲ့သည့်လများမှစ၍ စစ်‌ရေးတင်းမာလာပြီး တိုက်ပွဲ ကြီးငယ် ၂၀၀‌ကျော် ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီဘက်မှ ‌လေ‌ကြောင်းတိုက်ခိုက်မှုများကို ယခုလဆန်းပိုင်းများတွင် လည်းပြုလုပ်ခဲ့သည်ဟု KNUဘက်က ဆိုသည်။

KNU တပ်မဟာ(၅)တွင် ဖြစ်ပွား‌နေသည့် စစ်‌ရေးပဋိပက္ခနှင့်ပတ်သက်ပြီး ဧပြီလ ၉ ရက်‌နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်းစစ်‌ကောင်စီ ပြန်ကြား‌ရေးဝန်ကြီး ဗိုလ်မှူးချုပ် ‌ဇော်မင်းထွန်းက တပ်မ ဟာ ၅ ကို ‌လေ‌ကြောင်းက‌နေ တိုက်ခိုက်ရခြင်းသည် နှစ်ဦးနှစ်ဖက် အ‌သေအ‌ပျောက်နည်းရန်နှင့် သတိ‌ပေးသည့်အ‌နေဖြင့် ‌လေ‌ကြောင်းတိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်‌နေ့တွင် စစ်‌ကောင်စီတပ်စခန်းတစ်ခုကို KNU တပ်မဟာ ၅က သိမ်းယူပြီး‌နောက် ‌လေ‌ကြောင်း တိုက်ခိုက်မှုများဖြင့် စစ်‌ကောင်စီဘက်က ပြန်လည်တုန့်ပြန်ခဲ့သည့်တွက် ‌ဒေသခံပြည်သူ လူထုများ ထိခိုက်‌သေဆုံးမှုများရှိသလို ‌သောင်းနှင့်ချီ၍ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည်။

KNU တပ်မဟာ (၅)နယ်‌မြေတွင် နှစ်ဖက်စစ်‌ရေးတင်းမာမှုများ ဆက်လက်ဖြစ်‌ပေါ်‌နေဆဲဖြစ်ပြီး KNU တပ်မဟာ(၁)၊ (၃)၊ (၄) နှင့် (၆) နယ်‌မြေများတွင်လည်း အလားတူ စစ်‌ရေးတင်းမာမှုများနှင့် နှစ်ဖက်ထိ‌တွေ့ တိုက်ခိုက်မှုများလည်း ဖြစ်‌ပေါ်လျက်ရှိသည်။