Home သတင်း မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင် အမျိုးသမီးများအတွက် စက်ချုပ်သင်တန်းပြုလုပ်‌ပေး

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင် အမျိုးသမီးများအတွက် စက်ချုပ်သင်တန်းပြုလုပ်‌ပေး

3032

ဒီဇင်ဘာ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်(‌နေရပ်စွန့်ခွာပြည်သူများ)စခန်းရှိ အမျိုးသမီးများ အတွက် ပထမဦးဆုံးအကြိမ်အဖြစ် အ‌ခြေခံစက်ချုပ်သင်တန်းကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ဝ ရက် ‌နေ့အထိ ပြုလုပ်‌ပေး‌နေ‌ကြောင်း သိရသည်။

စက်ချုပ်ခြင်း အတတ်ပညာမှတဆင့် အသက်‌မွေးဝမ်း‌ကျောင်းပြုနိုင်ရန်အထိ ရည်ရွယ်၍ ပြုလုပ်‌ပေး‌နေခြင်း ဖြစ်‌ကြောင်း နည်းပညာပံ့ပိုး‌ပေးသည့် သံ‌တောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ‌နော်မာမာချိုက ဒီဇင်ဘာ ၁၈ ရက်တွင် ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ စက်ချုပ်သင်တန်းကို သင်‌ပေးပြီးတာနဲ့ ပြီးသွားတာမဟုတ်ဘဲ အ‌ခြေခံပြီးလို့ရှိရန် အဆင့်မြင့်ဆက်သွားမယ်။ အဆင်မြင့်ပြီးသွားရင် တတ်ထားတဲ့ လက်မှုပညာကို ‌ဈေးကွက်ထဲ‌ရောက်‌အောင် ရည်ရွယ်ပြီး ‌ဖော်‌ဆောင်သွားမှာ ဖြစ်တယ်။”ဟု ‌ပြောသည်။

ထို့အပြင် သင်တန်းများပြီးပါက သင်တန်းဆင်းများအ‌နေဖြင့် အိမ်တွင် တပိုင်တနိုင် ဝင်‌ငွေရရှိနိုင်သည်အထိ သာမက မြိုင်ကြီးငူအမှတ်တံဆိပ်ဖြင့် ‌ဈေးကွက်ထဲတွင် ထုတ်လုပ်ဖြန့်ချိနိုင်သည်အထိ ရည်ရွယ်ထား‌ကြောင်းလည်း ‌နော်မာမာချိုက ဆက်‌ပြောသည်။

တလကြာပြုလုပ်‌နေသည့် ယခုသင်တန်းကို ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦး‌ဆောင်စီစဉ်‌ပေးပြီး UN Women အဖွဲ့မှ စက်ချုပ်ပစ္စည်းများနှင့် သံ‌တောင်ကြီးအမျိုးသမီးများအဖွဲ့မှ စက်ချုပ်ဆရာမများက အတူတကွ ပူး‌ပေါင်း ကူညီလုပ် ‌ဆောင်‌ပေး ခြင်းဖြစ်‌ကြောင်းလည်း သိရသည်။

ယခုသင်တန်းတွင် စစ်‌ရှောင်စခန်းမှ သင်တန်းသူ ၂ဝ ဦးတက်‌ရောက်‌နေပြီး အ‌ခြေခံ စက်ချုပ်နည်း များဖြစ်သည့် ကရင်အဝတ်အစား ပုဝါများ၊ ပုဆိုးလုံချည်များ၊ က‌လေးအဝတ်အစားများ၊ အမျိုးသားဝတ် ရှပ်အကျင်္ီများ၊ အမျိုးသမီးဝတ် ဇာထိုးပန်းထိုးအကျင်္ီများ၊ လက်မှုပညာများကို သင်ကြား ‌ပေးသွားမည်ဟု သင်တန်းဆရာမများက ‌ပြောသည်။

အသက် ၂၅ နှစ်အရွယ် သင်တန်းသူ နန်းသင်းစိုး‌အေးက “ ဘဝ‌ရှေ့ဆက်‌လျှောက်မယ့် လမ်းအတွက်၊ မိသားစု‌တွေအတွက် ဒီပညာကို ရပြီးရင် အဆင့်မြင့်ပညာကိုဆက်တက်သွားမယ်။ ဒါပြီးရင် ဖက်ရှင်ဒီဇိုင်နာအထိ ဖြစ်ဖို့ ရည်ရွယ် ထားပါတယ်။” ဟု ‌ပြောသည်။

ယခု သင်တန်း၏ ဖွင့်ပွဲ အခမ်းအနားအဖြစ် ဒီဇင်ဘာ ၁၈ ရက်‌နေ့က စခန်းရှိ သင်တန်း‌ဆောင်၌ ပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ် လွှတ်‌တော် ဥက္ကဋ္ဌ ‌စောချစ်ခင်၊ ပြည်နယ်လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်နှင့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းပံ့ပိုး‌ပေးသည့်အဖွဲ့များ၊ သင်တန်းသူများ တက်‌ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်တွင် လှိုင်းဘွဲမြို့နယ်၊ မဲသ‌ဝေါ‌ဒေသ၌ အစိုးရတပ်မ‌တော်၊ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် (BGF) ပူး ‌ပေါင်းတပ်နှင့် တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်-DKBA (ခွဲထွက်အဖွဲ့)တို့ကြား ပစ်ခတ် တိုက်ခိုက်မှု များ‌ကြောင့် ‌ဒေသခံရွာသားများမှ စစ်‌ဘေး‌ရှောင်ခိုလှုံရန် မြိုင်ကြီးငူ‌ဒေသသို့ ‌ရောက်ရှိလာခဲ့ပြီး လက်ရှိ အချိန်အထိ ‌နေရပ်သို့ မပြန်နိုင်ကြ‌သေးသူများဖြစ်ကြသည်။