ဧရာဝတီကန်ကြီးထောင့်ကွင်းယားပေါ်တော်မူက ရှေးဟောင်းကရင့်ဖားစည်
S. မင်းခိုက်သူ (P.T.N)
ကရင့်ဖားစည်ကို တွေ့ရှိခြင်း
လွန်ခဲ့သောတစ်နှစ်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ကွင်းယားအရှေ့ ကျေးရွာအုပ်စု၊ ပေါ်တော်မူကျေးရွာ၊ ရတနာသိပ္ပံ ကျောင်း တိုက်ရှိ ရှေးဟောင်းကရင့်ဖားစည်ကို အဖော်လေးယောက်နှင့်အတူသွားရောက်လေ့လာခဲ့ပါသည်။ တိတိကျကျ ပြောရလျှင်(၂.၇.၂၀၁၉)နေ့က ပင်ဖြစ်သည်။ ကွင်းယား ပေါ်တော်မူကျောင်းဆရာတော်နှင့် မန်းကျော်စိုးမိုးတို့က ရှေးဟောင်းဖားစည် စတင်ရရှိခဲ့မှုနှင့် ထိန်းသိမ်းလာခဲ့ပုံတွေကို စိတ်ရှည်စွာဖြင့် ရှင်းပြပါသည်။ လက်ရှိတွင် ပေါ်တော်မူကျောင်း ဆရာတော်၏ကျောင်းဝင်းထဲတွင် ကရင့်ယဉ်ကျေးမှု ပြတိုက်ကိုတည်ဆောက်လျက်ရှိပြီး ဖားစည်အပါအဝင် ယဉ်ကျေးမှု ပစ္စည်းများကို ထိန်းသိမ်းပြသထားရန်ပင် ဖြစ်သည်။
ရှေးဟောင်းဖားစည်ကို မြန်မာသက္ကရာဇ်(၁၂၈၆)ခုနှစ်၊ ကဆုန်လ၊ ခရစ်နှစ်(၁၉၂၄)ခုနှစ်တွင် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကျေးရွာ၊ အရှေ့မြောက်အရပ် တစ်မိုင်လောက်အကွာရှိ မြေကြီးထဲမှ ထူးဆန်းစွာ တူးဖော်ရရှိပါသည်။ ရှေးဟောင်းဖားစည်ကို မတွေ့ရှိခင်မှာ သက္ကရာဇ်(၁၂၈၆)ခုနှစ်၊ တပို့တွဲလတွင် ကျေးလက် တောရွာရှိ တောင်သူကြီးများက မိမိတို့၏ကောက်နှံစပါးများကို ချွေလေ့နေချိန်ပင်ဖြစ်သည်။ ထိုအချိန်တွင် အများခေါ်ဆိုလေ့ရှိကြသော အဘိုးဦးပျား၏တောင် ယာတွင် ကျားကြီးတစ်ကောင်တွေ့ရှိကြောင်း အုတ်အော်သောင်းနင်းဖြစ်ခဲ့ကြသည်။ ကျားကိုဝိုင်းဝန်းဖမ်းဆီးကြသော်လည်း မရရှိခဲ့ပေ။ ကျားကုတ်ဒဏ်ရာဖြင့် သူကြီးတစ်ယောက်မှာ မျက်စိတစ်ဖက်ပျက်စီးသွားသည်အထိ ဖြစ်ခဲ့သည်။
ထို့နောက် သက္ကရာဇ်(၁၂၈၆)ခုနှစ်၊ ကဆုန်တွင် သရက်ချောင်းကျေးရွာရှိ တောင်သူကြီးတစ်ယောက်သည် ဦးပျားတောင်ယာတောအနီးရှိ မိမိပိုင်လယ်ယာတွင် သားငယ်အားနွားကျောင်းရန် စေလွှတ်လိုက်ပါသည်။ ထိုနွားကျောင်းသားငယ်သည် တောင်ဘို့အနီးရှိ ဆေးရိုးပင်အောက်တွင် မိမိ၏နွားကို ထိုင်၍စောင့်နေစဉ် သူ ၏ခြေဖမိုးပေါ်တွင်ဖားတစ်ကောင် ခုန်တက်လာသည်။ ခုန်တက်လာသော ဖားကိုလက်ဖြင့်ဖမ်းအုပ်လိုက်သောအခါဖမ်းမမိဘဲအနားမှာရှိသည့် မြေအက်ကွဲထဲသို့ ခုန်ဆင်းသွားလေသည်။
နွားကျောင်းသားငယ်သည် အမြဲကိုင်ဆောင် လေ့ရှိသော နွားကျောင်းတုတ်ဖြင့် ဖားခုန်ဆင်းသွားသော မြေကွဲအက်ထဲသို့ ထိုးကြည့်ရာ “ဒုံးဒုံး” ဟူသော မြည် သံကိုကြားရလေသည်။ ထို့နောက် ဖခင်ကြီးကိုပြောပြရာ သားအဖနှစ်ယောက်တို့သည် ပေါက်တူးဖြင့် တူးဖော်ကြည့်ကြလေသည်။ ထိုအခါ မြေကြီးထဲတွင် အံ့ဩ ဖွယ်ရာ ရှေးဟောင်းဖားစည် တစ်လုံးကို တွေ့ရှိရလေသည်။ သူတို့သားအဖနှစ်ဦးသည် ဝမ်းသာအားရစွာဖြင့် မိမိအိမ်သို့ ယူဆောင်လာခဲ့ကြသည်။ သို့သော် ယင်း ဖားစည်ကို မည်သို့မည်ပုံ သုံးစွဲရမည်ကိုလည်းမသိရှာကြပေ။ သို့တွက်ကြောင့် ရိုသေလေးစွာမှုမရှိဘဲ ထားမိထားရာ ထားမိခဲ့ကြသည်။
ထို့ကြောင့် ယင်းကျေးရွာတွင် ကာလဝမ်းရောဂါကျရောက်လာပြီး လူအများက တုန်လှုပ်ချောက်ချားကုန်ကြသည်။ ဖားစည်ကို မရိုမသေပြုလုပ်ထားရှိသောကြောင့် ယင်းကဲ့သို့ ဝမ်းရောဂါဖြစ်ရကြောင်းအိပ်မက်ပေးလာသဖြင့် ဖားစည်ကို မထိရဲမကိုင်ရဲ ဖြစ်လာပြီး ဟိုရွာသို့ပို့၊ သည်ရွာသို့ပို့ ဖြစ်လာလေသည်။ နောက်ဆုံးတွင် ကန်ကြီးထောင့်ရွာသို့ ရောက်ရှိသွားလေသည်။ ဖားစည်ကို မထိရဲမကိုင်ရဲဖြစ်နေချိန် ကန်ကြီးထောင့်ရွာသို့ ရောက်လာသည့်အခါဘကြီးမန်းရွှေ ဖြူသည် ကြားသိ သဖြင့် သူကိုယ်တိုင်သွားရောက်သိမ်းဆည်းလိုက်ပြီး ဖားစည်ကို သီးသန့်နေရာတွင် ထားရှိ၍ ငှက်ပျောပွဲ၊ အုန်းပွဲ(၂၇)ပွဲ၊ အမွှေးနံ့သာတို့ဖြင့် နှစ်ပေါင်းများစွာ ထိန်းသိမ်း လာခဲ့သည်။
ဖားစည်ပွဲတော် နွှဲလို့ပျော်
ထိုအချိန်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးပြီးဖြစ်၍ ဝန်ကြီးချုပ်ဦးနုသည် ဖားစည်သတင်းကို ကြားသိရသည့်အခါ ကျုံပျော်မြို့နယ် ဘုရားကလေးဆိပ်ရွာ ဇာတိဖြစ်သော ဝန်ကြီးမန်းမြတ်စိန်(သာသနာရေးဝန်ကြီး)ကို မေးကြည့်လေသည်။ ဝန်ကြီးချုပ်မှာ ကွင်းယားရွာတွင် ဖားစည်ကိုထိန်းသိမ်း ထားသောဘကြီး မန်းရွှေဖြူနှင့် တွေ့လိုသဖြင့် ဝန်ကြီးမန်းမြတ်စိန်က မိတ်ဆက်တွေ့ပေးလိုက်ပါသည်။ ဘကြီးမန်းရွှေဖြူသည် ဝန်ကြီးချုပ်ဦးနုနှင့် တွေ့ဆုံပြီး လွတ်လပ်ရေးလည်း ရရှိပြီဖြစ်၍ ဖားစည်အောင်ပွဲကိုလည်း ပြုလုပ်ကျင်းပ လိုကြောင်းတင်ပြပြောဆိုပါသည်။ ထို့ကြောင့် ဝန်ကြီးချုပ်ဦးနုက ဖားစည်ကိုပြန်လည် ဖေါ်ထုတ်ရရှိသည့် အထိမ်းအမှတ် အောင်ပွဲအတွက် ကျင်းပနိုင်ရန် ဘကြီးမန်းရွှေဖြူအား ငွေကျပ်(၅၀ဝ၀ဝိ/)ကို ထုတ်ပေးလိုက်ပါသည်။
ဖားစည်အောင်ပွဲကို သက္ကရာဇ်(၁၃၀၉)ခုနှစ်၊ တပို့တွဲလတွင် ကန်ကြီးထောင့်အရှေ့ ပေါ်တော်မူကျေးရွာ ရတနာသိပ္ပံကျောင်းကြီးအနီး ကွင်းပြင်တွင်ကျင်းပပါသည်။ ထိုစဉ်က အရှင်သာရိပုတ္တရာဓာတ်တော်နှင့် အရှင်မောဂ္ဂလာန်ဓာတ်တော်များကိုလည်း ပူဇော်ပွဲကျင်းပကြသည်ဟု ဆိုပါသည်။ အခမ်းအနား ပြင်ဆင်ထားမှုသည် မြင်ရသူတိုင်းက ကြည်နူးစရာကောင်းလှပြီး ပွဲတော်မှာ လွန်စွာစည်ကား လှပေသည်။
ကရင့်ဖားစည် အောင်ပွဲသို့ နိုင်ငံတော်သမ္မတ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်နှင့် ဇနီးရတနာဒေဝီ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့် ဇနီးဒေါ်မြရီ၊ သာသနာရေးဝန်ကြီး မန်းမြစိန်နှင့် ဇနီးဒေါ်အေးကြည်၊ စက်မှုဝန်ကြီးမန်းဝင်းမောင်နှင့်ဇနီး၊ ပုသိမ်ပညာရေးဝန်ကြီး စောစံဘိုးသင်နှင့်ဇနီး၊ ဒေါ်ခင်ကြည်(ဗိုလ်ချုပ် အောင်ဆန်းဇနီး)စသော နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြလေသည်။
မှတ်ချက်။ ။ဤတွင် အထူးသဖြင့် ဖားစည်အကြောင်းကိုသာ ရေးသားခြင်းဖြစ်သည်။ ဓာတ်တော် ပူဇော်ခြင်း၊ ဗောဓိပင်စိုက်ပျိုးခြင်း စသည်များကို ချန်ထားခဲ့ပါသည်။
ဖားစည်၏ကြန်အင် လက္ခဏာ
ယခုကွင်းယားပေါ်တော်မူရွာရှိ ဖားစည်မျက်နှာပြင် အကျယ်အဝန်းမှာ အချင်းအားဖြင့် ၂ပေခန့်ရှိပြီး အလယ်တွင် တက်နေဝန်း နေရောင်ခြည်အဝိုင်းပါရှိသည်။ တက်နေဝန်းမှ အနားစပ်အထိ ဖောင်းြွကသော အရစ်ငယ်၂၄ရစ် ပါရှိပါသည်။ အရစ်ကြားတွင် ခိုရုပ်၊ ငါးရုပ်၊ ဇီးကွက်ရုပ် စသောအရုပ်များ ပါရှိသည်။
ဖားစည်၏နှုတ်ခမ်းအစ မျက်နှာပြင်တွင် ဖားလေးကောင်ကို လေးနေရာ၌ ဝက်အူဖြင့်စုပ်လျက် ပြုလုပ်ကပ်ထားသည်။ သို့သော် ဖားလေးကောင်အနက် တစ်ကောင်မှာ ပျောက်ဆုံးသွားပြီးဖြစ်သည်။ ပျောက်သွားသော ဖားတစ်ကောင်မှာ ဖိုထိုးသူတို့ လာရောက်ခိုးဖြုတ်ပြီး ဖိုထဲထိုးထည့် လိုက်သည်ဟု သိရပါသည်။ ဖားစည်မျက်နှာ ပြင်ပေါ်တွင် နှစ်ကောင်ထပ်ဖား၊ သုံးကောင်ထပ်ဖား တွေ့ဘူးပါသည်။ ယခုဖားစည်မှာ တစ်ကောင်စီတစ်နေရာစီသာရှိသော ဖားလေးကောင်ပင်ဖြစ်သည်။ ဖားများသည်
တစ်ကောင်နှင့်တစ်ကောင် ခေါင်းချင်းဆိုင်ခြင်းမဟုတ်ဘဲ ရှေ့သွားနောက်လိုက်အဖြစ် မျက်နှာမူလျက် တွေ့ရသည်။ ရှေ့သွားနောက်လိုက် အဖြစ်တည်ရှိနေသော ဖားများကိုတွေ့ရခြင်းဖြင့် စည်းလုံးညီညွတ်ခြင်း သကေင်္တရှိနေ၍ မဂင်္လာဖားစည်အဖြစ် ပြောနိုင်ပါသည်။ အကယ်၍ ဖားများမှာ တစ်ကောင်နှင့်တစ်ကောင် မျက်နှာချင်းဆိုင် တည်ရှိနေပါလျှင် ရန်မူနေခြင်းဖြစ်၍ အမဂင်္လာဖားစည်အဖြစ် ဆိုရပါမည်။(ဖားစည်နှင့် စပ်လျဉ်း၍ သုတေသီများ အမျိုးမျိုးတင်ပြထားမှုများရှိပါသည်။ ဥပမာ မန်းနဲစံ၏ကရင့်ဖားစည်)
ဖားစည်၏မျက်နှာပြင် နေရောင်ခြည်အဝိုင်းမှာ ယခင်ကအတီးအခတ် အတော်များခဲ့သဖြင့် မျက်နှာပြင်မှာ ပကတိအတိုင်း မဟုတ်တော့ဘဲ ပြန်လည်ပြီး ပြင်ဆင်ထားသည်ဟု ယူဆရပါသည်။ ဝမ်းဗိုက်ထဲတွင် အနာအဆာ များလည်းတွေ့ရပါသည်။ စာရေးသူတို့ လေ့လာတွေ့ရသည့် အချိန်တွင် ဖားစည်မျက်နှာ ပြင်နှင့် တကိုယ်လုံးမှာ ရွှေဆေးရေဖြင့် အချိန်အတော်ကြာ မြင့်စွာကပင် သုတ်လိမ်းထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ရွှေဖားစည်ဟု ခေါ်ဆိုနိုင်ပါသည်။ ဖားစည်မျက်နှာပြင်ပေါ်တွင်ပါရှိသော အရုပ်များသည်လည်း သဲသဲကွဲကွဲ သိပ်မတွေ့ရတော့ပေ။ ယခုအရုပ်များ ပါရှိသည်ဟု တင်ပြသည်မှာ ယင်းဖားစည်၏သမိုင်း စာအုပ်ငယ်၌တွေ့ရခြင်းပင်ဖြစ်သည်။ ဖားစည်တွေ့ရှိမှု၏ သက်တမ်းကို တွက်ကြည့်ရာတွင် လွတ်လပ်ရေး မရခင်(၁၂၈၆- ၁၉၂၄)ခုနှစ်ကို တွေ့ရသဖြင့် ယခုဆိုလျှင် နှစ်ပေါင်း(၉၆)ရှိသွားပြီးဖြစ်၍ နှစ်တစ်ရာပြည့်တော့မည် ဖြစ်သည်။ ထို့ကြောင့် ကန်ကြီးထောင့် ကွင်းယားပေါ်တော်မှုကျေးရွာရှိ ဖားစည်သည် လွန်စွာ ရှေးကျသော ဖားစည်ပင် ဖြစ်သည်။
ပထမဆုံး ကွင်းယားပေါ်တော်မူကျေးရွာ ဖားစည်ကြီးကို ရရှိပြီးသည့်အခါ နောက်ထပ် ဖားစည်တစ်လုံးကို တစ်ခါထပ်မံရရှိပါသည်။ မြန်မာသက္ကရာဇ် ၁၂၈၆ခုနှစ်၊ ကဆုန်လတွင် ပထမဖားစည်ရရှိပြီးနောက် နယုန်လတွင် ဒုတိယဖားစည်ကို ထပ်မံရရှိခြင်း ပင်ဖြစ်သည်။ ယင်းဖားစည်နှစ်လုံး ပေါ်ပေါက်ရရှိသော နေရာ အကွာအဝေးမှာ ၅မိုင်ခန့်ဝေးကွာသည်ဟု ဆိုပါသည်။ အဘိုးဦးခေါင်က မိမိနေထိုင်သော ကျားရဲကျေးရွာတွင် လယ်စိုက်ရန်ထယ်ထိုးသည့်အခါ ထယ်ကြောင်းငါးကြောင်း ခြောက်ကြောင်းရောက်ချိန်တွင် ထယ်သွားနှင့် ဖားစည်ကို ထိုးမိရာ ဂျွမ်းဟူသော အသံထွက်ပေါ်လာခဲ့သည်။ တူးဖေါ်ကြည့်ရာ ဖားစည် တစ်လုံးကို ရရှိလေသည်။ ပထမပေါ်သော ဖားစည်နှင့် အရွယ်တူပုံစံဖြစ်ပြီး ထယ်သွားနှင့် ထိုးမိသောကြောင့် ဖားစည်မျက်နှာမှာ ၆လက်မခန့် ပဲထွက်သွားသည်။ ယခုအခါ ယင်းဖားစည်သည် သာပေါင်းမြို့နယ် ကညင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရှိသည်ဟုသိရပါသည်။
ထို့ပြင် ပေါ်တော်မူကျေးရွာ၊ ရတနာသိပ္ပံကျောင်းတွင် ဖားစည်ငယ်တစ်လုံးလည်း ရှိပါသေးသည်။ ယင်းဖားစည်ငယ်မှာ ဦးနု၏ဖဆပလ အစိုးရခေတ်တွင် ပညာရေးဝန်ကြီး စောစံဖိုးသင်သည် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိခိုက် ကရင်နီလူမျိုးများက လက်ဆောင်ပေးလိုက်သော ဖားစည်ပင်ဖြစ်သည်။ ဝန်ကြီးစောစံဖိုးသင်သည် ဘကြီးမန်းရွှေဖြူအား ပြန်လည်၍ လက်ဆောင်ပေးခြင်းဖြစ်သည်။
ယခု ကန်ကြီးထောင့် ကွင်းယားပေါ်တော်မူကျေးရွာရှိ ကရင့်ဖားစည် ရရှိပုံနှင့် ကြန်အင်လက္ခဏာ အချို့ကို သိရှိရ ပြီးဖြစ်သည်။ သို့သော် ယင်းဖားစည်သည် မည်သည့်ဒေသက ရောက်ရှိလာခဲ့သနည်း။ ဘယ်အချိန်တုန်းက မြေကြီးအောက်တွင် တိမ်မြုပ်ခဲ့ရသနည်း။ စိတ်ဝင်စားစရာဖြစ်၍ ဆက်လက် လေ့လာစိစစ်ကြည့်ရန် လိုအပ်ပေသည်။
မြန်မာနိုင်ငံရောက် ကရင်များ
မြန်မာနိုင်ငံသို့ ကရင်မျိုးနွယ်စုဝင်များ ရောက်လာချိန်မှာ ကြေးခေတ်ထွန်းကား သောအချိန်တွင်ဖြစ်ပြီး တရုတ်ပြည်အနောက်တောင်ဘက်မှ တစ်ဆင့်တရွေ့ရွေ့ပြောင်းလာကြပြီး သံလွင်မြစ်၊ ရွှေလီမြစ်၊ မြစ်ကြောင်းများမှ ဝင်ရောက်လာကြသည်။ ရွှေလီမြစ်မှတစ်ဆင့် မြန်မာနိုင်ငံတကောင်းဒေသသို့ ဘီစီ(၈)ရာစု၊ (၇၃၉)ခုနှစ်တွင် နောက်ဆုံးအသုတ်အဖြစ် ရောက်ရှိလာကြပြီး သံလွင်မြစ်၊ ဧရာဝတီမြစ်၊ ရှမ်းကုန်းမြင့်ဒေသနှင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများသို့ ရောက်ရှိပျံ့နှံ့နေထိုင်ခဲ့ကြသည်။
မွန်ဂိုလွိုက်မျိုးနွယ်စုတွင် (၁)တိဗက်လူမျိုး။ (၂)မွန်+ခမာလူမျိုး။ (၃)ထိုင်း+တရုတ်လူမျိုး သုံးစုသည်
မြန်မာနိုင်ငံအတွင်း နေထိုင်သောတိုင်းရင်းသားတို့၏ ပင်မမျိုးရိုးဟု ဆိုကြသည်။ ထိုအုပ်စုများတွင် ကရင်လူမျိုး
သည် ထိုင်းတရုတ်လူမျိုးအုပ်စုတွင်ပါဝင်သည်။ ထိုင်းတရုတ်အုပ်စုဝင် ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံတွင်း
သို့ အောက်ပါဒေသများတွင် အခြေချဝင်ရောက်နေထိုင်လာခဲ့ကြသည်။
(၁)‘ဧရာဝတီမြစ်ကြောင်းကိုလိုက်၍ ကရင်တိုင်းရင်းသားတို့သည် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
ပဲခူးရိုးမ၊ မြစ်ဝကျွန်းပေါ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ရိုးမဒေသတစ်လျှောက် အခြေချနေထိုင်ခဲ့ကြသည်။
(၂)သံလွင်မြစ်ကြောင်းကိုလိုက်၍ ရှမ်းကုန်းမြေမြင့်ဒေသကို ကျော်ဖြတ်ကာ တောင်ငူခရိုင်၊ တနသင်္ာရီတောင်
တန်းတစ်လျှောက် တွင်လည်း အခြေချနေထိုင်ခဲ့ကြသည်။
(၃)မဲခေါင်မြစ်ဝှမ်း၊ ရွှေလီမြစ်ဝှမ်းမြစ်ကြောင်းအတိုင်းလိုက်၍ စုန်ဆင်းလျက် ရှမ်းကုန်းပြင်မြင့်မှ ကယားပြည်
နယ်၊ ကရင်ပြည်နယ်၊ တနသင်္ာရီတောင်တန်းမှ တစ်ဆင့်ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်၊ ဘော်နီယိုကျွန်း
အထိ ရောက်ရှိပြီးအခြေချ နေထိုင်ခဲ့ကြသည်။
ယခုတွေ့ရသော ကွင်းယားပေါ်တော်မူကျေးရွာရှိ ဖားစည်သည် လက်ရှိပစ္စုပ္ပန်၌ သွန်းလောင်းပြုလုပ်သော ဖားစည်မဟုတ်သလို လက်ရှိ တောင်ပေါ်ဒေသများရှိ ရှေးဟောင်းဖားစည်လည်း မဟုတ်ပေ။ (သို့)တစ်နေရာရာက ဝယ်ယူလာသည့် ရှေးဟောင်းဖားစည်လော။ လုံးဝမဟုတ်ပေ။ မည်သည့် ဒေသမှ ရရှိခဲ့သော ဖားစည်လည်း မဟုတ်ချေ။ လက်ရှိကရင်လူမျိုးများစွာနေထိုင်လျက်ရှိကြသော မြစ်ဝကျွန်းပေါ်ဒေသရှိ မြေကြီးအောက်တွင် တူးဖေါ်ပြီး ရရှိခဲ့သော ဘိုးဘွားတို့၏ ရှေးဟောင်းကရင့်ဖားစည်အမွေအနှစ်အစစ်ပင် ဖြစ်ပါသည်။
ထို့ကြောင့် အပေါ်၌ တင်ပြထားသော ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ရောက်ရှိလာသော လမ်းသုံးကြောင်းနှင့် ယခုကွင်းယားပေါ်တော်မူကျေးရွာရှိ ဖား စည်ကို ဆက်စပ်လေ့လာကြည့်သည့်အခါမည်သည့် လမ်းကြောင်းက ဖားစည်ကို သယ်ဆောင်လာသော ကရင်များဖြစ်နိုင်သနည်း။ စိတ်ဝင်စားဖို့ ကောင်းလှပေ သည်။
နံပါတ်(၁)‘ဧရာဝတီမြစ်ကြောင်းကိုလိုက်၍ ကရင်တိုင်းရင်းသားတို့သည် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးရိုးမ၊ မြစ်ဝကျွန်းပေါ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ရိုးမဒေသတစ်လျှောက် အခြေချနေထိုင်ခဲ့ကြသည်ဟု ဆိုထားသဖြင့် နံပါတ်(၁)လမ်းကြောင်းမှ ဆင်းသက်လာသော ကရင်များက ယခုတွေ့ရ သော ကွင်းယားပေါ်တော်မူကျေးရွာရှိ ကရင့်ဖားစည်ကို သယ်ဆောင်လာခြင်းဟု ဆိုရပါမည်။ ကရင်လူမျိုးတို့ အမြတ်တနိုးတန်းဖိုးထားသော ဖားစည်သည် ကရင် လူမျိုးရောက်ရှိသည့် နေရာဒေတွင်ကိုယ်တိုင်သယ်ဆောင်လာခဲ့သည်ဟု ဆိုရပါမည်။ နှစ်ပေါင်းများစွာ တန်ဖိုးမဖြတ်နိုင်သော ဘိုးဘွားများ၏ အမွေအနှစ်ပင် ဖြစ်သည်။
နှစ်ပေါင်းထောင်ချီ ဧရာဝတီက ကရင့်ဖားစည်
တစ်ခါဖားစည်၏သက်တမ်းကို ပြန်လည်လေ့လာကြည့်ရာတွင် ကရင်လူမျိုးတို့သည် ကြေးခေတ်ကတည်းက အာရှဒေသသို့ ရောက်ရှိပြန်နှံ့ခဲပြီး ဖြစ်သည်။ ကြေးခေတ်သည် လွန်ခဲ့သော နှစ်ပေါင်း (၃၀ဝ၀)ကျော်က စတင်ထွန်းကားခဲ့သည်။ ကရင်လူမျိုးတို့သည် လွန်ခဲ့သောနှစ်(၃၀ဝ၀)ကျော်က ဖားစည်ကိုစတင် အသုံးပြုလာခဲ့သည်ဟု သုတေသီများက တင်ပြထားခြင်းဖြစ်၍ ယခုကွင်းယားပေါ်တော်မူ ကရင့်ဖားစည်က ထောက်ခံလျက်သက်သေတစ်ခုပင်ဖြစ်သည်။ ယင်းဖားစည်ကို လေ့လာခြင်းဖြင့် ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ရောက်ရှိ ပြန့်ပွားလာသည့် နှစ်တွေကိုလည်း သိရှိခန့်မှန်း နိုင်ပေလိမ့်မည်ဟု ယူဆမိပါသည်။
စင်စစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ရေတက်ရေကျ ဒေသဖြစ်ပါသည်။ မိုးတွင်းကာလရေးတက်လျှင် အိမ်များပါမြုပ်လေ့ ရှိပါသည်။ လှေ၊ သဘေင်္ာနှင့် ခရီး သွားရလေ့ ရှိပါသည်။ မိုးရာသီကုန်လျှင် ရေကျသွားပြီး မြစ်ထဲချောင်းထဲတွင် ရေကပြန်ရောက်သွားပါသည်။ နှစ်ပေါင်းများစွာ ကရင်ဘိုးဘွားများသည် ယခု ဖားစည်ကို ထိန်းသိမ်းလာခဲ့ကြပေလိမ့်မည်။ သို့သော် မည်သို့ပင်ထိန်းသိမ်းလာသော်လည်း တခါတရံမိုးတွင်းကာလ ရေတအားတက်ပါလျှင် မိမိ တို့ကိုယ်တိုင်သည်ပင် အသက်လုပြီး ရွှေ့ပြောင်းနေထိုင်ရသဖြင့် ဖားစည်သည်လည်း ရေးတိုက်စားမှုဖြင့် ရေထဲရောက်ရှိသွားပြီး ရွှံ့ရေမြေများက ဖုံးလွှမ်းသွားပေလိမ့်မည်။ ထို့ကြောင့် မြေကြီးအောက်တွင် နှစ်ပေါင်းထောင်ချီ တိမ်မြုပ်ပျောက်ကွယ် ခဲ့ရလေသည်။
တချို့က ကွင်းယားပေါ်တော်မူကျေးရွာ ဖားစည်သည် တလိုင်းတို့အသုံးပြုသော ဖားစည်ဟုဆိုကြသည်။ တလိုင်းလူမျိုးမှာ အိနိ္ဒယကလာသည့် တိလဂင်္နလူမျိုးမှ တလိုင်းဖြစ်လာသည်ဟု သိရပါသည်။ တချို့မှာ မွန်လူမျိုး၊ ပိုးကရင်လူမျိုးများကိုလည်း တလိုင်းလူမျိုးဟု ခေါ်ဆိုခဲ့ကြဘူးပါသည်။ တလိုင်းကိုမွန်လူမျိုးဟု ဆိုပါလျှင် မွန်လူမျိုးတို့ အသုံးပြုသောဖားစည်သည် သားရေဖြင့်ကြက်လျက် ပြုလုပ်ထားသည့် ဖားစည်မျိုးကိုသာ အသုံးပြုလေ့ရှိပါသည်။ ယခုလို ပဉ္စလောဟာငါးမျိုးဖြင့် သွန်းလောင်းပြုလုပ်ထားသော ကရင့်ဖားစည်မျိုးကို အသုံးပြုလေ့ မရှိချေ။
ထို့ကြောင့် ယခု ကွင်းယားပေါ်တော်မူကျေးရွာရှိ ကရင့်ဖားစည်သည် မြစ်ဝကျွန်းပေါ်ဒေသသို့ ကရင်လူမျိုးများ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းသက်လာရာတွင် ကရင်ဘိုးဘွားများ သယ်ဆောင်လာခဲ့သော ဖားစည်ဖြစ်မည်ဖြစ်၍ ကရင်လူမျိုးများ၏ ယဉ်ကျေးမှုပစ္စည်းအမှန်ဖြစ်သောကြောင့် ကရင်လူမျိုးများသည်ပင် ပြန်လည်ရရှိခြင်း ဖြစ်သည်။ ဤဖားစည်သည် ကရင်တစ်မျိုးသားလုံး၏ အထူးသဖြင့် မြစ်ဝကျွန်းပေါ် ကရင်လူမျိုးများ၏ ဂုဏ်ကိုဆောင်သော ဖားစည်ပင်ဖြစ်သည်။ ကရင့်ဘိုးဘွားတို့၏ တန်းဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းဖြစ်ခြင်းကြောင့် နောင်ကရင်မျိုးဆက်သစ်များနှင့် သုတေသီများ လေ့လာနိုင်ရန် နှစ်ပေါင်းများစွာ ဆက်လက် ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါသည်။
S. မင်းခိုက်သူ (P.T.N)
ကျမ်းကိုး။ ။ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ပေါ်တော်မှုကျေးရွာ၊
ရတနာသိပ္ပံကျောင်းတိုက်၊ ကရင်ဖားစည်သမိုင်းအကြောင်း သိကောင်းစရာစာအုပ်။