Home သတင်း ကရင်သတင်းစဉ် ထုတ်ဝေမှု ခေတ္တရပ်နားမည်

ကရင်သတင်းစဉ် ထုတ်ဝေမှု ခေတ္တရပ်နားမည်

229
ကရင်သတင်းစဉ် ထုတ်ဝေမှု ခေတ္တရပ်နားမည်

ကရင်သတင်းစဉ် လစဉ်ထုတ် ဂျာနယ်ကို ပြည်တွင်း၌ တရားဝင်ထုတ်ဝေခဲ့သည်မှာ ပြီးခဲ့သည့် ဩဂုတ်လတွင် ၇ နှစ် ပြည့်ပြီး ဖြစ်ပါသည်။ လက်ရှိ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မွန်နှင့် ဧရာဝတီတိုင်းဒေသကြီးမြို့နယ်အချို့တွင် အသွားအလာကန့်သတ်မှုများ ချမှတ်ထားပြီး အပြင်ထွက် အလုပ်လုပ် ခွင့်ရှိသည့်လုပ်ငန်းအမျိုးအစားတွင်လည်း မီဒီယာများမပါဝင်သည့် အခြေအနေရှိနေပါသည်။

သို့ပါ၍ ကရင်သတင်းစဉ် အောက်တိုဘာလထုတ် ဂျာနယ်ကို ထုတ်ဝေ၊ ဖြန့်ချိရန် ဆက်သွယ်သွားလာရေး အခက်အခဲ ရှိနေသည့်အတွက် ထုတ်ဝေမှုခေတ္တရပ်နားရန် ဂျာနယ်အယ်ဒီတာအဖွဲ့က ဆုံးဖြတ်လိုက်ရပါသည်။ ဂျာနယ် ထုတ်ဝေမှုရပ်နားထားသော်လည်း စာဖတ်ပရိသတ်များကို လေးစားတန်ဖိုးထားသည့်အနေဖြင့် ကရင် သတင်းစဉ် အောက်တိုဘာလထုတ် ဂျာနယ်ကို မိမိတို့၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် “KIC-ကရင်သတင်းစဉ်” Facebook တွင် လဆန်းပိုင်း၌ PDF ဖိုင်တင်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ယခုလို ဂျာနယ် ထုတ်ဝေမှုရပ်နားထားသော်လည်း မကြာမှီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းများ၊ ကရင့်အရေးအရာသတင်းများ၊ တိုင်းရင်းသားအရေး၊ လူ့အခွင့်အရေး စသည့် သတင်းစုံများကို မိမိတို့၏ အထက်ပါ တရားဝင် Facebook စာမျက်နှာနှင့် www.kicnews.org အင်တာနက် စာမျက်နှာတို့တွင် အတည်ပြု၊ စိစစ်၊ တည်းဖြတ်ထားသည့်သတင်းများအား သတင်းစာကျင့် ဝတ်ကို လိုက်နာ ပြီး အချိန်နှင့်တပြေးညီ ရေးသားတင်ဆက်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ကရင်သတင်းစဉ်ကို အမြဲအားပေးခဲ့သည့် ဧရာဝတီုတိုင်းဒေသကြီး အတွင်းရှိ ပန်းတနော်၊ ပုသိမ်၊ မြောင်းမြ၊ အိမ်မဲ၊ ကျုံပျော်၊ ဟင်္သတ၊ ကျိုက်လတ်၊ ဖျာပုံ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခဝဲခြံ၊ အင်းစိန်၊ အလုံ၊ သံ လျင်၊ မှော်ဘီ၊ ထန်းတပင်၊ ဥက္ကံနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ကျောက်တံခါး၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြိတ်၊ မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ကျိုက်ထို၊ ကရင်ပြည်နယ် မြို့နယ် ၇ ခုစလုံးရှိ စာဖတ်သူများ၊ နယ်စပ်ဒေသနှင့် ဒုက္ခသည်စခန်း အသီးသီးရှိ စာဖတ်ပရိသတ်များကို ကရင်သတင်းစဉ်က အထူးကျေးဇူးတင်ကြောင်းနှင့် ပြန်လည် ထုတ်ဝေမည့် အချိန်ကို အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးတင်ပြ အပ်ပါ သည်။

အယ်ဒီတာအဖွဲ့(ကရင်သတင်းစဉ်)