အမျိုးသမီးကိုယ်စားလှယ်လောင်းများ ဖွင့်ဟခဲ့သည့် တိုင်းရင်းသားဒေသများမှ အခက်အခဲအကြပ်အတည်းများ
စက်တင်ဘာ ၁၅၊ ၂၀၂ဝ ပြည့်နှစ်။ စောထွန်းလင်း
“ပရဟိတကျောင်းတွေကို စေလွှတ်တာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်လာမှာ ကျမစိုးရိမ်တယ်”
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သုံး၊ လေးနှစ်အရွယ် ကလေးများကို ပရဟိတကျောင်းများက ခေါ်ယူသွားသည့် အခြေအနေများနှင့်ပတ်သက်၍ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းခံချိုက ပြောကြား ခဲ့ခြင်းဖြစ်သည်။
အခက်အခဲများနှင့် ဒေသတွင်းပညာရေး
အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ခြောက်ခုနှင့် ကျေးရွာအုပ်စု ၁၃ စုရှိပြီး ရွာပေါင်း ၃၂၂ ရွာရှိကာ ထိုသို့ ကျေးရွာသုံးရာကျော်ရှိ သော်လည်း အလယ်တန်းကျောင်းနှင့် အလယ်တန်းကျောင်းခွဲ စုစုပေါင်းမှာ ၁၈ ကျောင်းသာရှိသည့်အတွက် ကျေးရွာ ၁၇ ရွာလျှင် အလယ်တန်းကျောင်း တစ်ကျောင်း နှုန်းသာ ဖြစ်သည်။
ထို့အပြင် ဒေသတွင်းရှိ ကလေးငယ်များမှာ မူလတန်းပြီးဆုံးပြီးနောက် ပညာ ဆက်သင်ရန် အခက်ကြုံရပြီး မိဘများ၏ စားဝတ်နေရေး အဆင်မပြေမှုကလည်း ကျောင်းဆက်ထားရန် အခက်အခဲတစ်ခု ဖြစ်နေပြန်သည်။
ယခုလိုအခြေအနေမျိုးကြောင့် ရန်ကုန်၊ ပဲခူးမြို့တို့ရှိ ပရဟိတကျောင်းများက ပအိုဝ်း ဒေသရှိ ကလေးငယ်များကို နွေရာသီတွင် လာခေါ်ယူပြီး ပညာဆက် သင်ပေးခြင်း များရှိကာ မိဘများကလည်း မိမိတို့သားသမီး ပညာရေးဆုံးခန်းတိုင်စေရေးအတွက် စေလွှတ်လေ့ရှိသည်။
“ကလေးတွေကမိဘရင်ခွင်ထဲမှာ မနေရဘူး။ ဒီကလေးတွေ တိုင်းရင်းသားဘာသာ စကားလည်း ကောင်းကောင်းမသင်ကြားရဘူး” ဟု နန်းခံချိုက ရင်ဖွင့်သည်။
နောက်ဆက်တွဲအနေဖြင့် ဆီဆိုင်မြို့နယ်တွင် ကျောင်းဝင်နှုန်းကျဆင်းလာပြီး တချို့ ကျောင်းများက ကလေးများပညာဆက်လက်သင်ကြားစေရန် ကျောင်းထွက် လက်မှတ်မထုတ်ပေးသည်များလည်း ရှိနေသည်။
အလားတူ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင်လည်း လူငယ်များအနေဖြင့် ပညာရေးအခွင့်အလမ်း နည်းပါးနေသေးသည်ကို တွေ့ရသည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်းနူး ပန်က ပြောသည်။
“ဆွန်ပရာဘွန်က ကလေးတယောက် အစိုးရပေးတဲ့ စကောလားရှစ် (ပညာသင်ဆု) ရ သွားတယ်ဆိုတာ မကြားဖူးသေးဘူး။ မြစ်ကြီးနားမှာလည်း အစိုးရပညာသင်ဆုပေး ပေမဲ့ မရသလောက်ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။
အလားတူ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင်လည်း ဒေသခံအများစုသည် မူလတန်း အထိသာ ပညာသင်ကြားရပြီး အများစုမှာ အလယ်တန်း၊ အထက်တန်းကို စားဝတ်နေ ရေးအခြေအနေကြောင့် ဆက်မထားနိုင်ဖြစ်နေသည်ဟု ကယန်းအမျိုးသားပါတီမှ ဖယ်ခုံမြို့နယ် ပြည်နယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း မူကယ်ရိုလိုင်းက ပြောသည်။
ဒေသတွင်း စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေ
ပညာရေးများအပြင် အလုပ်ကိုင်အခွင့်လမ်းနှင့်ပက်သက်၍လည်း ဆုံးရှုံးမှုများစွာ ကြုံ တွေ့နေရကာ ကချင်ပြည်နယ် မြစ်ကြီးနားတွင် လူငယ်များ အလုပ်အကိုင် အခွင့်အ လမ်းနည်းသည့်အတွက် ဖားကန့်ဘက် ကျောက်သွားတူးရခြင်းများရှိနေပြီး အကျိုး ဆက်အနေဖြင့် မူးယစ်ဆေးစွဲသွားသူများစွာ ရှိလာခဲ့သည်။
ယင်းအပြင် မြစ်ကြီးနားထောင်ထဲရှိ မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျသူ ၈ဝ ရာခိုင်နှုန်းခန့်တွင် အများစုမှာ လူငယ်နှင့် အမျိုးသမီးများဖြစ်နေသည်ဟုလည်း ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဆိုင်းနူးပန်က ပြောခဲ့သည်။
တခြားဖက်တွင်လည်း ကချင်ပြည်နယ်သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့်အတွက် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ခြင်းများလည်းရှိကာ ဆိုးကျိုးအနေဖြင့် လူကုန်ကူးခံရမှုများပြားခြင်းနှင့် လုပ်အား ခေါင်းပုံဖြတ်ခံရမှုများလည်းရှိနေကြောင်း၊ ကချင်ပြည်နယ်၏ စိုက်ပျိုးရေးထုတ်ကုန်များမှာလည်း ဈေးကွက်ခိုင်မာမှုမရှိသည့် အခြေအနေမျိုး ကြုံရခြင်းများရှိနေသည်။
ဥပမာ ဒေသထွက် နာနတ်သီးများကို အရည်အသွေးမမှီဟုဆိုကာ တရုတ်ဘက်က မဝယ်ခြင်းမျိုးနှင့် ကြုံနေရခြင်းများရှိ၍ တောင်သူများ၏ စိုက်ပျိုးရေး ထုတ်ကုန်များကို ဈေးကွက်ခိုင်မာမှုရှိစေရန် အစိုးရက လုပ်ဆောင်ပေးရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးအနေ ဖြင့်လည်း ပြည်မရှိပါတီများက ပြည်နယ်အရေးကို စိတ်ဝင်စားမှုနည်း သည်ကို တွေ့နေရပြီး တိုင်းရင်းသားများ၏ အခက်အခဲကို နားလည်ပေးနိုင်သည့် လွှတ်တော်အမတ်များ လွှတ်တော်ထဲ များများရောက်ရန်လိုအပ်ပြီး သို့မှသာ ကိုယ့်ပြည်နယ်အရေးကို လုပ်ဆောင်ပေးနိုင်မည်ဟု ဆိုင်းနူးပန်က သုံးသပ်ပြသည်။
“နေပြည်တော်က လူတွေကတော့ ကျမတို့ပြည်နယ်အရေးကိစ္စကို အကုန်လုံး မသိနိုင်ဘူး။ ခံစားမပေးနိုင်ဘူး။ လုပ်ဆောင်ပေးဖို့ဆိုတာ စိတ်စေတနာရှိရမယ်၊ ပြီး…ပြီးရောသွားလို့မရဘူး” ဟု ဆိုင်းနူးပန်က ပြောသည်။
ယင်းအပြင် ဒေသတွင်း စီးပွားရေးအခြေနေနှင့်ပက်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနှင့်အတူ မူးယစ်နွံထဲကျရောက်သွားသည့် လူငယ်များလည်းရှိပြီး အကျိုးဆက်အနေဖြင့် အိမ်တွင်းအကြမ်းဖက်မှု ပြဿနာများလည်းဖြစ်ပွားလာသလို ဒေသတွင်း၌ မြေယာပြဿနာအခက်အခဲများလည်းရှိနေသည်ဟု ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းခံချိုက ဆက်လက်ပြောသည်။
တောင်သူများကို ကြိုကွင်းစွပ်နေသော မြေယာဥပဒေ
ယင်းအပြင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၏ လက်ရှိ စီးပွားရေးအခြေနေများနှင့်ပက်သက်၍ ကယန်းအမျိုးသားပါတီမှ ဖယ်ခုံမြို့နယ် ပြည်နယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း မူကယ်ရိုလိုင်းက ပြောကြားရာတွင် ဖယ်ခုံမြို့၏ သုံးပုံနှစ်ပုံခန့်မှာ လမ်းပန်းဆက် သွယ် ရေး၊ လျှပ်စစ်မီး၊ ဖုန်းလိုင်းများ မရသေးသေးသည့် အခြေအနေတွင်ရှိနေကာ ဒေသ တွင်း၌ တောင်သူအများစုရှိသော်လည်း စိုက်ပျိုးသီးနှံထွက်ကုန်များအတွက် ဈေးကွက် မရှိဖြစ်နေကြောင်းနှင့် အခြားတဖက်တွင်လည်း တပ်သိမ်းမြေကိစ္စရပ်များကို မဖြေရှင်း နိုင်ခြင်းနှင့် ဘိုးဘွားပိုင် မြေများအား ခေတ်အဆက်ဆက် ဌာနေတိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းအရ သတ်မှတ်ထားပြီးဖြစ်သော်လည်း အစိုးရပြဌာန်းသည့်မြေယာ ဥပဒေသည် ယင်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု သူမက ဖြည့်စွက်ပြောသည်။
“၂၀၁၈ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေက ကျမတို့ရဲ့ တောင်သူတွေကို ကြိုးကွင်းစွပ်တာနဲ့ အတူတူပဲလို့ ပြောချင်တယ်” ဟု မူကယ်ရိုလိုင်းက ပြောသည်။
လူမှုဖူလုံရေး အသုံးစရိတ်ပိုင်းနှင့် ပတ်သက်၍လည်း ရှမ်းပြည်နယ်ရှိသူ တဦးအတွက် လူမှုဖူလုံရေး အသုံးစရိတ်မှာ တစ်နှစ်လျှင် ကျပ်ငါးသောင်းဝန်းကျင်သာရှိသော်လည်း ကယားပြည်နယ်တွင် တစ်နှစ်လျှင် ကျပ်နှစ်သိန်းခန့်ထိ သုံးစွဲနေပြီး ပြည်ထောင်စုတစ်ခု ထဲတွင်ပင် အသုံးစရိတ်ခွဲဝေမှု မျှတသည့်ပုံစံ မရှိဖြစ်နေသည်ကို တွေ့ရသည်ဟု မူကယ်ရိုလိုင်းက ထောက်ပြသည်။
ကယန်းတိုင်းရင်းသားများအနေဖြင့် ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ပါဝင်ခဲ့သလို ခေတ်အဆက်ဆက် အာဏာရှင်စနစ်နှင့် ဒီမိုကရေစီရေးအတွက် ကျရာနေရာကနေ ပါဝင်ခဲ့ကာ ၂၀၁၅ ခုနှစ်ထိ NLD ပါတီကို ကိုယ်တိုင်ဝန်းရံ ကူညီခဲ့ဖူးကြောင်း သို့သော် မျှော်လင့်ထားသလို ဖြစ်မလာဘဲ တိုင်းရင်းသားများနှင့်ပင် ညွန့်ပေါင်းမဖွဲ့နိုင်သည့် အခြေအနေမျိုး ဖြစ်လာကာ မိမိတို့ဒေသကိုလာ၍ မိမိတို့ကိုယ်ပြိုင်ဘက် သဖွယ် သဘောထားမှုအပေါ် မိမိတို့တိုင်ရင်းသားများကလည်း သမိုင်းမသေးကြောင်း သက်သေပြရမည် မူကယ်ရိုလိုင်းက တုံ့ပြန်ပြောခဲ့သည်။
ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ပညာရေးအား နည်းမှု၊ မြေယာနှင့် မူးယစ်ဆေးပြဿနာများကို ဒေသခံများကသာ ပိုမိုသိရှိနား လည်သောကြောင့် ပိုမိုထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ရခြင်းဖြစ်သည်ဟု အမျိုးသမီးကိုယ်စားလှယ်လောင်း အသီးသီးက ပြောခဲ့သည်။
“ကျမတို့မြေ၊ ကျမတို့ရေ၊ ကျမတို့ ဒေသအခြေအနေတွေကို ကျမတို့ အသိဆုံးဖြစ် တယ်။ ကျမတို့ဒေသကို အကာအကွယ်ပေးနိုင်ဖို့ဆိုရင် တစ်ပါတီ အာဏာရှင်ပုံစံမျိုး တွေ၊ စစ်အာဏာရှင်ကို ပြန်မောင်းနှင်ပေးတဲ့ဟာမျိုးမဖြစ်အောင် ဒီမိုကရေစီလို့ပြောရင် လူမျိုးစုငယ်တွေရဲ့ ကိုယ်စားပြုမှုပါဝင်ဖို့အတွက် ဝင်ပြိုင်ခြင်းဖြစ်ပါတယ်” ဟု မူကယ်ရို လိုင်းက ပြောသည်။
အဆိုပါ တိုင်းရင်းသားဒေသများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းအမျိုးသမီးကိုယ်စားလှယ်လောင်းများက အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာပြည်) က ဦးဆောင်၍ စက်တင်ဘာ ၁ဝ ရက်တွင် ပြုလုပ်ခဲ့သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို တိုင်းရင်းသား အမျိုးသမီးကိုယ်စားလှယ်လောင်းများ ၏ အသံများသိနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် အထက်ပါ အမျိုး သမီးကိုယ်စားလှယ်များအပြင် လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရှမ်းပြည်နယ်၊ မိုင်းဆက်မြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၂ ကိုယ်စား လှယ်လောင်း ဒေါ်လူးဒီနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ရန်ကုန်မြို့ပန်းပဲ တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မအိသဉ္ဇာမောင်တို့ကလည်း ဒေသဖွံ့ဖြိုးရေး၊ လူနည်းစုအခွင့်အရေး လုပ်ဆောင်မည့် အကြောင်းများကို ဆွေးနွေးသွားခဲ့သည်။
ယခုလို တိုင်းရင်းသားအမျိုးသမီးကိုယ်စားလှယ်လောင်းများ အနေဖြင့် မိမိတို့ဒေ သလိုအပ်ချက်များကို အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပေးမည်ကို ယုံမှားသံသယ မရှိသော်လည်း ထိုသို့လုပ်ဆောင်နိုင်ရေး ရွေးကောက်ပွဲတွင် ဒေသခံတိုင်းရင်း သားပြည်သူတို့၏ အဆုံးအဖြတ်ကိုခံရယူဦးမည်ဖြစ်ကာ ၂၀၂ဝ ရွေးကောက်ပွဲအလွန် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ၎င်းတို့ဒေသအတွက် ပြန်လည်အကျိုးပြုနိုင် မည်လားဆိုသည်မှာ နိုဝင်ဘာ ၈ ရက်တွင် တွေ့မြင်ရတော့မည်ဖြစ်သည်။