S. မင်းခိုက်သူ
ရှေးဦးမြန်မာ သတင်းစာသမိုင်းကို ဆက်လက် ပြီး မတင်ပြမီ ‘ဓမ္ဓ သိတင်းစာ’ ၌ ပါရှိသော အဂင်္လိပ် +မြန်မာ စစ်ပွဲသတင်း တစ်ပုဒ်ကို တင်ပြချင်ပါသေးသည်။ ထိုစဉ်က အဂင်္လိပ်+မြန်မာ ဒုတိယစစ်ပွဲ ဖြစ် ရာကာလပင်ဖြစ်၍ မြန်မာသတင်းစာပင် မထွက် သေးသော အချိန်ဖြစ်သည်။ ဘာသာရေး သတင်း စာစောင်ကနေ စတင်ရေးသားသည်ကို ပထမဦးဆုံး အဖြစ် တွေ့ရပါသည်။ အောက်ပါကဲ့သို့ ရေးထား သည်ကို တွေ့ရသည်။
‘ရန်ကုန်မြို့က အကြိမ်ကြိမ် မီးသဘေင်္ာဆိုက်ရောက်သဖြင့် သတင်းကြားရသည်မှာ အဂင်္လိပ် စစ်ဘုရင်နှစ်ပါးသည် မော်လမြိုင်မြို့က ထွက်၍ ရန်ကုန်မြို့သို့မရောက်မီ ယင်းမြစ်မှာ စောင့်လျက်ရှိသော ရေကြောင်းဗိုလ်ကြီး ကမိုဒို လမ်းဘက်သည် မြစ်ဝမှစ၍ ရန်ကုန်မြို့အထိရှိသော တပ်များကို တိုက်ဖျက်ပြီးသည်ဖြစ်၍ စစ်ဘုရင်နှစ်ပါး ရောက်ကြသောအခါ ရန်ကုန်မြို့၊ ဒလမြို့ နှစ်မြို့စလုံးကို စစ်တိုက်ခြင်း ချက်ချင်း စီမံစေပြီးလျှင် တန်ခူးလပြည့်ကျော် ၁ ရက်နေ့၌ သဘေင်္ာများသည် နေရာရွေး၍ နေ ကြစဉ် ဒလမြို့၊ ရန်ကုန်မြို့ နှစ်မြို့တပ်မြို့တို့က တပြိုင်နက် အမြောက်ပစ်ကြသည်ရှိသော် စစ်သဘောများက ချက်ချင်းပြန်လှန်ပစ်ခတ် ကြ၍ တနေ့လုံးကြာလေ၏။
နောက်တနေ့၌လည်း သင်းဘောများက ပစ်ခတ်စဉ်တွင် စစ်သည်များတို့သည် ကုန်းပေါ် သို့တက်၍ တိုက်ကြပြီးမှ ညရောက်သောအခါ နားနေကြ၏။ နက်ဖန်နနံက်စောစောတဖန် စစ်တိုက်ပြန်လျှင် ဥက္ကလာပမြို့ကို သိမ်းယူရကြ ၏။ ယင်နေ့၌လည်း အမြောက်ကြီးများကို သင်းဘောတို့မှချ၍ တော်သင့်သော နေရာသို့ ဆောင်ယူသွားပြီးမှ လပြည့်ကျော် ၄ ရက်နေ့ နံနက်စောစောမှစ၍ ရွှေတိဂုံစေတီမှာ စုလျက်ရှိ သေးသော မြန်မာလူတို့သည်လည်း ထွက်ပြေးရ ကြသည်ဖြစ်၍ မွန်းလွဲ ၃ နာရီတိုင်သော် အ မြောက်ပစ်သံ ငြိမ်းလေပြီ။ ထိုသို့ ၃ ရက်ခွဲခန့် တိုက်ကြပြီးမှ ဒလ၊ ကြည့်မြင်တိုင်၊ ဥက္ကလာပ မြို့တပ်တို့နှင့် ရွှေတိဂုံကုန်းကို သိမ်းယူရကြလေသည်။
စစ်ပွဲပြီးသောအခါ မြန်မာလူ ၂၀ဝဝ ကျော် ၃၀ဝဝ ခန့် သေကြသည့်လကဏာ ရှိသည်ဟု ဆိုကြ၏။ အဂင်္လိပ်ဘက်ကမူကား သေသောသူ နှင့် အထိအခိုက်ရသူ ၁၅ဝ ခန့် ရှိသည်အနက် ဗိုလ်ငါးပါး ပါချေ၏။ သို့ရာတွင် ဗိုလ်တို့တွင် နှစ်ပါးတို့သည် နေပူခံ၍ သွေးလျှံတက်သော အားဖြင့် သေကြ၏။ တပါးသည်လည်း ထိုသို့ နေပူခံသောအားဖြင့် နာ၍ ဘဂင်္လာပြည်သို့ ပြန် သွားရလေပြီ။’
မှတ်ချက်။ မူလသတ်ပုံ သတ်ညွှန်းအတိုင်း ပင်ဖြစ်သည်။
ထိုကဲသို့ ‘ဓမ္ဓ သိတင်းစာ’ ၌ ရေးထားသည်ကို တွေ့ရလေသည်။ စင်စစ် ‘ဓမ္ဓသိတင်းစာ’ ကို စီစဉ် ထုတ်ဝေကြသူများမှာ မြန်မာများမဟုတ်၍ အရေးအသားနှင့် အယူအဆတို့မှစပြီး မြန်မာမဆန်ပေ။ မြန်မာမဆန်ဟုဆိုသည်မှာ ထိုခေတ်ကာလက အခြေအနေအရ မြန်မာဘက်သို့ မယိမ်းဘဲ ရှိသလို သတင်းစာလုပ်ကိုင်သူများမှာ မြန်မာအမျိုးသားများဘက်က မရှိသည်ဟုဆိုပါသည်။
၁၈၅၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့၌ ရန်ကုန် ခရော်နီကယ်၊ ၁၈၅၈ ခုနှစ်၊ ဂျွန်လ ၂ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ၁၈၆၁ ခုနှစ်တွင် ရန်ကုန်ဂေဇက် သတင်းစာများ ထုတ်ဝေလာခဲ့ကြသည်။ ရန်ကုန်တွင် ပထမဦးဆုံး အဂင်္လိပ်ဘာသာဖြင့် ထုတ်ဝေသော ရန်ကုန်တိုင်းနှင့် ရန်ကုန်ဂေဇက် သတင်းစာကြီး နှစ်စောင်နောက်တွင် မြန်မာဘာသာဖြင့် အစောဆုံး ထုတ်ဝေသော သတင်းစာများမှာ-
၁။ မြန်မာသံတော်ဆင့်သတင်းစာ(၁၈၇၁)
၂။ မြန်မာဂေဇက်သတင်းစာ(၁၈၇၁)
၃။ မြန်မာသတင်းစာ(၁၈၇၂)
၄။ လောကီသုတပညာသတင်းစာ(၁၈၇၄)
ဤသတင်းစာများ ရန်ကုန်တွင် ထုတ်ဝေနေချိန်တွင် မန္တလေးရတနာပုံ နေပြည်တော်သတင်းစာကို ၁၈၇၄ ခုနှစ် ရောက်မှ စတင် ထုတ်ဝေသည်ကို တွေ့ရသည်။ အပေါ်က မြန်မာဘာသာဖြင့် ထုတ်ဝေသော သတင်းစာသုံးစောင်ထက် နောက်ကျနေသည်ကို တွေ့ရလေသည်။ ထိုစဉ်က အောက်မြန်မာနိုင်ငံကို အဂင်္လိပ်တို့က သိမ်းပိုက်အုပ်ချုပ်ထားလျက်ပင် ရှိနေသဖြင့် အဂင်္လိပ်ပိုင်နက်တွင် သတင်း စာစတင် ထုတ်ဝေခဲ့ခြင်းပင်ဖြစ်သည်။
ရတနာပုံနေပြည်တော် သတင်းစာကို ထုတ်ဝေ ရန်မှာ ဘုရင်ဂျီခရစ်ယာန် ဘုန်းတော်ကြီး ဘီဂန်းဒက်က မင်းတုန်းမင်းကြီးကို အကြံပေးတိုက်တွန်းမှု ပါဝင်သည်ကို တွေ့ရလေသည်။ သာသနာပြုဆရာ ကင်းကိတ်သည် ပုဂံမင်းလက်ထက်က မြန်မာနိုင်ငံ သို့ ရောက်ရှိခဲ့သည်။ မင်းတုန်းမင်းကြီးထံ သာသနာ ပြုရန် လျှောက်တင်ရင်း မိမိရေးထားသော သချင်္ာ တွက်ပုံနည်းမျိုးစုံ အမည်ရှိစာအုပ်ကို တင်ပြသည်။ မင်းကြီးက သဘောကျသဖြင့် ဆုတော်ငွေ ၃၀ဝိ ကျပ် ချီးမြှင့်သည်။ အမေရိကန်ကထုတ်သော ဝိကလီး ထရြွီဗန်းသတင်းစာကို တင်ပြရာတွင် မင်းတုန်းမင်းကြီးက ကြည့်ရှုပြီး လစဉ်ဖတ်ရှုချင်ကြောင်း မိန့်ကြားသဖြင့် အမေရိကန်ကနေမှာယူပေးမည့်အကြောင်း လျှောက်ထားသည်ကို တွေ့ရပါသည်။ ထိုမှစ၍ မင်းတုန်းမင်းကြီးသည် သတင်းစာကို ထုတ်ဝေရန် သဘောကျစိတ်ဝင်စားမှုရှိခဲ့သည်ဟု ဆိုရပါမည်။ ထို့နောက် ရတနာပုံသတင်းစာကို စတင်ထုတ်ဝေနိုင်ခဲ့သည်ကို တွေ့ရလေသည်။
အထက်ပါထုတ်ဝေသော သတင်းစာများမှာ ခေတ်ပြိုင်သတင်းစာများဟု ဆိုနိုင်ပါသည်။ မြန်မာဘာသာဖြင့် အစောဆုံးထုတ်ဝေသော သတင်းစာများ ဖြစ်သောကြောင့် ရှေးဦးမြန်မာသတင်းစာများဟူ၍လည်း စာရေးဆရာများက ခေါ်ဆိုခဲ့ကြသည်။ ထို့နောက် ရန်ကုန်တွင် ဆက်လက်ထုတ်ဝေသော သတင်းစာများမှာ-
၁။ ရတနာပုံသတင်းစာ(၁၈၇၅)
သတင်းစာ သက်တမ်း ၁၄ နှစ်။
၂။ မြန်မာအဆွေသတင်းစာ(၁၈၈၅)
သတင်းစာသက်တမ်း ၃၅ နှစ်။
၃။ ပိဋကတ်သတင်းစာ(၁၈၈၈)
၄။ ရူပကဏ္ဍသတင်းစာ(၁၈၈၈)
၅။ ရန်ကုန်တိုင်းသတင်းစာ(၁၈၉၁)
(မှတ်တမ်းစာစောင်၌ ဆိုင်းဘုတ်သာတင်၍ သတင်းစာ ထွက်မလာဟု ဆိုပါသည်။)
၆။ ဟံသာဝတီသတင်းစာ(၁၈၉၇)
၇။ သီရိမဂင်္လာဂေဇက်(၁၈၉၄)
၈။ ဇမ္ဗူ့ကြက်သရေသတင်းစာ(၁၈၉၅)
သတင်းစာသက်တမ်း ၃ နှစ်။
၉။ လောကဗျူဟာသတင်းစာ(၁၈၉၅)
သတင်းစာသက်တမ်း ၁ နှစ်။
၁၀။ တိုင်းလုံးဇမ္ဗူသတင်းစာ(၁၈၉၅)
သတင်းစာသက်တမ်း ၃ လမျှသာ။
၁၁။ မြန်မာ့ကြေးမုံသတင်းစာ(၁၈၉၅)
သတင်းစာသက်တမ်း ၃ လမျှသာ။
၁၂။ ကုန်သည်တိုင်းသတင်းစာ(၁၈၉၈
သတင်းစာသက်တမ်း ၁ နှစ်။
၁၃။ ဟံသဥသျှောင်သတင်းစာ(၁၈၉၈)
သတင်းစာသက်တမ်း ၁ လမျှသာ။
၁၄။ မြမာ့ဝတီသတင်းစာ
သတင်းစာသက်တမ်း ၆ လမျှသာ။
၁၅။ ပဲခူးတိုင်းသတင်းစာ
သတင်းစာသက်တမ်း ၃ လမျှသာ။
၁၆။ မာဗောဓိသတင်းစာ(၁၉၀၂)
သတင်းစာသက် ၂၄ နှစ်။
၁၇။ သာသနာပြုသတင်းစာ(၁၉၀၉)
သတင်းစာသက် ၄ နှစ်ကျော်။
၁၈။ သာသနာလကင်္ာရစာတမ်း(၁၉၀၉)
သတင်းစာသက် ၁ နှစ်။
၁၉။ လယ်တီတရားသတင်းစာ
ယခုတင်ပြသမျှ သတင်းစာများသည် ရှေးဦး သတင်းစာများအဖြစ် “ရှေးဦးမြန်မာသတင်းစာများ” သမိုင်းစာအုပ်ကို ပြုစုသူ စာရေးဆရာ မောင်သစ်လွင်က တင်ပြထားပါသည်။
၁၉၁၁ ခုနှစ်တွင် သူရိယသတင်းစာ၊ ၁၉၁၄ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာများ ထွက်ပေါ်လာခဲ့ပါသည်။ သူရိယနှင့် မြန်မာ့အလင်း သတင်းစာများ ထုတ်ဝေသည့်အခါ မြန်မာသတင်းစာသမိုင်း တခေတ်ပြောင်းပြီဟု ပညာရှင်များက ဆိုပါသည်။
ထိုသတင်းစာနှစ်စောင်ထွက်သည့်အခါ သတင်းစာအရေးအသား၊ အဆင်အပြင်၊ သတင်းစာသဘောထား၊ ခံယူချက်စသည့် အချက်များမှာ ရှေးဦးမြန်မာ သတင်းစာနှင့် မတူတော့ပေ။ ရှေးဦးမြန်မာသတင်းစာ ဆိုသည်မှာ သတင်းစာသမိုင်း၌ အတော်ကြီး(လွန်စွာ)စောသည့် သတင်းစာများကို ဆိုလိုပါသည်။ ထို့ကြောင့် သူရိယ၊ မြန်မာ့အလင်းနှင့်အတူ ရှေ့တွင်ဆက်လက်ပြီး ထုတ်ဝေလာသည့် သတင်းစာများကို ရှေးဦးမြန်မာ့သတင်းစာများတွင် ထည့်သွင်းခြင်း မရှိတော့သည်ကို တွေ့ရလေသည်။
မြန်မာသံတော်ဆင့်၊ မြန်မာဂေဇက်၊ မြန်မာသတင်းစသည့် သတင်းစာများ ထုတ်ဝေကြသည့် အချိန်၌ မြန်မာနိုင်ငံတွင် မြန်မာသတင်း စာများ ထုတ်ဝေသော ခေတ်ဦးကာလဖြစ်၍ သတင်းစာ အယ်ဒီတာများက လုပ်ငန်းအကြောင်းကို သတင်းစာဖတ် ပရိသတ်သို့ မကြာခဏ ရှင်းပြနေရဟန်ရှိသည်။ ပရိသတ်နှင် သတင်းစာဆရာ(အယ်ဒီတာ)တို့ အပြန်အလှန် စာရေးကြသည်ကို မကြာခဏတွေ့ရလေသည်။ သတင်းစာဖတ် ပရိသတ်များကလည်း မသိသည့်အကြောင်းအရာ အချက်အလက်များကို မေးမြန်းကြသည်။
အထူးသဖြင့် သတင်းစာ အရေးသားနှင့် ပတ်သက်၍ ပြောင်းလဲပစ်ရန် သတင်းစာဆရာများက ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။ သတင်းစာ အရေးအသားကို ကာရန်မပါ၊ အဖွဲ့အနွဲ့ အဆင်တန်ဆာ အပိုစာလုံးတွေ မပါဘဲ တိုတိုတုတ်တုတ်နှင့် လိုရင်းကိုသာ တိကျရှင်းလင်းစွာ ရေးသားရန် သတင်းစာဆရာများက အားယူနေကြသည်။ ပရိသတ်အပေါ် သွေးတိုးစမ်းနေကြရသည်။ ရှေးဦးသတင်းစာ တွင် တချို့မှာ ကာရန်၊ နဘေ၊ အဖွဲ့အနွဲ့များဖြင့် ရှည်လျားစွာရေးသားကြသည်။ ဖတ်ချင်သိလိုသည့် သတင်းသို့ပင် မရောက်ဘဲရှိသည်ကို တွေ့ရလေ သည်။ သို့သော်လည်း တဖက်က ကာရန် နဘေကလေးများဖြင့်ရေးမှ ဖတ်ချင်ကြသည်။ စိန်စား သတင်းတစ်ခုကို အနည်းငယ် ထုတ်ပြချင်ပါ သည်။
“၁၂၃၈ ရတုဂိမှာန်၊ ချိန်လှန်နွေကုန်၊ မြေဝသုန်တွင်၊ ရေမုန်တိုးတက်၊ မိုးကိုသက်၍၊ ကိုးမျက်စြွိမာ၊ လစန္ဒာတွင်၊ မြသလ္လာနက္ခတ် တို့၊ စက်ရဟတ်မှန်းဆိုင်၊ ကွက်မလပ်ထွန်းပြိုင် လျက်၊ ကျွန်းခရိုင်ဖွေးထက်၊ လပြည့်ကျော် လေးရက်ဝယ်၊ ပေးဆက်ရန် ပဏ္ဏာဆုံသော၊ ရတနာပုံ နေပြည်တော်အတွင်း၊ သတင်းထွေလာ၊ ကြေအညာဖြင့်၊ လကျာ်ကြီးတန်းနေ၊ ဆန်းပွေပျူငှာ၊ တူမသာအောင်၊ မူရာယဉ်ကျေး၊ မရွှေကွန်ဆို၊ လှလွန်းပိုသည့်၊ အပျိုလေးသည်၊ ဟိုရှေးဘဝ၊ သံသာရက၊ ကံပါကြသူ၊ ငယ်ချစ်ရည်းစား၊ တနယ်သားကို၊ မယ်ဘွားစိတ် ကမတူလို့၊ သည်လိုလူ သည်လိုဟာ၊ ငွေမပါ ကြေးမရှိ၊ တွေးမိတိုင်း ငါကရှက်၊ နင့်မူလပြစ်ချက်ကို၊ နှစ်သက်ပေါင်ငါ့အား၊ မကြားချင် မမြင်ချင်၊ ငွေရှိတဲ့လူ ပျိုခင်များဖြင့်၊ ယူလိုက်လျှင် မထောင်းသာ၊ အခါခါ အချက်ချက်၊ သည်ပုံနှယ်ဖျက်သော ကြောင့် လှပြာညက် စိမ်းသွယ်၊ မရွှေကွန် မိန်းမငယ်က၊ သိမ်းဆည်၍မရနိုင်၊ ကျမျက်ရည် အိုင်လျက်ညည်း၊ မယ်ဉာဏ်ခြုံ အတန်စုံအောင်၊ ကြံပုံသူက ထုတ်ရှာသည်မှာ-” စသည့် လကင်္ာ ဖြင့် အရှည်ကြီး ရေးပြထားသည်။
ရှေးခေတ်သတင်းစာ၏ အရေးအသား အခြေအနေမှာ ယင်းကဲ့သို့ရှိသောကြောင့် လွန်ခဲ့သောနှစ် ၁၅ဝ ကျော်က (၁၈၇၂ ခုနှစ်၊ စက်တင် ဘာ ၂ဝ ရက်ထုတ်) ‘မြန်မာသတင်းစာ’ ၌ အယ်ဒီတာက အောက်ပါကဲ့သို့ ရေးပြထားသည်။
‘သတင်းစာဆိုသည်ကား ရောင်းစားသော အရာ ဖြစ်သည်။ လူအမျိုးမျိုး၊ စိတ်သဘော အမျိုးမျိုး၊ တိုင်းပြည်မြို့ရွာ ဒေသမျိုးမျိုးနှင့်လည်း ဆက်ဆံသည်။ ထိုသို့ အများကြိုက်ဖြစ်၍ အထိုက်အလျောက်ပြုသည်။ ကာလအလိုက် သူတကာစာဆိုလျှင် ဆိုချင်ကြပေလိမ့်မည်။ ပါဠိများ မှာ သတင်းစာနှင့် များစွာလျော်အံ့ မထင်သောကြောင့် မြစ်ရသည်။ လကင်္ာများဖြစ်လျှင် တော်လျော်အောင် ဆိုနိုင်သမျှ ဆိုကြပါစေဟု ခွင့်ပြုသင့်ကြသည်။ လကင်္ာသံနှင့် ရေးသည်ကို အယ်ဒီတာကိုယ်တိုင်မကြိုက်။ သို့သော်လည်း ကြိုက်တတ်သူများရှိ၍ တခါတရံ ကိုယ်တိုင် ရေးရတတ်သည်။ သည်းခံ၍ ဖတ်ကြပါဟူ၍။’
အယ်ဒီတာသည် စာအရှည်ကြီးဖြင့် ရေးသား ရှင်းပြထားသဖြင့် အယ်ဒီတာ၏ သဘောထားကို သိရလေသည်။ ပါဠိသည် ဘုန်းကြီးများ သာ နားလည်မည်ဖြစ်၍ ပါဠိဖြင့်ရေးသားမှုကို လုံးဝတားမြစ် သည်ကို တွေ့ရလေသည်။ ထို့ကြောင့် သတင်းစာ ဆရာများသည် ကိုယ်လိုချင် သည့် တိုတိုရှင်းရှင်းနှင့် လိုရင်းရောက်သည့် အရေးအသားကိုလည်း တင်ပြ အသိပေးလာကြသည်။ တချို့ပရိသတ်များ၏ အလိုကိုလိုက် ကာ ကာရန်ကလေးများနှင့် အရေးအသားများကို မစွန့်လွှတ်သေးပဲ တင်ပြပေးရမှုများလည်း ရှိသေးသည်။ သို့သော် ၁၉၁၁/၁၉၁၄ ခုနှစ်မှ စတင်၍ သတင်းစာ အရေးအသားသည် ပြောင်းလဲ လာခဲ့ပြီး လိုတိုရှင်းစကားပြေ အရေးအသားသို့ တဖြည်းဖြည်းရေးသားလာခဲ့ကြလေ သည်။
S. မင်းခိုက်သူ (P.T.N)
ကျမ်းကိုး
(၁) ရှေးဦးမြန်မာသတင်းစာ။(မောင်သစ်လွင်)
(၂) မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၂)