ယုံကြည်မှု မလွန်ကဲစေနှင့်
စရှူခလိန်
မိမိနှင့်သူတစ်ပါး ကောင်းကျိုးများကို ဆောင်ရွက်ရာတွင် မည်သည့်အဖွဲ့အစည်းမဆို အကောင်းမြင်သူရှိသလို အဆိုးမြင်သူများလည်း ရှိ တတ်ပါသည်။ မိမိကဆရာကြီး မလုပ်ရလျှင် ပတ်မကြီး ထိုးဖောက်မည့်သူလည်း ရှိတတ်သည်။ မည်သို့ပင် ကောင်းအောင်လုပ်လုပ် အနည်း ဆုံးတော့ အဆိုးမြင်တတ်သူများ ရှိလေသည်။ အဆိုးဆုံးမှာ မိမိအဖွဲ့အစည်းအတွင်း သစ္စာဖောက်သူများ ရှိခြင်းပင်ဖြစ်သည်။ သစ္စာဖောက် သူများသည် လွန်စွာယုတ်မာ ရက်စက်သူများဖြစ်သည်။ သူသည် ရှေ့နောက် စဉ်းစားမှုမရှိဘဲ သူများခိုင်းသည်ကိုပင် အဟုတ်ထင်နေသည်။ တစ်ခုခုမက်လုံးပေးလျှင် လုပ်တတ်သော အကျင့်ဆိုးရှိခြင်းပင်ဖြစ်သည်။ လုပ်သင့်မလုပ်သင့် တွေးခေါ်တတ်သော ညာဏ်ပညာလုံးဝ မရှိဘဲ မိုက်ရူးရဲ တတ်လေ့ရှိပါသည်။
ထိုသစ္စာဖောက်များသည် ခေတ်အဆက်ဆက်တွင် ပေါ်ပေါက်ခဲ့ဘူးပြီး ဖြစ်သည်။ နောင်လည်း
ပေါ်ပေါက်အုံးမည်ဖြစ်သည်။ ကမ္ဘာ့သမိုင်းတွင်လည်း တွေ့ဘူးကြပေလိမ့်မည်။ အိနိ္ဒယနိုင်ငံ ဝန်ကြီးချုပ် နေရူး၏သမီး ဝန်ကြီးချုပ်အင်ဒီရာဂနီ္ဒသည် ဆယ်နှစ်ကျော်မျှ သူ၏သက်တော်စောင့်အဖြစ်ခန့်ထားသော ဆစ်လူမျိုးကပင် ပြန်လည်လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဆယ်နှစ်ကျော် တာဝန်ထမ်းဆောင် လာခဲ့ပြီးဖြစ်၍ အင်ဒီရာဂနီ္ဒသည် မိမိအားလုပ်ကြံလိမ့်မည်မဟုတ်ဘဲ စိတ်ချယုံကြည်ပါသည်ဟုပင် ထုတ်ဖေါ်ပြောဆိုခဲ့သည်။ သို့သော် မကြာလိုက်ပေ။ တစ်နှစ်အတွင်းမှာပင်ဟု ယူဆရသည်။ သူမယုံကြည်သည့် သက်တော်စောင့်မှာ အနီးကပ် သေနတ်ဖြင့် ပစ်သတ်လုပ်ကြံလိုက်သည်။
အမေရိကန်သမ္မတ အင်ဗရာဟင်လင်ကွန်းသည် ရုပ်ရှင်ရုံ၌ ရုပ်ရှင်ကိုကြည့်ရှုနေစဉ် သေနတ်ပစ်
သမားကရုပ်ရှင်ရုံအပေါ်ဘက် ဘေးကပ်နံရံကနေ အပေါက်ဖောက်ထားပြီး သေချာချိန်ကာ ပစ်ထည့်
လိုက်၍ သမ္မတကြီးဆုံးပါးခဲ့သည်။ သမ္မတကနေဒီသည်လည်း ဒါးလက်မြို့ ကားထဲတွင် ခရီးသွားနေစဉ် တိုက်ကြီးအပေါ်ထပ် တစ်နေရာကနေ လက်ဖြောင့်သေနတ်သမား တစ်ယောက်က ပစ်ထည့်လိုက်သဖြင့် ကားထဲမှာပင် သေဆုံးသွားခဲ့ရသည်။ ယင်းလုပ်ကြံမှုကြီး နှစ်ခုသည် မည်သည့်ထောက်လှမ်းရေး သတင်းမှကြိုတင် ရရှိထားခြင်းမရှိဘဲ လုပ်ကြံခံလိုက် ရခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေချိန်တွင် စစ်လိုလားသော ဂျာမန်(ဂျာမဏီ)နိုင်ငံ အာဏာရှင်နာဇီ ဟစ်တလာသည် စစ်မလိုလားသော မိမိ၏လက်အောက် ရဲဘော်ရဲဘက်များက အကြိမ်ပေါင်း(၁၁)ကြိမ်မျှ လုပ်ကြံသတ်ဖြတ်ခဲ့လေသည်။ သို့သော် သေရမည့်ကံက မပါလာသဖြင့် တစ်ကြိမ်မှ အောင်မြင်မှုမရရှိခဲ့ပေ။ တချို့လုပ်ကြံသူများမှာ မအောင်မြင်သလို ပေါ်ပေါက်ခြင်းလည်း မရှိသဖြင့် ကွပ်မျက်ခံရခြင်းမှ လွတ်မြောက်ခဲ့ကြသည်။ တချို့လုပ်ကြံသူများ ပေါ်ပေါက်ခဲ့သဖြင့် အားလုံးရှင်းလင်း ကွပ်မျက်ခံလိုက်ရသည်။ စိတ်ဝင်စားဖို့ ကောင်းသည်မှာ မြေအောက်လိုဏ်ခေါင်းခန်းမထဲတွင် စစ်ကွန်ဖရင်စည်းဝေးနေစဉ် ဗုံးထောင်ပြီး ခွဲလိုက်ရာတွင် တစ်ယောက်နှစ်ယောက်သာ သေသွားသည်။ ခေါင်းဆောင်ကြီး ဟစ်တလာကား ပါမသွားပေ။
မြန်မာနိုင်ငံတွင်လည်း လုပ်ကြံသတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့ဘူးပါသည်။ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များ သည် မသမာသူ ဂဠုန်ဦးစော၏ တပည့်များက လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ယင်းလုပ်ကြံမှုကြီးသည် လက်နက်များထုတ်ယူ ပျောက်ဆုံးနေသည်ကိုလည်းကြိုတင် သိရှိခဲ့ကြသည်။ လုံခြုံရေးထားပေးသည်ကိုပင် ဗိုလ်ချုပ်က မထားရန်တားမြစ်ခဲ့ပေသည်။ ထိုကဲ့သို့ သိနေသော်လည်း လုပ်ကြံမှုမဖြစ်ပေါ်ရန် ကြိုတင်ကာကွယ်ခြင်းကို မပြုလုပ်နိုင်ခဲ့ပေ။ အတိတ်က လုပ်ကြံခံရမည့်ကံက ပါလာသည်ဟုပင် ပြောရမလို ဖြစ်နေသည်။ ထိုမှစ၍ လုပ်ကြံမှုများ မပေါ်ပေါက်ရန် ခေတ်အဆက်ဆက် နိုင်ငံတော်၌ အရေးပါသော အကြီးအကဲ လူကြီးများအတွက် လုံခြုံရေးကို တင်းကြပ်စွာ ကြိုတင် ပြုလုပ်စီမံ ထားခဲ့ကြလေသည်။
သို့သော် ဗိုလ်ချုပ်နေဝင်းကို လုပ်ကြံရန်ပင် ပေါ်ပေါက်ခဲ့ပြန်သည်။ ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် အဖွဲ့သားများသည် ဗိုလ်ချုပ်နေဝင်းကို လုပ်ကြံရန်စီမံ လုပ်ဆောင်ခဲ့ကြသည်။ မည်သို့ပင် ကြံစည်ကြသော်လည်း ထမြောက်အောင်မြင်မှု မရှိရခဲ့ပေ။ ဗိုလ်ကြီးအုန်းကျော်မြင့် အပါအဝင် ကြံစည်လုပ်ဆောင်သူတို့ သည် အပြစ်ပေးခံလိုက်ကြရသည်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ကြိုးပေးသတ်လိုက်သည်။ ကျန်အရာရှိတို့သည် ထောင်ကျသူများ ဖြစ်သွားကြသည်။ (ဦးဝင်းထိန်၏ ပြောပြချက်အရ ထုတ်ဝေထားသော စာအုပ်တွင် ဗိုလ်ချုပ်နေဝင်းကို လုပ်ကြံဖို့မဟုတ်ဘဲ ဗိုလ်ချုပ်တင်ဦးအား ကာကွယ်ရေးဦးစီးအဖြစ်မှ ဖယ်ရှားသည်ကို မကျေနပ်၍ အရာရှိဗိုလ်ချုပ် တချို့ကိုလုပ်ကြံရန်ဟု ဖတ်ရပါသည်။)
လုပ်ကြံခံရမှုနှင့် စပ်လျဉ်း၍ ကရင့်သမိုင်းအတိတ်ကို ပြန်လည်လေ့လာ ကြည့်ရာတွင် ပထမဦးဆုံး
တွေ့ရသည်မှာ ကော်ခိုစောဘဦးကြီးပင် ဖြစ်သည်။ စောဘဦးကြီးသည် သမိုင်းတွင်သည့်မိမိ၏ မူဝါဒလေးချက်
ကို ချမှတ်ပြီးသည့်အခါ မိမိတာဝန်အရ မိမိထမ်းဆောင်ရန် ဖာပွန်ကနေ ကော့ကရိတ်ဖက်သို့ ဆင်းသွားသည်။ မိုးတွင်းကာလဖြစ်၍ မိုးမှာအဆက်မမြတ် ရွာချလို့နေသည်။ မိုးရွာသွန်းမှု လွန်စွာပြင်းထန်သဖြင့် ချောင်းထဲမိုးရေမှာ ပြည့်လျှံလို့နေသည်။ ခရီးမဆက်ရန်ကိုလည်း တပ်မှူးများက တားမြစ်ပါသေးသည်။ သို့သော် သူသည် မိမိ၏ခရီးကို စိတ်ချယုံကြည်စွာဖြင့် ချီတက်ခဲ့သည်။ ယင်းသို့ ဆက်လက်ပြီး ချီတက်ရာတွင် မိမိလူမျိုးကို လွန်စွာယုံကြည်သည်။ မိမိအားလုပ်ကြံမည့်သူ မရှိဟုယုံကြည်ခဲ့သည်။
စောဘဦးကြီးနှင့်အဖွဲ့သည် ထို့ကိုကိုးရွာသို့ ရောက်လာခဲ့ပြီး သစ္စာဖောက်လုပ်ကြံမည့် ကရင်တပ်မှတပ်ခွဲမှူး ထီးဆွမ်းရွာသား စောမောင်အဲသည် စောဘဦးကြီးတို့အဖွဲ့ကို ကြိုဆိုသယောင်ယောင်နှင့်ရုပ်လုံးပြခဲ့သည်။ သို့သော် သူသည် စောဘဦးကြီးတို့မည်သည့် နေရာ၌စခန်းချ နေသည်ကို သတင်းအတိအကျ ရယူခဲ့ပြီး နဘူးရွာတွင်ရှိသော ရန်သူဗိုလ်စိန်လွင်တပ်သို့ သွားရောက်သတင်း ပေးပို့ခဲ့ သည်။ ရန်သူမှာ သတင်းတိကျရသည်နှင့် ညတွင်းချင်းအချိန် ရေထဲမိုးထဲတွင် ကော်ခိုစောဘဦးကြီးတို့ စခန်းချရာ လယ်တဲစခန်းသို့ လာရောက်ဝိုင်း ထားလိုက်သည်။ နံနက်ဝေလီဝေလင်း အချိန်တွင် စတင်တိုက်ခိုက်ပါတော့ သည်။ စောဘဦးကြီးနှင့်အတူ ဗိုလ်ချုပ်စိုင်းကေတို့သည် အင်အားနည်းသော်လည်း သူရဲကောင်းပီပီ အညံ့မခံဘဲ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ရောင်ပြောင်မြောက်စွာ မိမိအမျိုးသားအတွက် အသက်ပေးလှူ သွားခဲ့လေသည်။
မောင်အဲသည် စောဘဦးကြီးနှင့်အဖွဲ့အား မိမိအမျိုးသား လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသော မျိုးချစ်ခေါင်း ဆောင်ကြီးအဖြစ် အသိတရားဝင်ခဲ့ပါလျှင် ၎င်း၏ကြံစည် လုပ်ဆောင်မှုကို လုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ကော်ခိုစောဘဦးကြီး မရှိပါလျှင် ကရင့်တော်လှန်ရေးသည် ကျရှုံးလိမ့်မည်ဟု အတွေးတိမ်ခဲ့သည်။ သို့သော် ယနေ့ထိတိုင် ကရင့်တော်လှန်ရေးသည် တစ်ဗိုလ်ကျ တစ်ဗိုလ် တက်ခြင်းဖြင့် ရပ်တည်ခဲ့သည်ကိုတွေ့ရသည်။ စောမောင်အဲသည် အမှားအမှန်အကောင်းအဆိုးကို ဆင်ခြင်တွေးခေါ်တတ်သော ပညာ ညာဏ်မရှိသဖြင့် မိုက်တွင်းနက်ခဲ့သည်။ အမျိုးသားအတွက် ပညာတတ်ခေါင်းဆောင်ကြီး တစ်ဦးလည်း ကျရှုံးခဲ့ရသည်။
စင်စစ်စောဘဦးကြီးသည်ပင် မိမိလူမျိုးအပေါ် ယုံကြည်မှုလွန်ကဲခဲ့သည်။ ထို့ပြင် မိမိအားလုပ်ကြံမည်ကိုလည်း မည်သည့်သတင်းမှ မရရှိ၍ အေးအေးဆေးဆေးဖြင့် စခန်းချတည်းခိုခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သတင်းကြားခဲ့လျှင် ရှောင်တိမ်းလွတ်မြောက်ချင် လွတ်မြောက်နိုင်သည်။ သို့သော် ဝိုင်းပိတ်မိထားသဖြင့် လွတ်မြောက်ဖို့ရန် မလွယ်ကူပေ။ ထို့ကြောင့် သတိဟူသည် ပိုသည်မရှိ။ အမြဲလိုအပ်နေ လျက်ရှိသည်။ ယခုအခါ တိုးတက်သည့်ခေတ်ဖြစ်၍ အတွင်းအပြင် လုံခြုံရေးကို စီမံထားသင့်ပေသည်။
၂၁-ရာစု ကရင့်တော်လှန်ရေးတွင် ထိပ်တန်းခေါင်းဆောင် တစ်ဦးအဖြစ်စာရင်းဝင် လုပ်ကြံခံရသောခေါင်းဆောင်တစ်ဦးမှာ လူချစ်လူခင်ပေါ်၍ ထင်ပေါ်ကျော်ကြားလှသော ပဒိုမန်းရှာလားဖန်းပင်ဖြစ်သည်။ ပဒိုမန်းရှာလားဖန်း လုပ်ကြံမခံရခင် ၎င်းထံသို့ မကြာခဏ ဖုန်းဆက်ပြီး ခြိမ်းခြောက်မှုရှိခဲ့သည်။
သူ့ကိုတစ်ယောက်တည်း လုပ်ကြံရန်မဟုတ်ဘဲ နိုင်ငံရေးကိုတက်ြွကစွာ လှုပ်ရှားလာသော သမီးဇိုယာဖန်းကိုပင် လုပ်ကြံရန် သတင်းရရှိထားခဲ့သည်။ ပဒိုမန်းရှာလားဖန်းကို လုပ်ကြံမည့်သတင်းသည် အတော်ကို ပြန့်နှံ့စွာ ထွက်ပေါ်ခဲ့သည်။ အဖေနှင့်သမီး သူတို့နှစ်ယောက် အခမ်းအနားတစ်ခုကို တက်ရောက်ရာတွင် နေအိမ်မှမထွက်ခွာမီ လုံခြုံရေးကိုတိုး၍ စီစဉ်ခဲ့ရသည်ဟု ဆိုပါသည်။ အဖေကိုလုပ်ကြံလို့ မရပါလျှင်သမီးကို လုပ်ကြံမည်ဟုပင် ပဒိုမန်းရှာလားဖန်း ကြိုတင်သိရှိခဲ့သည်။ သို့တွက်ကြောင့် ပဒိုမန်းရှာလားဖန်းသည် သမီးကိုအဂင်္လန်သို့ အေးအေးဆေးဆေး ပြန်၍ပညာသင် ကြားစေချင်သည်။
ပဒိုမန်းရှာလားဖန်းသည် တစ်နေ့မိမိအား လုပ်ကြံမည်ကို သေချာစွာကြိုတင် သိထားခဲ့ပါသည်။ သူ၏အချစ်တော်သမီး ဇိုယာဖန်း၏ စာအုပ်တွင်အောက်ပါအတိုင်း ရေးထားသည်ကို တွေ့ရသည်။
ဇန်နဝါရီလ(၃၁)ရက်နေ့ကို ကရင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားပြီး အခမ်းအနားကျင်းပဖို့ ပြင်ဆင်ဆောင်ရွက်နေကြစဉ် အခမ်းအနားကို တာဝန်ယူရသော လုံခြုံရေးအဖွဲ့က အပါး(ပဒို)ထိုင်မည့်ကုလားထိုင်အောက်တွင် ဗုံးတစ်လုံး ရှာဖွေတွေ့ရှိခဲ့သော်လည်း အခမ်းအနားသို့အပါး တက်ရောက်ပြီးကရင်ကျေးရွာတို့ကို စစ်ဘက်မှ ထိုးစစ်ဆင်နေသည်များကို စပ်လျဉ်း၍ မိန့်ခွန်းပြောခဲ့ပြီး ထိုတစ်ညမှာပင်အမည်မသိ လူတစ်ယောက်က တယ်လီဖုန်းထဲမှ တဆင့်အပါးကို ခြိမ်းခြောက်ခဲ့သည်။
“သမီးလေး ဒီကောင်တွေကတော့ အပါးကိုသတ်ဖို့ ကြိုးစားနေကြပြီ၊ အပါးကိုသူတို့ မသတ်နိုင်ရင်
သမီးလေးကို ရန်ရှာကြလိမ့်မယ်၊ ဒီတော့ အဂင်္လန်ကိုပြန်တာ သမီးအတွက် စိတ်အချရဆုံးပဲ”
အပါးက ကျမကိုပြန်ခိုင်းနေပေမဲ့ အပါးကိုကျမ ပို၍စိတ်ပူလာသည်။ တစ်လောက ပါကစ္စတန်သမ္မတလောင်း မစ္စစ်ဘနေဇီရာဘူတို အလုပ်ကြံခံလိုက်ရသည်ကို ချက်ချင်းစိတ်ရောက်သွားသည်။
“အပါး….ဘနေဇီရာဘူတို အလုပ်ကြံခံရတာ လုံခြုံရေးကို ကျကျနန ကြိုတင်မစီစဉ်တဲ့အတွက် ရေတိမ်နစ်ခဲ့ရတာပါ၊ အပါးကိုလည်း အဲ့ဒီလိုဖြစ်မှာ စိုးရိမ်တယ်”
“အပါးသိပါတယ်၊ ဒါပေမဲ့ စစ်အာဏာရှင် သူလျှိုသူကန်တွေက အပါးကိုသတ်ဖို့ အပြင်းအထန်
ကြိုးစားနေကြလေတော့ သမီးစိုးရိမ်သလို ဖြစ်ချင်လဲ ဖြစ်သွားနိုင်ပါတယ်”
“အပါး…..အဲ့သည်လိုတော့ မပြောပါနဲ့”
“ဒါပေမဲ့ သမီးလေး အပါးကို သူတို့သတ်နိုင်ခဲ့ရင်တောင် အပါးရဲ့ ယုံကြည်ချက်ကို သတ်လို့မရ
ပါဘူး”
“အပါး…အဲ့ဒီစကားမျိုးတွေကို ဆက်မပြောပါနဲ့တော့၊ အပါးကအဖိုးကြီး ဖြစ်တဲ့အထိ အပါးနား
မှာပဲ သမီးနေချင်တယ်” ကျမတောင်းဆိုမှုတွေကို လျစ်လျူရှုထားဟန်ဖြင့် ဆက်ပြောသည်။
“ဒီမိုကရေစီတိုက်ပွဲမှာ ယခုလိုရှေ့တန်းက တက်တက်ကြွကြွ ပါဝင်လာတဲ့အတွက် သမီးအတွက်
အပါးအရမ်းဂုဏ်ယူမိတယ်။ အပါးမိတ်ဆွေတွေက ခင်ဗျားသမီးက ခင်ဗျားနဲ့ခြေရာ တစ်ထပ်တည်းပဲလို့
ပြောတိုင်း အပါးဝမ်းသာ ကြည်နူးခဲ့ရတယ်” ထိုကဲ့သို့ ရေးထားသည်ကို ဖတ်ရလေသည်။
မိမိလူမျိုးအတွင်း လုပ်ကြံမှုသည် လွန်စွာဆက်ဆုပ် ရွံ့ရှာဖွယ် ကောင်းလှပေသည်။ ပဒိုမန်းရှာလားဖန်း လုပ်ကြံခံလိုက်ရသည့်အခါ အမျိုးမျိုးပြောဆို ဝေဖန်မှုတွေက ထွက်ပေါ်လာခဲ့သည်။ ပဒိုမန်းရှာသည် ကေအဲန်ယူအတွက် အခိုင်မာဆုံး ထောင့်တိုင်တစ်တိုင် ဖြစ်ခဲ့သည်ဟုပင် ပြောဆိုခဲ့ကြပြီး ဝမ်းနည်းမှုများစွာ ဖြစ်ခဲ့ကြရသည်။ လုပ်ကြံသတ်ဖြတ်သူသည်လည်း လုပ်ကြံမှုမပေါ်ပေါက်ရန် အရှင်းလင်းခံလိုက်ရသည်။ အဘယ်မျှလောက် ပညာခေါင်းပါးခဲ့သနည်း။ သူများကိုလုပ်ကြံလျှင် မိမိလည်းအစဖျောက် ခံရမည်ကို မတွေးမိခဲ့ပေ။ ငါးစာကိုသာမြင်ပြီး ငါးမျှားချိပ်ကို မမြင်သော ငါးကဲ့သို့ပင်တည်း။ သူသည် လုပ်ကြုံမှုကို ပြုလုပ်လိုက်ပါက မိမိအားပြန်ပြီး အစဖြောက် ခံရနိုင်ကြောင်းကို တွေးမိပါလျှင် လုပ်ကြံမှုကိုပြုလုပ်ဖြစ် မည်မဟုတ်ကြောင်း တွေးမိပါသည်။ ကြံစည်လုပ်ကြံ သတ်ဖြတ်သူတို့သည် လွန်စွာယုတ်ညံ့လှပေသည်။
ယခုတော့ “ဓားမလည်းဆုံး ဖွတ်လည်းမရ” ဖြစ်ရလေသည်။ နောက်ထပ် လုပ်ကြံမှုကြီး မပေါ်ပေါက်ရန် သခင်္န်းစာများစွာ ယူသင့်ပေပြီ။ ယူလည်းယူရ ပေလိမ့်မည်။
စင်စစ်ခေတ် အဆက်ဆက် လုပ်ကြံသတ်ဖြတ်မှု၏ အကြောင်းရင်းမှာ အမျိုးမျိုးရှိပေလိမ့်မည်။ မိမိအဖွဲ့အစည်းအတွင်း အချင်းချင်း တစ်ဦးနှင့်တစ်ဦး မကျေနပ်မှုများ၊ သဘောထား ကွဲလွဲမှုများ၊ လုပ်ငန်းဆိုင်ရာများကို ပြင်ပအဖွဲ့အစည်းများနှင့် ဆွေးနွေးရာတွင် သဘောထားတင်းမားသည်ဟု ယူဆပြီး လုပ်ကြံလိုက်ခြင်းများ စသည့် အမျိုးမျိုးရှိပေလိမ့်မည်။
တကယ်တော့ မည်သည့်အဖွဲ့အစည်းမဆို မိမိအမျိုးသားရေးကိစ္စများကို ဆောင်ရွက်ကြရာတွင် အချင်းချင်းမကျေနပ်မှုများသည် အနည်းနှင့်အများ ရှိကြပေလိမ့်မည်။ ယင်းသို့ရှိကြရာတွင် တစ်ဦးကိုတစ်ဦးသီးခံနိုင်ရမည်။ လုပ်ကြံရသည်အထိ လုံးဝမဖြစ်သင့်ပေ။ အမျိုးသားရေးကိစ္စသည် ကိုယ်ပိုင်ကိစ္စ မဟုတ်ပေ။
ပုဂ္ဂလိက အလုပ်လည်း မဟုတ်ပေ။ အမျိုးသားရေးအလုပ်သည် ရေရှည်ရေတို လုပ်ငန်းဖြစ်သလို အမျိုးသားရေးတစ်ခုလုံးကို ကြည့်ပြီး လုပ်ဆောင်ရသော အလုပ်ပင်ဖြစ်သည်။ အမျိုးသားရေးအလုပ်ကို လုပ်ရင်းတစ်ဦးကိုတစ်ဦး မကျေနပ်သည်အထိ ဖြစ်လာလျှင်မိမိလူမျိုး၏ ဂုဏ်သိက္ခာတစ်ခုလုံးကို ကြည့်သင့်ပေသည်။ ကျေနပ်မှုမရှိတိုင်း လုပ်ကြံသတ်ဖြတ် နေကြမည်ဆိုလျှင် မိမိမျှော်မှန်းသည့် ပန်းတိုင်သို့ ရောက်မည်မဟုတ်ပေ။ ယင်းသို့ လုပ်ကြံမှုများ မဖြစ်ပေါ်ရန်ကိုလည်း ကြိုတင်ပြင်ဆင်မှု လုံခြုံရေးသည် လွန်စွာအရေးကြီးလှပေသည်။ လုပ်ငန်းများကို လုပ်ဆောင်အကောင် အထည်ဖေါ်ရာတွင် တည်ငြိမ်မှုမရှိ၊ လုံခြုံမှုမရှိပါလျှင် မည်သည့်လုပ်ငန်းမှ အောင်မြင်လိမ့်မည် မဟုတ်ပေ။
လုပ်ကြံသတ်ဖြတ်မှုသည် ပဒေသရာဇ် ရှင်ဘုရင်ခေတ်ကပင် တည်ရှိလာခဲ့သည်။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတွင် တွေ့ရသလို ကရင့်သမိုင်းတွင်လည်း ပေါ်ပေါက်ခဲ့ပြီ။ ယခု၂၀၂ဝပြည့်၊ဩဂုတ်လ၁၂ရက်နေ့ တွင် နှစ်(၇၀)ပြည့် ကရင့်အာဇာနည်နေ့အဖြစ် ရောက်ရှိမည်ဖြစ်၍ ကရင်ပြည်သူ များသည်များစွာဝမ်းနည်း ရပါသည်။ သို့တွက်ကြောင့် နောက်နောင်မည်သည့်အဖွဲ့အစည်းမှ လုပ်ကြံသတ်ဖြတ်မှုများ မပေါ်ပေါက်ရန် အလေးအနက် သတိပေးရေးသား လိုက်ရပါသည်။
စရှူခလိမ်(ထီးထာကလုန်)
ကျမ်းကိုး။ ။(၁)ကြယ်တစ်စင်းကို ချေဖျက်၍မရ(ဇိုယာဖန်း)ဘာသာပြန်။
(၂)မှောင်မိုက်သောနေ့ရက်များ(လင်းယုန်မောင်မောင်)
(၃)ကရင်အာဇာနည်နေ့မှတ်တမ်း။