Home သတင်း ညောင်တုန်း ကရင်မင်္ဂလာဖားစည်လှည့်လည်မှု အစဉ်အလာမပျက်ပြုလုပ်

ညောင်တုန်း ကရင်မင်္ဂလာဖားစည်လှည့်လည်မှု အစဉ်အလာမပျက်ပြုလုပ်

635
Photo: KYDA

ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ စဖန်းရှောင်း

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ကရင်စာပေယဉ်ကျေးမှုကော်မတီမှ နှစ်စဉ်ပြုလုပ်နေကျ မင်္ဂလာဖားစည်လှည့်လည်မှုကို ယနေ့ (ဇန်န၀ါရီလ ၁၂ ရက်)နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့တွင် အစဉ်အလာမပျက် ပြုလုပ်ခဲ့ကြသည်ဟုသိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုကြိုဆိုသောအားဖြင့် ပြုလုပ်သည့် အဆိုပါမင်္ဂလာဖားစည် လှည့်လည်မှုကို ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာပြုလုပ်နိုင်ခြင်းမရှိဘဲ ကိုဗစ်ကာလအရ အကျဉ်းချုံးသဘောဖြင့်သာ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟုလည်း ဦးဆောင်သူများထံမှသိရသည်။

“ အရင်နှစ်တွေကတော့ မင်္ဂလာဖားစည်ကို ဒုံးအဖွဲ့သားတွေနဲ့ ကရင်ပြည်သူလူထုတွေနဲ့အတူ နှစ်သစ်ကူးပြု လုပ်တဲ့နေရာအထိ သယ်ဆောင်ပြီး လှည့်လည်တာပေါ့။ ဒီနှစ်ကတော့ ကိုဗစ်ကာလအရ နှစ်သစ်ကူးကို ညောင်တုန်းမြို့က ကရင်စာယဉ်ရုံးမှာပဲ လုပ်ဖို့ ဆုံးဖြတ်တော့ မြို့တွင်းလောက်ပဲ လှည့်လည်ဖြစ် တာဖြစ်ပါတယ်” ညောင်တုန်းမြို့နယ်ကရင်စာပေယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး မန်းမျိုးမြင့် ထွေးက ပြောသည်။

ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် အဆိုပါ မင်္ဂလာဖားစည်လှည့်လည်မှုကို ညောင်တုန်းမြို့နယ် ကရင်စာပေယဉ်ကျေးမှုကော်မတီနှင့်အတူ ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း-KYDA မှ လူငယ်များပါဝင်ပြီး ကျန်းမာရေးဆိုင်ရာသတ်မှတ်စည်းကမ်းချက်များနှင့်အညီပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟုလည်းသိရသည်။

မြို့နယ်အဆင့် အနေဖြင့် ပြုလုပ်မည့် ညောင်တုန်းမြို့နယ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ညောင်တုန်းမြို့ အမှတ် ၇ ရပ်ကွက်၊ အနော်ရထာလမ်းရှိ ကရင်စာပေယဉ်ကျေးမှုကော်မတီရုံးတွင်သာ ကျင်းပမည်ဖြစ်ပြီး အလံတင်အခမ်းအနားများ၊ သ၀ဏ်လွှာဖတ်ကြားခြင်းများ၊ အကျွေးအမွေးများဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှသိရသည်။