Home ရွေးကောက်ပွဲသတင်း ကရင်ပြည်နယ်ရွာနှစ်ရွာ ပဲခူးတိုင်းမဲစာရင်းထဲ‌ရောက်‌နေမှု ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိ‌သေး

ကရင်ပြည်နယ်ရွာနှစ်ရွာ ပဲခူးတိုင်းမဲစာရင်းထဲ‌ရောက်‌နေမှု ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိ‌သေး

2284
‌အောက်တိုဘာ ၁၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ သာမို‌တောင်‌ကျေးရွာအုပ်စုရှိ ကပ်ပယ်ရွာနှင့် ထမုံ‌ကျေးရွာ အုပ်စု အတွင်းရှိ ခ‌ပေါင်းပင်‌ကျေးရွာ (‌ဒေသအ‌ခေါ် ထမုံ ဥယျာဉ်ရွာ)များ ပဲခူးတိုင်း‌ဒေသကြီး၊ ‌ရေတာ ရှည်မြို့နယ် မဲစာရင်းထဲ ‌ရောက်ရှိ‌နေမှု ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိ‌သေး‌ကြောင်း သိရသည်။

အဆိုပါ ‌ကျေးရွာနှစ်ရွာနှစ်ရွာကို မူလဇာတိဖြစ်သည့် ကရင်ပြည်နယ် သံ‌တောင်ကြီးဘက်မှ စာရင်းပြန်သွင်းရန် လိုအပ်ပြီး ထိုသို့ စာရင်းပြန်သွင်းပြီးသွားမှသာ ပဲခူးတိုင်း ‌ရေတာရှည်မဲစာရင်းမှ ဖြုတ်‌ပေးနိုင်မည်ဖြစ်‌ကြောင်း ‌ရေတာရှည်မြို့နယ်‌ကော်မရှင်ဥက္ကဋ္ဌ ဦးစိန်ထွန်းက ‌ပြောသည်။

“ဟိုဘက်က ထည့်မယ်ဆိုရင်‌တော့ လွှဲ‌ပေးမယ်လို့ ‌ပြောထားတယ်။ ကျ‌နော်တို့ဘက်က ဖျက်လိုက်ပြီး ဟိုးဘက်က ထည့်လို့မရရင် ခက်ကုန်မှာစိုးလို့။ အခုက‌တော့ ဒီဘက်က အထည့်ပြတာပဲ ဟိုးဘက်က ကျ‌နော်တို့ ထည့်ပြီးပါပြီ၊ ဖျက်ပါဆိုရင် ကျ‌နော်တို့ ဖျက်ရတာလွယ်တယ်‌လေ။ အခုချိန်ထိ‌တော့ ကျ‌နော်တို့ဆီကို ဘာမှ မ‌ပြော‌သေးဘူးဗျ” ဟု ဦးစိန်ထွန်းက ‌အောက်တိုဘာ ၉ ရက်တွင် ‌ပြောသည်။

ကပ်ပယ်ရွာနှင့် ခ‌ပေါင်းပင်‌ကျေးရွာတို့သည် ယခင်‌ရွေး‌ကောက်ပွဲများတွင် ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ မဲစာရင်းတွင်သာပါရှိခဲ့‌သော်လည်း ‌ရေတာရှည်မြို့နယ်ထဲသို့ ၂၀၁၈ ခုနှစ်က ထည့်သွင်းလိုက်သည့်အတွက် ယခုအခါ ‌ရေတာရှည်မြို့နယ် မဲစာရင်ထဲသို့ ‌ရောက်ရှိ‌နေခြင်းဖြစ်သည်။

ယခုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ‌စောကားရှယ်က “မဲစာရင်း ‌ကြေငြာပြီးမှ ဒီကိစ္စတက်လာတယ်၊ ‌နောက်တစ်ကြိမ် မဲစာရင်းကျမှ ကြည့်ပါ” ဟု‌ပြောသည်။
အဆိုပါ ရွာနှစ်ရွာသည် ‌ရှေးယခင်ကတည်းက ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်အတွင်းရှိ ရွာနှစ်ရွာဖြစ်‌သော်လည်း ပြည်ထဲ‌ရေးဝန်ကြီးဌာန၏ ဩဂုတ် ၃ ရက်၊ ၂၀၁၈ ရက်စွဲပါ အမိန့်‌ကြော်ငြာစာအမှတ် (၁၀၁၅/၂၀၁၈) အရ နယ်‌မြေထိစပ်‌နေသည့် ပဲခူးတိုင်း‌ဒေသကြီး၊ ‌ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်‌ကျေးရွာအုပ်စုအတွင်းသို့ ထည့်သွင်းဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ယခုလို ‌ရေတာရှည်မြို့နယ်အတွင်း ထည့်သွင်းလိုက်သည့်အ‌ပေါ် တစ်နှစ်ခန့်အကြာမှ သံ‌တောင်ကြီးမြို့နယ်ဘက်မှသိရပြီး‌နောက် မူလအတိုင်း ကရင်ပြည်နယ်အတွင်း ပြန်လည်ထည့်သွင်းရန် သံ‌တောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်ခရစ္စထွန်းက ၂၀၂ဝ ပြည့်နှစ် မတ် ၆ ရက်‌နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်‌တော်အစည်းအ‌ဝေးတွင် ‌မေးခွန်း‌မေးမြန်းခဲ့သည်။

ထိုသို့‌မေးမြန်းမှုအ‌ပေါ် ပြည်‌ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးတင်မြင့်က အဆိုပါရွာနှစ်ရွာသည် ယခင်က သံ‌တောင်ကြီးမြို့နယ်၊ အုပ်ချုပ်မှု‌အောက်တွင်ရှိခဲ့‌သော်လည်း သစ်‌တောဦးစီးဌာနနှင့် မြို့နယ် လယ်ယာ‌မြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာနတို့၏ ‌မြေပုံမှတ်တမ်းတွင် မပါရှိသည့်အတွက် ‌ရေတာရှည်မြို့နယ်ထဲသို့ ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းဖြစ်‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့သည်။

“ကပ်ပယ်ရွာနဲ့ ခ‌ပေါင်းပင်ရွာကို အုပ်ချုပ်‌ရေး၊ ပညာ‌ရေး၊ ကျမ်းမာ‌ရေး၊ လူမှု‌ရေး လိုအပ်ချက်အရ ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်အတွင်းသို့ ပြင်ဆင်ဖွဲ့စည်းလိုပါက ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော် ဖွဲ့စည်းပုံအ ‌ခြေခံဥပ‌ဒေ ပုဒ်မ ၅၃ အရ ပဲခူးတိုင်း‌ဒေသကြီးနှင့် ကရင်ပြည်နယ်နယ်နိမိတ် ပြင်ဆင်သတ်မှတ်သည့် လုပ်ငန်းစဉ် အတိုင်း ‌ဆောင်ရွက်ရမှာဖြစ်‌ကြောင်း တင်ပြအပ်ပါသည်” ဟု ဒု-ဝန်ကြီးဦးတင်မြင့်က ‌ပြောခဲ့သည်။

ယခုလို ကပ်ပယ်ရွာနဲ့ ခ‌ပေါင်းပင်ရွာကို ‌ရေတာရှည်မြို့နယ်အတွင်း ထည့်သွင်းခဲ့သည့်အ‌ပေါ် သံ‌တောင်ကြီးမြို့နယ် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်ခရစ္စထွန်းနှင့် အုပ်ချုပ်‌ရေးပိုင်းတာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ ‌အောက်တိုဘာ ၈ ရက်‌နေ့တွင် ‌ဒေသခံများနှင့် သွား‌ရောက်‌တွေ့ဆုံ၍ သ‌ဘောထား‌မေးမြန်းရာ ‌ဒေသခံများက ကရင်ပြည်နယ်အတွင်း၌သာ ထည့်သွင်းရန်လိုလားသည်ဟု ‌နော်ခရစ္စထွန်းက ‌ပြောသည်။

အဆိုပါ ရွာနှစ်ရွာသည့် ‌ရှေးယခင်ကတည်းက သံ‌တောင်ကြီးမြို့နယ်ဧရိယာ အတွင်းသာရှိခဲ့ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ၊ ၂၀၁၄ ပြည်လုံးကျွတ် သံ‌ခေါင်းစာရင်း‌ကောက်ယူခြင်းနှင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတို့တွင် မြို့နယ်အုပ်ချုပ်မှု‌အောက်တွင်သာရှိသလို ၂၀၁၉ ခုနှစ်အထိ သံ‌တောင်ကြီးမြို့နယ် ဘတ်ဂျက်အသုံးစရိတ်‌အောက်တွင်သာရှိခဲ့‌ကြောင်း သိရသည်။