Home ရွေးကောက်ပွဲသတင်း ‌ကျောက်ကြီးတွင် KPP အင်အား‌ထောင်ချီ လှည့်လည်မဲဆွယ်

‌ကျောက်ကြီးတွင် KPP အင်အား‌ထောင်ချီ လှည့်လည်မဲဆွယ်

3840
‌အောက်တိုဘာ ၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်တွင် ကရင်ပြည်သူ့ပါတီက အင်အား‌ထောင်ချီပါဝင်သည့် လှည့်လည် မဲဆွယ်ပွဲကို ယမန်‌နေ့ (‌အောက်တိုဘာ ၆ ရက်)တွင် ပြုလုပ်ခဲ့သည်ဟု ကရင်ပြည်သူ့ပါတီ-KPP ‌ကျောက်ကြီး မြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌စော‌သေးအားကလို ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မဲဆွယ်ပွဲကို ‌ကျောက်ကြီးမြို့နယ် ကရင်ပြည်သူ့ပါတီက ဦး‌ဆောင်စီစဉ်ခြင်းဖြစ်ပြီး တိုင်း‌ဒေသကြီး မဲ ဆန္ဒနယ်-၁ ဘက်တွင် ‌ကျောက်ကြီး-မုန်း ကားလမ်းတ‌လျှောက်နှင့် တိုင်း‌ဒေသကြီး မဲဆန္ဒနယ်-၂ ဘက်တွင် ‌ကျောက်ကြီး-နံသားကွင်း လမ်းတ‌လျှောက် နံနက် ၇ နာရီခွဲတွင်စတင် လှည့်လည်မဲဆွယ်ခဲ့ပြီး မွန်းလွဲ ၂ နာရီ တွင် ‌ကျောက်ကြီးမြို့‌ပေါ်တွင် အဖွဲ့နှစ်ဖွဲ့ပြန်ဆုံပြီး‌နောက် မဲဆွယ်ပွဲကို ရုပ်သိမ်းလိုက်သည်။

“ဒီ‌နေ့ပွဲကို ဆိုင်ကယ်‌တွေ‌ရော ကား‌တွေနဲ့ပါ ခန့်မှန်း လူ ၃, ဝ၀ဝ ‌လောက်လာတယ်။ လမ်းတ‌လျှောက် ရွာ‌တွေ ကျ‌နော်တို့ကို အား‌ပေးတာ‌တွေကို ကြည့်ပြီး အ‌ခြေအ‌နေ‌ကောင်းမယ်လို့ ယုံကြည်တယ်ဟု” ပြည်သူ့လွှတ် ‌တော် ကိုယ်စားလှယ်‌လောင်း ‌စော‌သေးအားကလိုက ‌ပြောသည်။

အဆိုပါ မဲဆွယ်ပွဲပြုလုပ်ရန် မြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ သုံးရက်ကြိုတင်ခွင့်ပြုချက်ရယူ ပြုလုပ်ခြင်း ဖြစ်ပြီး လူဦး‌ရေ အကန့်အသတ်ဖြင့် ပြုလုပ်ရန် ကနဦး စီစဉ်ထား‌သော်လည်း လာ‌ရောက်ဝန်းရံသူများသွား သည့် အ‌ခြေအ‌နေဖြစ်သွားသည်ဟု KPP ကိုယ်စားလှယ်‌လောင်းများက ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်တွင် ကရင်ပြည်သူ့ပါတီက ပြည်သူ့လွှတ်‌တော်မဲ ဆန္ဒနယ်တွင် ‌စော‌သေးအားကလို၊ တိုင်း‌ဒေသကြီး အမှတ်-၁ စိုင်းမင်း‌အောင်၊ တိုင်း‌ဒေသကြီး အမှတ်-၂ တွင် ‌စောနို ဘယ်(လ်)နှင့် ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာ‌နေရာတွင် ‌စောသိန်း‌ဝေတို့ အသီးသီးဝင် ‌ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်သည်။

“ ‌ကျောက်ကြီးမှာက ‌ရော‌နှောအုပ်ချုပ်တဲ့ ‌ဒေသ‌တွေရှိတယ်။ ကျ‌နော်တို့ ကိုယ့်တိုင်းရင်းသား အတွက် ရပ်တည် ‌နေတယ်ဆိုတာ အများစုသိလာပါပြီး”ဟု တိုင်း‌ဒေသကြီး အမှတ်-၂ ကိုယ်စားလှယ်‌လောင်း ‌စောနိုဘယ်(လ်) က ‌ပြောသည်။

‌ကျောက်ကြီးမြို့နယ်၊ အစိုးရအုပ်ချုပ်သည့်‌ဒေသ အချက်အလက်များအရ စုစု‌ပေါင်း လူဦး‌ရေ ၁၂၀,၀၀ဝ ‌ကျော်ရှိသည့်အနက် ဗမာ လူမျိုး ၆၈,၆၂၁ ဦး ၅၅ ရာခိုင်နှုန်းနှင့် ကရင်လူမျိုးစုစု‌ပေါင်း ၅၂,၂၈၂ ဦး ၄၂ ရာခိုင် နှုန်းခန့်ရှိကာ ရှမ်းလူမျိုး ၂၀၆၉ ဦး ‌နေထိုင်လျက်ရှိ‌ကြောင်း မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဌာန၏ ၂၀၁၉ ခုနှစ်စာရင်းများအရ သိရသည်။

‌ကျောက်ကြီးမြို့နယ်တွင် ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၃ ထိန်းချုပ်နယ်‌မြေများနှင့် နှစ် ဖက်‌ရော‌နှောအုပ်ချုပ်သည့် နယ်‌မြေများလည်းရှိကာ ထိန်းချုပ်နယ်‌မြေများတွင် မဲရုံဖွင့်လှစ်ရန် အ‌ခြေအ‌နေ မရှိ ဖြစ်‌နေ‌သေးသည်ဟု ကိုယ်စားလှယ်‌လောင်းများ ထံမှသိရသည်။