Home ကဗျာ နှစ်သစ်နဲ့အတူ

နှစ်သစ်နဲ့အတူ

791

နှစ်သစ်နဲ့အတူ

နှစ်သစ်နဲ့အတူ အဝေးကိုငေးငူရင်း
ရောင်နီဦးကို လှုံရဖို့အရေး
ဆန့်ကျင်ဘက် သစ္စာရေတွေ
ဝေမျှနေရတာနဲ့ပဲ
နေမြင့်လို့ နေပူကျဲကျဲအောက်မှာ
အကြည့်ချင်းတွေ ရိုင်းရိုင်းလာတယ်။

ဆေးရောင်တွေ မွဲတဲ့ကာလ
သွေးတွေ ကြောင်တဲ့ကာလ
ပစ်မှတ်တွေ ချော်တဲ့ကာလမှာ
သွေးဆုံးသူတို့ရဲ့ အလှဟာ
သွေးဆာသူတွေ အတွက်
အာဟာရ ချို့တဲ့သွားနိုင်တယ်။

အရေခွံလဲတာ ပြန်နုပျိုလာပေမယ့်
လဲချိန်မတန်ဘဲ လဲမိရင်
အရေခွံ ဘာဖြစ်သွားမလဲ …
ဟန်ပြ သူရဲကောင်းတို့ရဲ့ နိဂုံးဟာ
အရိုးလုရင်း အရိုးစူးလို့ ပွဲချင်းပြီးရတာရှိတယ်။

သူငယ်နာမစင်တဲ့သူတွေနဲ့
ရောမိရောယောင် အာခေါက်ခြောက်ခဲ့ဖူးတဲ့နေ့တွေ
တန်းတူရေး ပရိယာယ်စကားတွေနဲ့
မဟာလူမျိုးကြီးဝါဒရဲ့
ကစားကွက်အောက်မှာ အရောင်ခြယ်ခံရင်း …
တချို့ မှိန်သွားကြတယ်
တချို့ လင်းလက်ကြတယ်
ဝမ်းစာပြည့်လွန်းလို့ ရောင်နီကိုလည်း ကျောခိုင်းသွားတယ်။

အရောင်တွေ အလွှာတွေ ခြားနားပေမယ့်
နှစ်ကူးနှစ်ဦးကာလမှာ
ကတိသစ္စာတွေ ပြန်ရွတ်ဆိုရင် ကောင်းမလား …
အလံတော် တစ်ခုတည်းရဲ့ အောက်မှာ
ဆွေမျိုးရင်းချာ ကောက်သစ်စားကြတယ် မဟုတ်လား …
နှစ်သစ်နဲ့အတူ စိတ်သစ်တွေ မွေးရင်း
ခက်ဆစ်မဖွင့်ရသေးတဲ့ ကော်သူးလေရဲ့ အဘိဓာန်
မျိုးဆက်သစ်တွေ တာဝန်ယူရလိမ့်မယ် ။ ။

အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်