Home ရွေးကောက်ပွဲသတင်း ဧရာဝတီတိုင်း မြို့နယ်အချို့တွင် ကရင်‌ရေးရာမဲထည့်ခွင့်ဆုံးရှုံးမှုရှိဟု ဆို

ဧရာဝတီတိုင်း မြို့နယ်အချို့တွင် ကရင်‌ရေးရာမဲထည့်ခွင့်ဆုံးရှုံးမှုရှိဟု ဆို

2080
Photo: KPP

နိုဝင်ဘာ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ကရင်တိုင်းရင်းသား‌ရေးရာမဲဆန္ဒရှင်စာရင်းတွင် နာမည်မပါရှိသည့်အတွက် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ကရင်လူမျိုးအချို့မှာ တိုင်း‌ဒေသကြီးလွှတ်‌တော် ကရင်‌ရေးရာအတွက် မဲ‌ပေးခွင့် ဆုံးရှုံးသည့်အ ‌ခြေအ‌နေများဖြစ်‌ပေါ်‌နေသည်ဟု ‌ပြောဆိုကြသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း လက်ရှိအ‌ခြေအ‌နေများအရ မြို့နယ် ၃ မြို့နယ်ဖြစ်သည့် ပန်းတ‌နော်၊ ‌မြောင်းမြနှင့် လပွတ္တာမြို့နယ်များတွင် အဆိုပါကိစ္စရပ်များမှုဖြစ်‌ပေါ်‌နေ‌ကြောင်း တိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ်‌လောင်းနှင့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများက ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်‌ရေးရာကိုယ်စားလှယ်‌လောင်း မန်းမင်းရဲ‌ထွေးက“ မနက်က ပန်းတ‌နော်မြို့နယ် သရက်‌ချောင်းရွာမှာ တိုင်းရင်းသား‌ရေးရာမဲစာရင်းထဲမှာမပါလို့ တိုင်းရင်းသား‌ရေးရာမဲ မထည့်ခဲ့ရဘူးတဲ့။ ‌နောက်ပြီး တစ်ချို့ရွာ‌တွေမှာလည်း တိုင်းရင်းသားမဲပုံး‌တွေမပါဘူး‌ပြောလာတာရှိတယ်။ ကရင်များတဲ့ရွာမှာ ကရင်မဲပုံးမပါတာ‌တော့ မဖြစ်သင့်တဲ့ကိစ္စလို့‌တော့မြင်ပါတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း မြို့နယ်‌ပေါင်း ၂၆ မြို့နယ်ရှိသည့်အနက် ကရင်လူဦး‌ရေအနည်းဆုံးမှာ ကြံ ခင်း မြို့နယ် ၁၈၆ ဦးဖြစ်ပြီး ကျန်ရှိသည့်မြို့နယ်များမှာ အနည်းဆုံး ကရင်လူဦး‌ရေ ၆ ‌ထောင်‌ကျော်မှ အများဆုံး ၁ သိန်း ၃ ‌သောင်း‌ကျော်သည့် မြို့နယ်များရှိသည်ဟု တိုင်း‌ဒေသကြီး‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲ စာရင်း များ အရ သိရသည်။

ကရင်‌ရေးရာမဲပြဿနာမှာ ပန်းတ‌နော်မြို့နယ်အပြင် ‌မြောင်းမြမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား‌ကျေး ရွာအချို့တွင် ကရင်တိုင်းရင်းသား‌ရေးရာမဲထည့်ခွင့်ဆုံးရှုံးသည့် ကိစ္စရပ်များဖြစ်ပွား‌နေ‌ကြောင်းလည်း ‌မြောင်းမြမြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌လောင်းဖြစ်သူ မန်း‌နေသူရိန်က ‌ပြောသည်။

၎င်းက “ ကြိုတင်မဲမှာလည်း ငါတို့ဆီမှာ‌တော့မြို့‌ပေါ်နဲ့မြို့အနီးပတ်ဝန်းကျင်‌နေရာ‌တွေမှာဖြစ်တာ‌ပေါ့။ ကရင်နဲ့ ဗမာ‌တွေ ‌ရော‌နေကြတာကိုး။ အဲဒီလို‌ရော‌နေတဲ့‌နေရာ‌တွေမှာ‌တော့ ၂၀၁၅ ခုနှစ်တုန်းက ကရင်မဲပုံးကို ထည့်ကြ ရ‌ပေမယ့် ၂၀၂ဝ မှာကျ‌တော့ ကရင်‌ရေးရာမဲမထည့်ရတဲ့သူ‌တွေရှိတယ်။ သူတို့ကိုယ်တိုင်က ခရိုင်‌ကော်မရှင်ကို သွား‌ပြော‌ပေမယ့်လည်း မရ‌တော့ဘူး‌ပေါ့။ ဒီ‌နေ့လည်း ရပ်ကွက်တစ်ချို့မှာ ကရင်ဖြစ်ပြီးနာမည်မပါလို့ ကရင်‌ရေးရာ မဲမထည့်ရတဲ့သူ‌တွေလည်းရှိ‌နေတယ်” ဟု‌ပြောသည်။

‌မြောင်းမြမြို့နယ်တွင် ၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် တိုင်း‌ဒေသကြီး‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ စာရင်းများအရ ကရင်တိုင်းရင်းသား‌ရေးရာမဲရုံ ၂၄၅ ရုံနှင့် ကရင်မဲဆန္ဒရှင် ၈၉,၂၅၈ ဦးရှိသည့် မြို့နယ်တစ်ခု လည်းဖြစ်သည်။

ထို့အတူ ကရင်‌ရေးရာမဲရုံ ၁၆၁ ရုံရှိပြီး ကရင်‌ရေးရာမဲဆန္ဒရှင်‌ပေါင်း ၃၇,၂၃၃ ဦးရှိသည့် လပွတ္တာမြို့နယ်အတွင်း အလားတူ ကိစ္စရပ်များဖြစ်‌ပေါ်‌နေပြီး လပွတ္တာမြို့နယ် ဓနိဆိပ်‌ကျေးရွာအုပ်စု၊ ပိန္နကုန်း‌ကျေးရွာတွင် ကရင်‌ရေး ရာမဲထည့်ခွင့်ဆုံးရှုံးသူ ရာဂဏန်းချီရှိ‌နေသည်ဟုလည်း ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။

ပိန္နကုန်းရွာခံတစ်ဦးက “ ကျ‌နော်တို့ရွာမှာ မဲထည့်လို့ရတဲ့ ကရင်ဦး‌ရေက ၇၀ဝ ‌ကျော်‌လောက်ရှိတယ်။ အခုဒီ‌နေ့ က ၂၀ဝ ‌ကျော်ပဲ ကရင်‌ရေးရာမဲထည့်လို့ရတယ်။ ရွာခံ‌တွေက‌တော့ ဒီကိစ္စအ‌ပေါ် သိပ်မ‌ကျေနပ်ကြဘူး။ တာဝန်ရှိသူ‌တွေကို‌ပြော‌တော့လည်း မဲစာရင်းကပ်တုန်းက လာမကြည့်တဲ့အတွက် ဆိုပြီးပြန်‌ပြောတယ်။ ‌နောက်ပြီး လာစစ်တုန်းက တိုင်းရင်းသား‌နေရာအတွက် နာမည်မ‌ပေးလို့ဆိုပြီး‌ပြောတယ်” ဟု ၎င်းက‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ယ‌နေ့ကြုံ‌တွေ့‌နေရသည့် ကရင်‌ရေးရာမဲထည့်ခွင့် ဆုံးရှုံးမှု ကိစ္စရပ်များမှာ အ‌ခြေအ‌နေအမျိုးမျိုး‌ကြောင့် မဲစာရင်းသွား‌ရောက်မကြည့်ရှုနိုင်သည့် မဲဆန္ဒရှင်များနှင့် လုံးလုံး သက်ဆိုင် သည်မဟုတ်ဘဲ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများအပါအဝင် ရပ်‌ကျေးမှသည့် အဆင့်ဆင့်‌သော ‌ကော်မရှင်များ၏ အားနည်းမှု‌ကြောင့် ဖြစ်နိုင်‌ကြောင်း ကိုယ်စားလှယ်‌လောင်းများက ‌ထောက်ပြ ‌ပြောဆိုကြသည်။

၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်‌ရေးရာမဲဆန္ဒရှင်စုစု‌ပေါင်းမှာ ၁,၀၉၄,၈၂ဝ (ဆယ်သိန်းကိုး‌သောင်း‌လေး‌ထောင် ရှစ်ရာနှစ်ဆယ်)ဦးရှိသည်ဟု တိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲ ၏ စာရင်းများအရသိရသည်။