စရှူခလိန် ( စက်တင်ဘာ ၉ ရက်၊ ၂၀၂ဝ )
ရာသီဥတုကို မိုလေဝသပညာရှင်များက ခန့်မှန်းလို့ရချင်ရမည်။ မြန်မာ့နိုင်ငံရေး ရာသီဥတုသည် ခန့်မှန်းလို့ မရသောနိုင်ငံရေးပင် ဖြစ်သည်။ နိုင်ငံရေး ဆိုသည်မှာ “ကြက်ဥအရောင် တိမ်တောင်သဖွယ် မှင်ရေးချယ်” ဟူ၍ ခန့်မှန်းရခက်သည်ကို ပညာရှင်များက ဥပမာပေးပြောဆိုခဲ့ကြသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် လွတ်လပ်ရေးရသည်။ ဆယ့်ငါးနှစ်ဝန်းကျင်သာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ခဲ့သည်။ ၁၉၆၂ခုနှစ်၊ နောက်ပိုင်းတွင် တိုင်းပြည်သည် တဖြည်းဖြည်းဖြင့် ဆင်းရဲတွင်းထဲသို့ ရောက်ရှိလာခဲ့သည်မှာ အားလုံးအသိပင် ဖြစ်သည်။ ပြည်သူလူထုက မခံနိုင်သဖြင့် အစိုးရကို ထပြီးတော်လှန်ရင်း ရှစ်လေးလုံးအရေးအခင်းကြီးကို ပေါ်ပေါက်လာလေသည်။
လွတ်လပ်ရေးရကတည်းက ပါလီမန်ဒီမိုကရေစီကို ပုံစံမပျက်ကျင့်သုံးလာနိုင်ခဲ့လျှင် မြန်မာနိုင်ငံသည် ယနေ့ကမ္ဘာနိုင်ငံများကဲ့သို့ ရင်ဘောင်တန်းပြီး တိုးတက်နေမည်မှာ သေချာသည်။ ယခုအခါ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသော်လည်း ၂၀ဝ၈ ခုဖွဲစည်းပုံ ဥပဒေသည် ပြင်စရာများစွာဖြင့် ပြည့်နှက်နေ သောကြောင့် ယင်းဥပဒေကိုပြင်ရင်းနှင့်ပင် ၁ဝနှစ်ပြည့်တော့ မည်ဖြစ်သည်။ ကောင်းမွန်သည့် ဖွဲ့စည်းပုံတစ်ခု ဖြစ်လာခြင်းမရှိသေးသည်ကို အားလုံး အသိပင်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးလာသဖြင့် မြန်မာ့နိုင်ငံရေးသည် ပြောင်းလဲလာခဲ့သည်ကို တွေ့ရလေသည်။
ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီက ငါးနှစ်သက်တမ်း အစိုးရအဖြစ် အုပ်ချုပ်ခဲ့သလို အမျိုးသားဒီမိုကရေစီပါတီကလည်း အစိုးရအဖြစ် အုပ်ချုပ်သည်မှာ ငါးနှစ်သက်တမ်း ပြည့်တော့မည်။
ယခု၂၀၂ဝပြည့်တွင် နောက်ထပ်ငါးနှစ်သက်တမ်းအတွက် နိုင်ငံရေးပါတီများက အရွေးခံပြီး တိုင်းပြည်ကိုအုပ်ချုပ်မည်။ ထိုအခါ ကရင်လူမျိုးတို့သည် မည်သည့်ပါတီကို မဲပေးကြမည်နည်း။ ပြီးခဲ့သော(၁၀) နှစ် သက်တမ်းတွင် မိမိမဲပေးခဲ့ကြသော ပါတီကြီးများအား မိမိတို့အတွက် ဘာတွေလုပ်ပေးနိုင်ခဲ့သနည်း။ ပြန်လည်လေ့လာ သင့်ပေသည်။ မိမိတို့မျှော်မှန်းသလို မိမိတို့အတွက် အခွင့်အရေး(အကျိုး)တွေကို ဆောင်ရွက်ပေးခဲ့လျှင် ပေးခဲ့ရသောမဲမှာ တန်ဖိုးရှိလှပေသည်။ မိမိလူမျိုးအတွက် မယ်မယ်ရရ လုပ်ပေးနိုင်မှု မရှိပါဘဲ ထပ်၍မဲပေးအုံးမည်ဆိုပါလျှင် မိမိတို့ ရသင့်သောအခွင့်အရေးများ ထပ်မံ၍ဆုံးရှုံးဖို့သာ ရှိပါလိမ့်မည်။
စင်စစ်တိုင်းရင်းသားလူမျိုးများသည် မိမိတို့လူမျိုး တည်ထောင်ထားသော ပါတီများရှိပါသည်။ တိုင်းရင်းသားပါတီများသည် မိမိတို့လူမျိုးတိုင်းရင်း သားများ၏ အကျိုးတွေကို ထမ်းဆောင်ကြိုးပမ်းကြမည့်သူများပင်ဖြစ်ကြသည်။ သို့တွက်ကြောင့် ထိုတိုင်းရင်းသားပါတီများ၏ အမတ်လောင်းများကို တိုင်းရင်းသားလူမျိုးကပင် အားပေးအားမြောက် ပြုကြရပါမည်။ မိမိတို့၏ တိုင်းရင်းသားလူမျိုးများ၏အမတ်လောင်းကို အားပေးအားမြောက် မပြုပါလျှင် မည်သူ့ကိုသွား၍ အားပေးမည်နည်း။ အလေးအနက်စဉ်းစားသင့်ပေသည်။
ကရင်ပြည်သူတို့သည် မိမိတို့လူမျိုး တည်ထောင်ထားသော ကရင်ပါတီများကိုလေ့လာ ကြရမည်။ ယင်းကရင်ပါတီများ၏ မူဝါဒများသည် မိမိ လူမျိုး အတွက် အမှန်တကယ် ဆီလျော်ပြီးအကျိုးရှိမည့် မူဝါဒဖြစ်ရပါမည်။ တစ်ဖန် အရွေးခံမည့် မိမိတို့လူမျိုး ကရင်အမတ်လောင်းများ၏ ကိုယ်ရေးအကြောင်း အရာများကို လေ့လာရကြမည်။ ထိုသို့ ကရင်အမတ်လောင်းများ၏ ကိုယ်ရေးအကြောင်းများကို လေ့လာပြီးနောက် မိမိတို့လူမျိုးအကျိုးအတွက် အလုပ်လုပ်ခဲ့ ဘူးသော ကရင်အမတ်လောင်းများကို ရွေးချယ်လျက် မဲပေးလျှင် ပိုမိုသင့်တော်ပါမည်။ ဥပမာ အရွေးခံမည့် ကရင်အမတ်များသည် ယေဘုယျအားဖြင့် အောက်ပါ ပေတံဖြင့် တိုင်းတာလို့ ရနိုင်ပေသည်။
(၁)ညာဏ်ပညာနှင့် ပြည့်စုံပြီး လုပ်တတ်ကိုင်တတ်သော အမတ်များဖြစ်ရမည်။ ပြောတတ်ဆိုတတ် ပြောရဲဆိုရဲသော သတိ္တ၊ ဗျတ္တိနှင့် ပြည့်စုံရန်လိုအပ်သည်။
(၂)မိမိအမျိုးသားများ၏ ကရင်စာပေနှင့် ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်အောင် ထမ်းဆောင်ခဲ့ဘူးခြင်း
နှင့် ကရင်လူမျိုးအတွက် ဆောင်ရွက်ခဲ့ဘူးသော အခန်းကဏ္ဍများ ရှိရမည်။
(၃)မိမိမြို့နယ်ဒေသကျေးရွာ၊ ရပ်ကွက်များ၌ လူမှုအကျိုးပြု လုပ်ငန်းဖြစ်သော ပရဟိတများကို ဆောင်ရွက်
ခဲ့ဘူးပြီး မိမိဝန်းကျင်တွင် အများအကျိုးကို ကူညီဆောင်ရွက်မှု ရှိရမည်။(စသည်)
အထက်ပါ အများအတွက် အကျိုးပြုလုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခဲ့ဘူးသူများသာ မဲပေးသင့်ပေသည်။ ထိုအမတ်များသည် ယခင်က မိမိကရင်လူမျိုးအကျိုး၊ အများအကျိုးတို့ကို ဆောင်ရွက်ခဲ့သူဖြစ်ခြင်းကြောင့် အမတ်ဖြစ်လာလျှင်(သို့မဟုတ်)ဝန်ကြီးဖြစ်လာလျှင် အများအကျိုးကို ဆောင်ရွက်လိုသောစိတ်ဓာတ်သည် ပါလာမည်ဖြစ်ပြီး မိမိလူမျိုးအကျိုး၊ တိုင်းပြည်အကျိုးကို အမှန်ကောင်းစေလိုသော ဆောင်ရွက်လိုသော စိတ်ရှိနိုင်ပါသည်။ သို့တွက်ကြောင့် ထိုအမတ်လောင်းများကိုသာ ရွေးချယ်ပြီး မဲပေးသင့်ပေသည်။
ထိုသို့မဟုတ်ပါဘဲ မိမိလူမျိုးအကျိုးနှင့် အများအကျိုးကို ဆောင်ရွက်ခဲ့ဘူးခြင်း မရှိဘဲယခုမှအရွေးခံလျက် ထပြီးကရင်ပြည်သူများ အတွက်ကို ဘာလုပ်ပေးမည်။ ညာလုပ်ပေးမည် ဆိုသည်မှာ လွန်စွာယုံရခက်ပါသည်။ အများအကျိုးကို အစကတည်းက ဆောင်ရွက်ခဲ့ဘူးသော အလေ့အထ မွန်သောစိတ်ဓာတ်မရှိသော သူသည် အများအကျိုး ဆောင်ရွက်မည့် အလေ့အထကို ယခုမှစတင် ရမည်ဖြစ်၍ ဆောင်ရွက်ပေးနိုင်ရန်လွယ်ကူမည်မဟုတ်ပေ။ အလေ့အထ ဝါသနာတို့သည် ယေဘုယျအားဖြင့် ငယ်စဉ်ကတည်းက အမြဲမပြတ် စတင်လုပ်ဆောင်မှသာလျှင် ကြီးလာသည့်တိုင်အောင်ပါသွား နိုင်ပါသည်။
တချို့ အမတ်များသည် ယခုမှထပြီး လက်သီးလက်မောင်းတန်းပြီး ထ၍ေြွကးကြော်တတ်ကြသည်။ တချို့ သာကူးအမတ်လည်း ရှိတတ်သည်။ ဂဏန်း၊ ပုတ်သင်၊ ကိုင်ပင်၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ စသောအမတ်မျိုးလည်းရှိသည်။ ပေါက်ပြဲနေသော လှေကိုဖာဖေါ်မရဘဲ ရေစုန်မျှောလိုက်နေသော အမတ်လည်းရှိ
နိုင်သည်။ တချို့အမတ်များသည် မည်သည့်အရည်အချင်းမှ ဟုတ်တိပတ်တိ မရှိဘဲ ပါတီ၏အရှိန်အဝါ
ကြောင့် စိုင်ကော်လို့ ချုံပေါ်ရောက်သွားသည့် အမတ်လည်းရှိမည်။ တွေ့ဘူးကြပေလိမ့်မည်။ တချို့အမတ်များ
သည် လွှတ်တော်ထဲတွင် တိုင်းရေးပြည်ရေး ကိစ္စများကိုနားတောင်ခြင်းမရှိဘဲသွားပြီး အိပ်ငိုက်နေသူလည်း
တွေ့နိုင်ပါသည်။
ဤတွင် လွှတ်တော်အမတ် လေးမျိုးရှိသည်ကို သိထားသင့်ပေသည်။ ယင်းလေးမျိုးထဲမှ တစ်မျိုး
မျိုးသော လွှတ်တော်အမတ်ကို ရွေးချယ်မဲပေးရပါမည်။
၁။စကားသာပြောပြီး အလုပ်မလုပ်သောအမတ်။
၂။စကားမပြောဘဲ အလုပ်လုပ်သောအမတ်။
၃။စကားလည်းမပြော အလုပ်လည်းမလုပ်သောအမတ်။
၄။စကားလည်းပြော အလုပ်လည်းလုပ်သောအမတ်။
၁။ စကားသာပြောပြီး အလုပ်မလုပ်သောအမတ်ဟူသည် အရွေးမခံရခင် ဘာလုပ်ပေးမည်။ ညာလုပ်ပေးမည်ဆိုပြီး အာပေါင်အာရင်း သန်သန်ဖြင့် ပြည်သူကိုစည်းရုံးသည်။ မဖြစ်နိုင်သည့် အရာများကို ပြည်သူအား မှည့်လုံးပေးတတ်လေ့ရှိသည်။ အမတ်ဖြစ်လာသည့်အခါ ပြည်သူအတွက် အလုပ်မလုပ်ချင်၍ ပြည်သူနှင့် အတွေ့မခံခြင်း၊ မအားသေးခြင်းစသည်ဖြင့် ဆင်ခြေပေးလျက် ရှောင်လွဲနေတတ်သည်။ ပြည်သူနှင့်အတွေ့ခံသည့်အခါ ပြည်သူတင်ပြ ပြောပြ သည်များကို တင်ပြပေးမည်ဟု ပြောဆိုပြီး ဆောင်ရွက်ပေးခြင်းမရှိဘဲ ချောင်ထိုးထားလိုက်သည်။ စကားကို အမျိုးမျိုးလှည့်ပတ်ပြောတတ်ပြီး အလုပ်မလုပ်သော အမတ်မျိုးပင် ဖြစ်သည်။ သို့သော် တခါတရံစိတ်ရလျှင် မိမိဒေသတွင်း လုပ်ငန်းတချို့ကို ဆောင်ရွက်ပေးတတ်လေသည်။
၂။ စကားမပြောဘဲ အလုပ်လုပ်သောအမတ်ဟူသည် ပြည်သူများကို လိုရင်းတိုရှင်းသာ ပြောတတ်သည်။ စကားကိုများများ စားစားမပြောတတ်ပေ။ မိမိလုပ်နိုင်မည့် အခြေအနေပေါ် မူတည်ပြီးပြောဆိုတတ်သည်။ ြွကားဝါခြင်းမရှိဘဲ ပြည်သူများနားလည်အောင် ရိုးသားစွာဖြင့် ရှင်းပြပြောဆိုပြီး စည်းလုံးတတ်လေ့ရှိပါသည်။ သို့သော် သူသည်အမတ်ဖြစ်လာခဲ့လျှင် သူ၏စိတ်ထဲတွင် ရည်ရွယ်ထားသည့်အတိုင်း တကယ့်ကို ပြည်သူအတွက် အလုပ်လုပ်ပြသော အမတ်ပင်ဖြစ်သည်။ မိမိဒေသတွင် ကိုယ်တိုင်ကွင်းဆင်းပြီး ပြည်သူများလို အပ်သည်များကို လေ့လာပြီး လွတ်တော်ထဲတွင် တင်ပြဆောင်ရွက်ပေးသည်။
၃။ စကားလည်းမပြော အလုပ်လည်းမလုပ်သောအမတ်ဟူသည် မိမိပါတီ၏ အရှိန်အဝါဖြင့် အမတ်ဖြစ်လာသူပင် ဖြစ်သည်။ စကားပြောနည်းသလို အလုပ်လည်းကောင်းကောင်း မလုပ်တတ်ပေ။ ပြည်သူနှင့်အတွေ့ခံပါက အလုပ်များတင်ပြပေးရမည်စိုး၍ ပြည်သူနှင့်လည်း အတွေ့မခံလိုပေ။ အတွေ့ခံလျှင်လည်း တင်ပြပေးပါမည်ဟု ပြောပြီးမတင်ပြဘဲ ရှောင်လွဲနေခဲ့သည်။ မလုပ်မရှုပ်မပြုတ် နေတတ်ပြီး အများကမှန်တယ်ဆိုလျှင်လိုက်၍ မှန်လိုက်သည်။ အများကမမှန် ဘူးဆိုလျှင် သူလည်းမမှန်ဘူး ဆိုပြီးယိမ်းလိုက်လေသည်။ စိုင်ကော်လို့ ချုံပေါ်ရောက်သွားခြင်းသာ ဖြစ်သည်။ မိမိဆောင်ရွက်ရမည့် လုပ်ငန်းတွင်ကျွမ်းကျင်မှု မရှိသလို ပြောရဲဆိုရဲသော သတ္တိလည်းမရှိပေ။ လှေကြုံစီးမျှောလိုက်သည့် အမတ်မျိုးပင်ဖြစ်သည်။ မိမိဒေသတွင် ဆောင်ရွက်ပေးရမည့် လုပ်ငန်းရှိသော်လည်း ဆောင်ရွက်ပေးခြင်း မရှိချေ။
၄။ စကားလည်းပြော အလုပ်လည်းလုပ်သောအမတ်ဟူသည် ပြည်သူများနားလည်အောင် စကားကိုပြောတတ်သည်။ ဖြစ်သင့်သည်များကိုချပြသည်။ မဖြစ်သင့်သည်များကို ဆွေးနွေးပြောပြသည်။ အကြောင်းအကျိုး အကောင်းအဆိုးများကို ထောက်ပြပြီးရှင်းပြလေ့ရှိသည်။ ပြီးနောက် တကယ့်ကို အလုပ်နှင့် သက်သေပြပြီး လုပ်ပြလေသည်။ အလုပ်ကိုလည်း ကျွမ်းကျင်စွာလုပ်တတ်ကိုင်တတ်သည်။ ပြည်သူများနှင့် ဆက်ဆံရာတွင်လည်း ပြေပြစ်လေသည်။ ပြည်သူအပေါ် စာနာထောက်ထားပြီး မိဘသဖွယ် သဘောထားသည်။ ထမင်းတစ်နပ် လျှော့စားပါ၊ ဆရာမတွေကို ကျေးရွာသားများနှင့် အိမ်ထောင်ပြုပါ၊ စသည့် မဆီမဆိုင် အနှစ်မရှိသော စကားများကိုလည်း မပြောပေ။ Óဏ်ပညာနှင့် အလုပ်လုပ်သည်။ မိမိဂုဏ်သိက္ခာရှိရှိ ပြောဆိုဆက်ဆံ လေ့ရှိပါသည်။ တစ်နေ့မိမိသည် ပြည်သူတစ်ယောက် ပြန်ရောက်မည်ကို အမြဲနှလုံးသွင်းထားသည်။
သို့တွက်ကြောင့် ကရင်လူထုများသည် မိမိမဲထည့်ရွေးချယ်မည့် ကရင်ပါတီများ၏မူဝါဒနှင့် ကရင်အမတ်လောင်းများကို မဖြစ်မနေ လေ့လာရမည်ဖြစ်သည်။ တကယ့် မိမိလူမျိုးအတွက် အလုပ်လုပ်မည့် အမတ်ကိုသာရွေးချယ်တတ်ဖို့(ရွေးချယ်မိဖို့) လွန်စွာအရေးကြီး လှအပ်ပေသည်။
စရှူခလိမ်(ထီးထာကလုန်)