Home သတင်း မဲစာရင်းအငြင်းပွားမှုများကို အစိုးရက ဦးစားပေးအရေးယူရန် KPP အကြံပြု

မဲစာရင်းအငြင်းပွားမှုများကို အစိုးရက ဦးစားပေးအရေးယူရန် KPP အကြံပြု

426
Photo: KPP

ဇန်နဝါရီလ ၂၇ရက်၊ ၂၀၂၁ ခုနှစ်။ စောထွန်းလင်း

၂၀၂၀ ရွေးကောက်ပွဲအပြီး မဲစာရင်းနှင့်ပတ်သက်၍ အငြင်းပွားနေမှုများအပေါ် တိုင်းပြည် ည်းလုံးညီညွတ်မှုနှင့် တည်ဆောက်ဆဲ ငြိမ်းချမ်းရေးအတွက်အထောက်အကူပြုစေရန် အစိုးရအနေဖြင့် ဦးစားပေးအရေးယူဆောင်ရွက်သွားရန် အကြံပြုချက်ပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ကရင်ပြည်သူ့ပါတီ (KPP) က ဇန်နဝါရီ ၂၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

“အခု ရွေးကောက်ပွဲအပြီးမှာ ပြည်နယ်မှာ မဲစာရင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေတယ်။ ဒါတွေကို အားလုံးသိကြမှာပါ။ ဒါတွေကို အစိုးရအနေနဲ့ ဦးစားပေးပြီးတော့ အရေးယူပေးဖို့ အကြံပြုပြောလိုတာပါ” ဟု ကရင်ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ စောစေးဝါးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ လွန်ကာလများတွင် ရွေးကောက်ပွဲ ဖြစ်စဉ်တရားမျှတမှုနှင့် ပတ်သက်၍ သံသယဖြစ်ဘွယ်ရာ အကြောင်းအရာများကို ကိုယ်တွေ့ရင်ဆိုင်နေရသူများထံမှလည်းကောင်း၊ သတင်းစာမျက်နှာ အသီးသီးမှလည်းကောင်း ကြားသိနေရသည်ဟု KPP ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြည်နယ်တွင် မဲမသမာမှု ၃၂ ရာခိုင်နှုန်းကျော်ရှိသည်ဟုသိရပြီး ယင်းအချက် အလက်များကို တရားဥပဒေအရ ပြန်လည်ဆန်းစစ်ထုတ်ပြန်နိုင်မှုမရှိသေးသ၍ အတည်မပြုနိုင်သော်လည်း မဟုတ်မမှန်သည့်သတင်းဟု လက်ခံရန် ခက်ခဲနေလိမ့်မည်ဖြစ် သည်အတွက် အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းရခြင်းဖြစ်သည်ဟု KPP ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်ပြည်သူ့ပါတီကို ၂၀၁၉ မေလတွင် တရားဝင်တည်ထောင်ခဲ့ပြီး ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၆ နေရာ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တဦးနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ဦးစီ အနိုင်ရရှိထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဇန်နဝါရီ ၂၀ ရက်ထုတ်ပြန်ချက်တွင် ကရင်ပြည် နယ်ရှိ မြို့နယ်ခုနစ်ခုတွင် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁,၂၃၆,၈၃၈ ဦးရှိပြီး စိစစ်ရာ မဲပေးခွင့်ရှိသူစာရင်းမှာ ၁,၁၉၂,၃၄၀ ဦးရှိပြီး မဲမသာမာမှုပြုနိုင်သည့် ထပ်နေသည့်မဲစာရင်း ၁၃,၂၄၇ဦး ရှိကြောင်း ဖော်ပြထားသည်။

ထိုသို့ ထုတ်ပြန်ချက်မှုအပေါ် ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့က စိစစ်အရေးယူပေးရန် ယခုလို အသီးသီးထုတ်ပြန်ချက်ထုတ် တိုက်တွန်းထားသည်။