“ကယားပြည်နယ်မှာလှုပ်ရှားနေတဲ့အဖွဲ့တွေက သူတို့က ဂေဘားပဲ။ ကရင်မဟုတ်ဘူး။ အဲဒီလိုပြောပြီး သူတို့မှာအလံတွေ၊ ဘာတွေ သူတို့ဖာ သာသူတို့ထွင်တယ်။ Logo တွေ ထွင်တယ်။ ဂေဘားဝတ်စုံဆိုပြီး သူတို့ထုတ်တယ်။ ကရင်နဲ့ဂေဘားမတူဘူးဆိုပြီးသွေးခွဲသလိုက်လိုဖြစ်တယ်။”
ကရင်မျိုးနွယ်စုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဂေဘားကရင်ရေးရာအသင်း နာယကလည်းဖြစ်၊ ဂေဘားကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဆရာမ နော်မေးလ်ထာအား ဂေဘား ကရင်မျိုးနွယ်စုနှင့်ပတ်သက်သည့် အကြောင်းအရာအချို့ကို မေးမြန်းထားခြင်းဖြစ်သည်။
မေး။ ။ ဂေဘားမျိုးနွယ်စုတွေက ဘယ်နေရာတွေမှာနေထိုင်ပြီး ဘယ်လိုအသက်မွေးဝမ်းကျောင်းပြု လုပ်ကြလဲ။ နောက်ပြီး ဂေဘားမျိုးနွယ်စုအကြောင်းလေးလည်း သိပါရစေ။
ဂေဘားကရင်မျိုးနွယ်စုအနေနဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုခြမ်းအပြင်ကို နေပြည်တော် ကောင်စီဆက်စပ်နယ်မြေတွေမှာနေထိုင်ကြတယ်။ ကရင်ပြည်နယ်ထဲမှာတော့ ဂေဘား ကရင်ရွာပေါင်း ၁၄၅ ရွာလောက်ရှိတယ်။ အသက်မွေးဝမ်းကျောင်းက တောင်ယာနဲ့ဥယျာဉ်ခြံမြေလုပ်ငန်းပေါ့။ အဓိက အများဆုံး ကတော့ ကော်ဖီ၊ ဖာလာ၊ ကွမ်းသီး၊ ဒညင်း၊ ဒူးရင်း၊ ကြက်မောက် စတာတွေအများဆုံးစိုက်ပျိုးကြပါတယ်။
ဂေဘားမျိုးနွယ်စုဆိုတာက ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းစကောက်တဲ့အချိန်မှပဲ ဂေဘားအမျိုးသားတွေက လှုပ်လှုပ်ရှားရှားဖြစ်လာရတာ။ ကိုယ့်ကိုယ်ကို ကရင်လူမျိုးကနေဆင်းသက်လာတာ၊ ကရင်မျိုးနွယ်စုထဲမှာ လည်း ပါတယ်ဆိုတာကို အသိအမှတ်ပြုပြီးတော့ နေနေကြတာ။ သန်းခေါင်စာရင်းလည်းကောက်ရော ကိုယ့်ဂေဘားအမျိုးသားနာမည်က ဟိုးကယားပြည်နယ်က ကုဒ်(Code)ထဲမှာ ပါသွားတယ်။ အဲဒီလို မဖြစ်ဘူးဆိုပြီးတော့ နောက်ပြီး ဒို့တွေက ကိုယ့်ကိုယ်ကို ကရင်လို့သတ်မှတ်ပြီး နာမည်ကိုလည်း စောတို့နော်တို့ပဲရေးတယ်။
ဂေဘားကျတော့ ထူးဆန်းတာက ဗုဒ္ဓဘာသာကိုးကွယ်သူမရှိဘူးပေါ့။ ခရစ်ယာန်တွေများပါတယ်။ သို့သော် လည်း ခရစ်ယာန်မှာတော့ ဂိုဏ်းခွဲတွေရှိတာပေါ့။ ရိုမန်ကက်သလစ်၊ အဂင်္လီကန်၊ နှစ်ခြင်းပေါ့။ အဲဒီမှာ ရိုမန်ကက်သလစ်က လူဦးရေအများဆုံး ၇ဝ ရာခိုင်နှုန်းတော့ရှိတယ်။ မေတ္တာဗြဟ္မာစိုရ်ဘာ သာဝင်တွေလည်းရှိတယ်။ နတ်စားတာတွေတော့မရှိပါဘူး။
မေး ။ ။ သန်းခေါင်စာရင်းထဲမှာရော ဂေဘားက ကယားပြည်နယ် ကုဒ်ထဲဘယ်လိုပါသွားလဲ သိပါရစေ။
ကယားပြည်နယ်မှာလည်း ရွာတစ်ရွာမှမရှိဘူး။ လူကြီးတွေရော၊ ကလေးတွေရော မကျေနပ်ကြဘူးပေါ့။ ငါတို့ က ကယားမျိုးနွယ်စုထဲမှာမှ မရှိတာ၊ ရွာလည်းမရှိဘူး အဲဒီလိုမျိုးပေါ့နော်။ နောက်ပြီးကယားမျိုးနွယ်စု ဘယ်လိုလုပ်ပါသွားသလဲဆိုတာ လိုက်ပြီးလေ့လာကြတဲ့အခါကျတော့ ဟိုး ၁၉၅၀-၅၁ တုန်းက အစိုးရ အနေနဲ့ကော်မရှင်တစ်ဖွဲ့ကိုဖွဲ့လိုက်တယ်။ အဲဒီကော်မရှင် အဖွဲ့က ကရင်မျိုးနွယ်စု ဘယ်နှစ်စုရှိလဲ ဆိုတဲ့ အကြောင်းကို လိုက်ပြီးလေ့လာတဲ့အခါမှာ အန်တီတို့သံတောင်မြို့နယ်ကိုရောက်လာခဲ့တယ်။
အဲဒီအချိန်မှာ ဘာနဲ့သွားတိုက်ဆိုင်လဲဆိုတော့ ကော်သူးလေခေတ်လို့ခေါ်တဲ့ ကရင့်တော်လှန်ရေး KNDO တွေ စခန်းချတဲ့ဒေသက ဂေဘားဒေသဖြစ်နေတယ်။ ဂေဘားဒေသဆိုတာက သံတောင်မြို့နယ် လိပ်သိုဘက်ခြမ်းက ပိန်းသီလာရွာမှာ KNDO စခန်းချတယ်။ အဲဒီအတွက်ကြောင့် အဲဒီကော်မရှင်တွေက လိပ်သိုခြမ်းဘက်ကိုမ ရောက်နိုင်ခဲ့ဘူး။ နယ်မြေမအေးချမ်းတဲ့အခါကျတော့ သူတို့က အဲဒီနေရာကိုရှောင်ပြီး ဟိုးလွိုင်ကော်ဘက်ကို ရောက်သွားတယ်ပေါ့။ လွိုင်ကော်ရောက်တဲ့အခါမှာ ဦးအေမြလေးဆိုတာက အဲဒီတုန်းက ကယားပြည်နယ်ရဲ့ ဥက္ကဋ္ဌပေါ့။ ဦးအေမြလေးကလည်း သူ့အမျိုးသမီးက ဂေဘားလို့ပြောတယ်။ ဒါပေမယ့် အဲဒီမှာ ဂေဘားလည်းအ ချို့ရှိနေတယ်။ လွိုင်ကော်အနီးအနားတဝိုက်မှာ တစ်ချို့က ကျောင်းဆရာအနေနဲ့ တစ်ချို့ကတော့ ရုံးဝန်ထမ်း၊ တစ်ချို့က ကျန်းမာရေးဝန်ထမ်း၊ တစ်ချို့က သာသနာပြုအနေနဲ့ လူဦးရေတော်တော်များများ ရောက်နေကြ တယ်။ တော်တော်များများဆိုတာက ရာဂဏန်းလောက်တော့ရှိမှာပေါ့။ အဲဒီအချိန်မှာ ဂေဘားကို ကယားမျိုး နွယ်စုထဲကို ထည့်လိုက်တာဖြစ်တယ်။ ဥက္ကဋ္ဌကိုယ်တိုင်က ထည့်လိုက်တဲ့အခါကျတော့ ဘယ်သူမှမပြော တော့ဘူးပေါ့နော်။
ဒါပေမယ့် ဂေဘားမျိုးနွယ်စုဘက်ကို တရားဝင်ချပြပြီး သတ်မှတ်တာမျိုးတော့မရှိဘူး။ အဲဒါကိုသိတဲ့သူရှိသလို မသိတဲ့သူတွေလည်းရှိတယ်။ အဲဒါကိုပြဿနာမဟုတ်ဘူးလို့ အောက်မေ့နေကြတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဂေဘားက ရွာတစ်ရွာမှ လွိုင်ကော်မှာသော်လည်းကောင်း? အနီးအနားမှာ သော်လည်းကောင်းပေါ့ တစ်ရွာမှမရှိပါဘူး။ ဒါပေမယ့် လွိုင်ကော်က ရပ်ကွက်တွေမှာတော့ အချိန်ကြာလာတာနဲ့အမျှ ဂေဘားအိမ်ထောင်စုလေးတွေ တော်တော်များများရှိလာတာပေါ့။ ကျန်တဲ့မြို့နယ်တွေမှာတော့ ဂေဘားရွာမရှိဘူးဆိုတာသေချာတယ်။ ဂေဘားက ကိုယ့်ကိုယ်ကို ကရင်လူမျိုးဖြစ်တယ်လို့ ခံယူတယ်။ နှစ်စဉ်ကရင်နှစ်သစ်ကူးကျရင်လည်း ကရင်အမျိုးသားနှစ်သစ်ကူးကို ကျင်းပကြတယ်။ ကရင်အမျိုးသားအလံကိုလည်း ကိုယ့်အလံလို့ပဲ သတ်မှတ်ထားကြတယ်။
မေး။ ။ ဂေဘားမျိုးနွယ်စုက ကယားထဲမှာပါသွားတာကိုရော ဘယ်လိုဆက်လက် လုပ်ဆောင်နေတာ တွေရှိပါလဲ။
သန်းခေါင်စာရင်းကောက်တဲ့အချိန်ကျမှ ဂေဘားတွေက နိုးထလာကြတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့ လဲဆို တော့ ငါတို့က ကယားပြည်နယ်ထဲရောက်နေတာတော့ သမိုင်းအမှန်မဟုတ်ဘူး။ သမိုင်းအမှန်ရအောင် ကြိုးစားမယ်ဆိုပြီးတော့ အန်တီတို့အဖွဲ့က ခေါင်းဆောင်ဆရာကြီးတွေ၊ ဘုန်းတော်ကြီးတွေပေါ့။ နောက်ကျ တော့ အဲဒီမှာ အဖွဲ့တစ်ဖွဲ့က သန်းခေါင်စာရင်းကို အခြေခံပြီးလေ့လာတဲ့အခါကျတော့ ကယားပြည်နယ်လွိုင် ကော်ကို ရောက်သွားတယ်။ လေ့လာတယ်။ အဲဒီမှာဘာသိသွားရလဲဆိုတော့ ကယားပြည်နယ်မှာ မျိုးနွယ်စု ၉ စုရှိတဲ့အထဲမှာ ဂေဘားမျိုးနွယ်စုပါသွားတယ်။ အဲဒီလိုပါတဲ့အတွက်ကြောင့် ဂေဘားတွေက ဘယ်နေရာမဆို ဦးစားပေးခြင်းခံရတယ်။ မျိုးနွယ်စုတစ်ခုအနေနဲ့တရားဝင်ပါဝင်တဲ့အခါကျတော့ အစိုးရဘတ်ဂျက်တွေ ဘာတွေချပေးတဲ့အခါ ဂေဘားလည်းခွဲတမ်းရတယ်။ အဲဒါကိုသိသွားတဲ့အခါကျတော့ အန်တီတို့နဲ့မ ပေါင်းတော့ဘူး။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့နဲ့ ၁ဝ ရက်နေ့တွေမှာ ဖားအံမှာအစည်းအဝေးတွေလုပ်တယ်။ အဲဒီမှာ ကျမတို့က ကန့်ကွက်တယ်။ ကန့်ကွက်လို့မရဘူး။ လွှတ်တော်ကိုစာရေးတင်ရမယ်ဆိုတော့ ကျမတို့လည်း ရေးတင်တယ်။ ရေးတင်တဲ့အပြင်ကို ကျမတို့က ညီလာခံလုပ်ရမယ်ဆိုတော့ ညီလာခံလုပ်တယ်။ ၂၀၁၄ ပထမညီလာခံကို သံတောင်မြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ နံ့သာကုန်းရွာ၊ ၂၀၁၇ ဒုတိယညီလာခံကိုတော့ လိပ်သိုမှာပဲ ပြုလုပ်ကြတယ်။ အဲဒီမှာ ငါတို့သည် ဂေဘားဖြစ်ကြောင်းစာရင်းကောက်စာရင်းပြုစုတဲ့ အခါကျတော့ ၂ လအတွင်းမှာ လက်မှတ်ပေါင်း ၁ သောင်းကျော်တယ်။ ကျမတို့သဘောထားတွေကိုလည်း အဲဒီတုန်းက KUPC ၊ KDN ၊ KAC၊ KNU စတဲ့အဖွဲ့တွေဆီ၊ ခေါင်းဆောင်တွေဆီကိုလည်း အကြောင်းကြားတယ်။ ကျမတို့ဂေဘားက ကရင်ပါပဲ၊ ကရင်မျိုးနွယ်စုထဲကပဲ ဆိုတာကိုပေါ့။ ညီလာခံလုပ်တော့လည်း ကရင်ခေါင်းဆောင်တွေ တက်ရောက်ကြတယ်။ သူတို့ကလည်း ကျမတို့ရဲ့သဘောထားကို အသိအမှတ်ပြုကြပါတယ်။
မေး။ ။ ဂေဘားအရေးအရာတွေနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်ဖို့အသင်းအဖွဲ့တွေ ဖွဲ့စည်းလုပ်ဆောင် နေတာမျိုးတွေရော ရှိပါလား။
ညီလာခံတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ဂေဘားအရေးအရာတွေအတွက် ဆက်လက်လုပ်ဆောင်နိုင်ဖို့ဆိုပြီးတော့ ဂေဘားရေးရာအသင်းတစ်ခု ဖွဲ့လိုက်ကြတယ်။ အဲဒီမှာဥက္ကဋ္ဌက စောဂျုးနစ်၊ စောအောင်စိုးအတွင်းရေးမှူး၊ နာယကကြီးတွေ ဒေသကိုယ်စားလှယ်တွေ အသီးသီးနဲ့ဖွဲ့စည်းလိုက်ကြတယ်။ နာမည်က ဂေဘားကရင်ရေးရာ အသင်းဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ ဖွဲ့လိုက်ကြတာဖြစ်ပါတယ်။ အဲဒီအသင်းကြီး အောက်မှာ ဂေဘားကရင်စာပေယဉ်ကျေးမှု၊ ဂေဘားကရင်လူငယ်ကွန်ယက်အဖွဲ့၊ ဂေဘားအမျိုးသမီးကွန် ယက်အဖွဲ့ဆိုပြီးရှိပါတယ်။
မေး ။ ။ ဂေဘားကရင်စာပေယဉ်ကျေးမှုရေးရာနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေတာမျိုးရှိပါလဲ။
ဂေဘားစာပေက ၁၈၆ဝ ကျော် ခုနှစ်ကတည်းက ရိုမန်ကက်သလစ်ဘာသာဝင်သာသနာပြု ဘုန်းတော်ကြီး တွေကနေလာပြီးတော့ ရောမအက္ခရာနဲ့တီထွင်ထားပေးတဲ့ ဂေဘားစာပေရှိတယ်။ အဲဒီစာပေကို သင်ကြား လာတာ Reader 1 ကနေပြီးတော့ 3 အထိရှိတယ်။ နောက်တစ်ခါ မဂ္ဂဇင်းဖြစ်တဲ့ Light of the Hill ဆိုတဲ့လစဉ် မဂ္ဂဇင်းကိုလည်းထုတ်တယ်။ ၁၉၆၄ ခုနှစ်အထိပေါ့။ ၆၄ နောက်ပိုင်းကျတော့ အကုန်လုံးကျောင်းတွေ၊ ပုံနှိပ် တိုက်တွေ အသိမ်းခံရတော့ လုပ်လို့မရတဲ့အခါကျတော့ အဲဒီမဂ္ဂဇင်းလည်းပျောက်သွားရော။ ဒါပေမယ့် ဘာသာရေးစာပေတွေက အကုန်လုံးရှိနေတယ်။ ကျောင်းစာအုပ်တို့ ဘာသာရေးဆိုင်ရာသီချင်းစာအုပ်တွေ ပြက္ခဒိန်စသည်ဖြင့်ပေါ့။ အကုန်လုံးသူတို့မှာအပြည့်အဝရှိပြီးသားဖြစ်တယ်။ ဒါကိုတော့ရိုမန်ကက်သလစ်မှာ ဘာသာရေး စာပေလို့လည်းပြောလို့ရတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ နှစ်ခြင်းတို့ အဂင်္လီကန်တို့ကျတော့ စကောကရင်စာပေကိုပဲ သုံးကြတယ်။ ဟိုး ၁၈၃၂ ခုနှစ်ကတည်းက ဒေါက်တာဝိတ်တို့ တီထွင်ထားတဲ့စကောကရင်စာကို အသုံးပြုကြတယ်။ အဲဒီတော့ နှစ်ခြင်းနဲ့အဂင်္လီကန်က စကောကရင်စာပေကို သူတို့စာပေလိုပဲ သဘောထားပြီးတော့ ဒီစာပေကိုပဲ သင်တယ်။ ကျောင်းမှာလည်း ဒါကိုသင်တယ်။ ဘုရားရှိခိုးတဲ့အခါမှာလည်း စကောကရင်စာပေကိုပဲ သုံးကြတယ်။ ဒါပေမယ့် ၂၀၀၁ ခုနှစ်မှာ SIL လို့ခေါ်တဲ့အဖွဲ့က ရန်ကုန်မှာ စာပေနဲ့ပတ်သက်ပြီး သင်တန်းပို့ချတယ်။ အန်တီတို့သွားခဲ့တယ်။ အခုထိလည်း အဲဒီအဖွဲ့က ရန်ကုန်မှာရှိသေးတယ်။ အဲဒီမှ နှစ်ခြင်းနဲ့အဂင်္လီကန် ဘာသာဝင်တွေက ရိုမန်နဲ့ရေးထားတဲ့ဂေဘားစာကို အတော်အသင့်ပဲဖတ်နိုင်တယ်။ ကျန်တဲ့သူတွေ ကမဖတ်နိုင်ကြဘူး။ ကိုယ့်ဘာသာစကားကို စာနဲ့ပေနဲ့မဖတ်ရတဲ့အခါကျတော့ ကိုယ့်စကားလုံးတွေက စကော ကရင်လိုပါလိုက်နဲ့ဆိုတော့ နောက်ပြီး ဘုရားရှိခိုးတဲ့အခါမှာလည်း ဗမာလိုပဲပြောနေတဲ့အခါကျတော့ Church တွေမှာ ဗမာစာ၊ စကားတွေလွှမ်းမိုးသွားတယ်။ ကြာလာရင်ကိုယ့်ဘာသာစကားပါပျောက်သွားမယ်ဆိုပြီး အန်တီတို့က SIL ကပေးတဲ့နည်းပညာတွေနဲ့ ၂၀၀၂ ခုနှစ်ကနေစပြီးတော့ သူတို့ပေးတဲ့သင်တန်းကို အန်တီ တက်ပြီးတော့ ၂၀၀၄ ခုနှစ်အထိသင်လိုက်တဲ့အခါကျတော့ က၊ ခ အခြေခံတဲ့ ဂေဘားစာ အခြေခံဖတ်စာ အုပ်ပြီးသွားတယ်။ ပုံပြင်တွေအတော်များများရေးနိုင်တယ်။ ၂၀၀၄ ကနေ ၂၀၀၉ အထိက စာလုံးရေ ၉,၆၀ဝ ကျော်ရှိတဲ့ အဘိဓါန်တစ်အုပ်ပြီးသွားတယ်။ ပုံပြင်စာအုပ်အပြင်ကို သမ္မာကျမ်းစာမှာဆိုရင် ဓမ္မဟောင်း၊ ဓမ္မသစ်ပါတဲ့ကျမ်းစာပုံပြင် ၁၁၉ ပုဒ် ဘာသာပြန်ပြီး ထုတ်နိုင်ခဲ့တယ်။ ဓမ္မသစ်ကိုလည်း တစ်အုပ်လုံး ဘာသာပြန်ပြီးသွားပါပြီ။ နွေရာသီစာပေသင်တန်းတွေမှာလည်း သင်တဲ့အခါကျတော့ လူငယ်တော်တော်များများ တတ်မြောက်လာကြပါပြီ။
ကရင်ပြည်နယ်မှာတော့ အစိုးရကျောင်းတွေမှာ Grade 1 to 3 အထိ သင်လို့ရတဲ့ဂေဘားကရင်စာပေမှာတော့ ရိုမန်နဲ့ရေးတဲ့ဂေဘားစာပေနဲ့ က၊ ခ အခြေခံရေးတဲ့ဂေဘားစာပေ ၂ မျိုးရှိတာပေါ့။ ကရင်ပြည်နယ်မှာတော့ ဂေဘားစာပေသင်တဲ့ကျောင်းအနေနဲ့ ၁၂၄ ကျောင်းနဲ့ ဆရာ၊ ဆရာမအနေနဲ့ ၁၂ဝ လောက်ရှိတယ်။ ကျောင်း ရှိပေမယ့် ဆရာမလုံလောက်သေးဘူးဆိုတဲ့သဘောပေါ့။ ၂၀၁၇ ကနေ ၂၀၁၉ အထိပေါ့။ ၂၀၁၉ နောက်ပိုင်း ကတော့ထပ်မခေါ်တော့ဘူး။ ရှိပြီးသားတွေကိုပဲသင်ခိုင်းတယ်။ ဆရာ၊ ဆရာမတွေလည်း ထပ်မခေါ်ဘူးဖြစ်နေတယ်။
မေး။ ။ ဂေဘားကရင်မျိုးနွယ်စုတွေ ရင်ဆိုင်နေရတဲ့ပြဿနာက ဘာတွေများလဲ။
မြေယာပြဿနာတွေပေါ့။ အဲဒါတွေက အခက်အခဲစိန်ခေါ်မှုတွေပါပဲ။ ဂေဘားတွေအနေနဲ့က ဟိုးအရင် ကတည်းက သူတို့နေထိုင်ရာနေရာတွေမှာ အေးအေးချမ်းချမ်းနဲ့ နေထိုင်လုပ်ကိုင်စားသောက်နေကြပြီးသား။ အခုက ဘာဖြစ်လာလဲဆိုတော့အောက်ပြည်အောက်ရွာက သူတို့မှာ နေထိုင်လုပ်ကိုင်စားသောက်စရာ ကျဉ်းကြပ်လာတဲ့အပေါ်မှာ ဂေဘားတွေရှိတဲ့တောင်ပေါ်ကို တက်လာကြတယ်။ တောင်ပေါ်ရောက်တဲ့အခါ သူတို့က မပြန်ချင်ကြတော့ဘူး။ တဲလေးထိုးလိုက်၊ မီးသွေးလေးဖုတ်လိုက်။ နောက်ပိုင်းကျတော့ တဲလေးတစ်လုံး နှစ်လုံးကနေ ရွာတွေတည်တဲ့အထိကို ကျူးကျော်သလိုဖြစ်နေတာပေါ့။ ဒေသခံတွေ နယ်မြေတွေအထိကျူးကျော်နေထိုင်မှုတွေရှိလာတဲ့အခါကျတော့ တစ်ချို့သော သူတို့မှာပါလာတဲ့မကောင်းတဲ့ အကျင့်စရိုက်တွေက ပါလာတယ်။ စရိုက်မတူတာအပေါ်မှာ အခြေခံပြီးတော့ ပွတ်တိုက်မှုတွေ၊ ရောနှောစိမ့်ဝင်မှုတွေတော့ဖြစ်လာတာပေါ့။ ဒါကိုတော့ဖြေရှင်းနိုင်ဖို့သိပ်မလွယ်ကူးပါဘူး။
မေး။ ။ ဘာများထပ်ပြီး ဖြည့်စွက်ပြောချင်ပါသေးလဲ။
အခုပြောချင်တဲ့ကိစ္စကတော့ အထူးသဖြင့်ပေါ့နော်။ ကိုယ့်ကိုယ်ကို ကရင်လို့ပဲ ခံယူသော်ငြားလည်း ရန်ကုန် တိုင်း ကရင်နှစ်သစ်ကူးကျင်းပရေးက ဟိုတနေ့ကပဲ ကြေငြာလိုက်တယ်။ ကရင်ဝတ်စုံတွေ ရိုက်ပြီး ပြိုင်ပွဲဝင်ကြ ပါဆိုပြီးတော့ပေါ့။ ဝတ်စုံနမူနာတင်လိုက်တဲ့အခါမှာ ဂေဘားကိုချန်ထားတယ်။ ဘာဖြစ်လို့ ဂေဘားကိုချန်ထားရ တာလဲပေါ့။ ဂေဘားက ကရင်ပဲဆိုတာကိုကိုယ့်ကိုယ်ကို သတ်မှတ်လို့ ဟိုး ၂၀၁၄ ကနေအခုထိ ၆ နှစ်ရှိနေပြီ ကြိုးပမ်းလာတာ။ အစိုးရအသိအမှတ်မပြုသေးတာတော့သိတယ်။ သို့သော်လည်း ကိုယ့်ကရင်အချင်းချင်းတော့ အသိအမှတ်ပြုဖို့ကောင်းတာပေါ့လို့၊ အဲဒီဟိုး ၁၉၅၁ ကဖြစ်ခဲ့တဲ့ကိစ္စအပေါ်မှာပဲ အတည်ယူချင်ပြီးတော့မှ တရားဝင် တရားဝင်ဆိုတဲ့စကားလုံးပဲ သုံးပြီးတော့ အန်တီတို့ကို ချန်ထားတာ။ အဲဒီလိုမလုပ်ပါနဲ့ အန်တီတို့လို လူကြီးတွေက ခံနိုင်ပေမယ့် ကလေးတွေမှာက ခံစားချက်တွေရှိကြတယ်။ အဲဒီလိုမေတ္တာရပ်ခံတော့ အတွင်းရေးမှူး မန်းသန်းဝင်းဦးကတော့ ဂေဘားဝတ်စုံပြိုင်ဖို့တော့ပြန်ထည့်ပေးပါတယ်။
အဲဒီကြားထဲက ရန်ကုန်ကထုတ်တဲ့ ကရင့်သမိုင်းစာအုပ်ကလည်း အန်တီတို့ကိုအကြီးကြီး သက်ရောက်မှုဖြစ် သွားစေတယ်။ အဲဒီစာအုပ်ထဲက စာမျက်နှာ ၁၁၅ ကနေ ၁၁၈ အထိ အချက်အလက်တွေက ကယားပြည်နယ်မှာ သွားလှုပ်ရှားနေတဲ့ အဖွဲ့ဆီကိုပဲသွားပြီး အန်တီတို့ဂေဘားစာယဉ်၊ ဂေဘားရေးရာ အဖွဲ့တွေ ကို မတွေ့ဘဲ ပြုစုတဲ့ဂေဘားသမိုင်းတွေက အလွဲတွေအများကြီးပါသွားတယ်။ အဲဒါတွေကို အချက် ၈ ချက်နဲ့ အချက်ကျကျ အန်တီတို့ကန့်ကွက်ထားတာရှိတယ်။
အခုဂေဘားမှာလည်း အဲဒီကိစ္စတွေက စိန်ခေါ်မှုအကြီးကြီးပဲ။ ကယားပြည်နယ်မှာလှုပ်ရှားနေတဲ့အဖွဲ့တွေက သူတို့က ဂေဘားပဲ။ ကရင်မဟုတ်ဘူး။ အဲဒီလိုပြောပြီး သူတို့မှာအလံတွေဘာတွေ သူတို့ဖာ သာသူတို့ထွင်တယ်။ သူတို့ Logo တွေထွင်တယ်။ ဂေဘားဝတ်စုံဆိုပြီး သူတို့ထုတ်တယ်။ ကရင်နဲ့ဂေ ဘားမတူဘူးဆိုပြီးသွေးခွဲသလိုက်လိုဖြစ်တယ်။ မသိနားမလည်တဲ့လူငယ်တွေလည်းပါသွားတယ်။ အဲဒီတော့ ဂေဘားမှာ ၂ ဖွဲ့ဖြစ်နေတယ်။ ဒီစိန်ခေါ်မှုကြီးကလည်း အခုထက်ထိကို ဂေဘားလူငယ်တွေကြားမှာ အကြီးကြီး ကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။