Home သတင်း မြဝတီမြို့တွင် ဖမ်းဆီးဖြိုခွင်းမှုများရှိခဲ့သော်လည်း လူထုတစ်သိန်းဝန်းကျင်ဖြင့် ဆက်လက် ဆန္ဒပြခဲ့

မြဝတီမြို့တွင် ဖမ်းဆီးဖြိုခွင်းမှုများရှိခဲ့သော်လည်း လူထုတစ်သိန်းဝန်းကျင်ဖြင့် ဆက်လက် ဆန္ဒပြခဲ့

339

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးဖြိုခွင်းမှုများရှိခဲ့သော်လည်း လူထုအင်အား (၁) သိန်းဝန်းကျင်ခန့်ဖြင့် ဆက်လက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်ခန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူထုမှာ အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ် ဘုရင့်နောင်လမ်းမကြီးပေါ် တွင် စတင်စုဝေးနေစဉ် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ၁၀ ဦးထက်မနည်း အဖမ်းခံခဲ့ရသည်။

သို့သော်လည်း ဆန္ဒပြလူထုသည် လမ်းသွယ်များတွင် ထပ်မံစုဝေး၍ တစတစများပြားလာပြီး အင်အား ၁ သိန်းဝန်းကျင်ခန့်ဖြင့် မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြဝတီမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆန္ဒပြပြည်သူ ၁၅ ဦးထိဖမ်းဆီးခံခဲ့ရပြီး ယနေ့ ဒုတိယအကြိမ်ဖြိုခွင်းဖမ်းဆီးမှုတွင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။ လက်ရှိ မြဝတီမြို့မရဲစခန်းအချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး မည်သည့် ပုဒ်မ ဖြင့် အမှုဖွင့်အရေးယူထားသည်ကို မသိရသေးပါ။