Home သတင်း ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ်သူများအ‌ပေါ် အား‌ပေး‌ထောက်ခံ၍ အကာအကွယ်‌ပေးသွားမည်ဟု KNU ထုတ်ပြန်

ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ်သူများအ‌ပေါ် အား‌ပေး‌ထောက်ခံ၍ အကာအကွယ်‌ပေးသွားမည်ဟု KNU ထုတ်ပြန်

2308

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်တပ်၏ အာဏာသိမ်းယူမှုအ‌ပေါ် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးမှ အကြမ်းမဖက် ဆန့်ကျင် ဆန္ဒ‌ဖော်ထုတ်မှုနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU မှ အား‌ပေး‌ထောက်ခံပြီး အကူအညီ အကာအကွယ်‌ပေးသွားမည်ဖြစ်‌ကြောင်း ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၁၄ရက်) ‌နေ့စွဲဖြင့် သ‌ဘောထား ထုတ်ပြန်‌ကြေညာချက်တစ်‌စောင်ထုတ်ပြန်သွားသည်။

‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့တွင် တပ်မ‌တော်မှ တိုင်းပြည်အတွင်း အာဏာသိမ်းယူပြီး‌နောက် ဖြစ်‌ပေါ်လာသည့် သက်‌ရောက်မှု အားလုံးကို စဉ်ဆက်မပြတ်‌စောင့်ကြည့်‌နေပြီး ၎င်းအာဏာသိမ်းယူမှုသည် အာဏာရှင်စနစ်ကို သက်ဆိုးရှည်‌စေခြင်းကို ဦးတည်‌စေသည့်အတွက် ဆန့်ကျင်‌ကြောင်း KNU က ‌ပြောသည်။

KNU တွဲဖက် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး (၂) ပဒို ‌စောလှထွန်းက “ပြည်သူ‌တွေက လက်နက်မဲ့တဲ့ သူ‌တွေလည်း ဖြစ်သလို အကြမ်းဖက်တဲ့ ပုံစံနဲ့ ဆန္ဒ‌ဖော်ထုတ်တာလည်း မဟုတ်ဘူး။ ဒါ‌ပေမဲ့ တချို့‌သော ‌နေရာ‌တွေမှာ အကြမ်းဖက် ဖြိုခွဲတဲ့ ပုံစံမျိုး ရှိလာတာ‌တွေ့ရတယ်။ အဲ့လိုကြုံ‌တွေ့ရတဲ့အ‌ပေါ်မှာ ပြည်သူလူထု‌တွေက အ‌ကြောက်တရား‌တွေရှိ လာတယ်။ အားအင်မဲ့‌တွေ ခိုလှုံရာမဲ့‌တွေဖြစ် လာတာ‌ပေါ့။ အဲ့အ‌ပေါ်မှာ KNU အ‌နေနဲ့က အရင်ကတည်းက ပြည်တွင်း စစ်အလိုမရှိဘူးလို့ ‌ပြောထား‌ပေမဲ့လည်း အခုလို အ‌ခြေအ‌နေမျိုးမှာ ကိုယ့်ရဲ့ ပြည်သူလူထုအတွက် ထိခိုက်မှုအနည်းဆုံး ပံ့ပိုးကူညီရမယ့် အစီအမံ‌တွေ၊ လုပ်ငန်းစဉ်‌တွေနဲ့ သွားရမှာဖြစ်တယ်။ နိုင်ငံ‌ရေးအရ ကူညီ‌ပေးရမှာဖြစ်သလို လူသားချင်းစာနာ‌ထောက်ထားမှုအရလည်း ကူညီ‌ပေးရမှာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ‌ပေါ် ‌ဝေဖန်မှုများ ရှိသည့် အ‌ပေါ်တွင်လည်း နိုင်ငံ၏ပြဿနာကို လက်နက်ဖြင့် ‌ဖြေရှင်း၍ မရ‌ကြောင်း နှင့် လက်နက်ချင်းဖြင့် ‌ဖြေရှင်းကြမည်ဆိုလျှင် နိုင်ငံ၏ ပျက်သုဉ်းခြင်းကို ဖြစ်‌ပေါ်‌စေမည်ဖြစ်‌ကြောင်း၊ တိုင်းရင်းသားများ လက်နက်ကိုင်ရခြင်းသည်လည်း အကြမ်းဖက်လိုခြင်းမဟုတ်‌ကြောင်း ပဒို‌စောလှထွန်းက ဆက်‌ပြောသည်။

လတ်တ‌လော လူထုတစ်ရပ်လုံးပါဝင်ဆင်နွှဲ‌နေသည့် အာဏာရှင် စနစ်ဆန့်ကျင်တိုက်ဖျက်‌ရေး သပိတ်အ‌ပေါ် ပြည်သူကြားမှ ‌ပေါက်ဖွားလာသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် မြန်မာ့ တပ်မ‌တော်အ‌နေဖြင့် အကြမ်းဖက် ဖြိုခွဲခြင်း၊ ဖမ်းဆီးခြင်း၊ ‌နေ့‌ရောညပါ ‌နေအိမ်တွင်း၊ ‌နေအိမ်ပြင်ပ အတွင်းဝင်‌ရောက်ဖမ်းဆီးခြင်း နှင့် တိုက်ရိုက် ‌သော်လည်း‌ကောင်း၊ သွယ်ဝိုက်၍ ‌သော်လည်း‌ကောင်း ရုန်းရင်းဆန်ခတ်ဖန်တီး လုပ်‌ဆောင်မှုများ ရပ်တန့် ရန်နှင့် မပြုလုပ်ရန် KNU က ‌တောင်းဆိုထားသည်။

၎င်းအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းများအ‌နေဖြင့် ဖြစ်နိုင်သမျှ သံသမန် နည်းလမ်းများကို အသုံးပြု၍ ဖမ်းဆီ ထိန်းသိမ်းခံရသူများ ပြန်လည်လွတ်‌မြောက်‌ရေးအပြင် အာဏာသိမ်းစစ်တပ်နှင့် အာဏာလက်လွှတ်လိုက်ရ သည့် အစိုးရအကြား ညှိနှိုင်း‌ဆွေး‌နွေးနိုင်သည့် အခင်းအကျင်း‌ပေါ်‌ပေါက်လာ‌စေရန် အင်အား စိုက်ထုတ် ကူညီမှု များ‌ပေးသွားရန်လည်း KNU က တိုက်တွန်းထားသည်။

လတ်တ‌လောတွင် တိုင်းပြည်တစ်ဝှမ်းတိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးသည် အာဏာသိမ်းစစ်အုပ်စု နှင့် ထိပ်တိုက် ရင်ဆိုင်‌နေကြရပြီး အကြမ်းဖက်မှု ဒဏ်ကို ခံစား‌နေကြရသည့်အ‌ပေါ်လူသားချင်း စာနာ‌ထောက်ထားသည့် ‌ထောက်ပံ့ ကူညီမှုများ ‌ရောက်ရှိ‌စေ‌ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများကို အသုံးချရန်လည်း KNUမှ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းများကို ဆက်လက် တိုက်တွန်းထားသည်။

KNU အ‌နေဖြင့် ၎င်း၏ နယ်‌မြေအတွင်း တပ်မ‌တော်၏ တဖက်သတ် ကားလမ်း‌ဖောက်လုပ်ပြီး စစ်ဆင်‌ရေး တစ်ရပ် အ‌နေဖြင့် အထူးအ‌လေးထား လုပ်‌ဆောင်‌နေခြင်း‌ကြောင့် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်‌တွေ့ရမှုများ၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေ၍ စစ်‌ဘေး‌ရှောင်ပြည်သူများစွာ ဖြစ်‌ပေါ်လာပြီး ၎င်းတို့အ‌ပေါ်လိုအပ်သည့် မည်သည့် အကာအကွယ်‌ပေးမှုမျိုးကိုမဆို လုပ်‌ဆောင်သွားမည်ဖြစ်သလို နိုင်ငံတကာမှလည်း နယ်စပ် ဖြတ်‌ကျော်၍ လူသားချင်း စာနာ‌ထောက်ထားမှု အကူအညီများကို အရှိန်အဟုန်မြင့် ကူညီ‌ပေးသွားရန်လည်း တိုက်တွန်း ထားသည်။

အလားတူ ကရင်အရပ်ဖက် အဖွဲ့အစည်း‌ပေါင်း (၈၅)ဖွဲ့စု‌ပေါင်း၍ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို လတ်တ‌လောအာဏာသိမ်း စစ်အုပ်စုနှင့် ငြိမ်းချမ်း‌ရေး၊ နိုင်ငံ‌ရေး ဆက်စပ်သည့်လုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းပြီး ပတ်သက်မှု မပြုရန် တိုက်တွန်း‌တောင်းဆိုထားသည်။