အဲဒီကာလ
အဲဒီကာလ
တစ်နေ့ …
ဧပြီ နှစ်ဆယ်
ဧပြီ နှစ်ဆယ့်ငါး
ဧပြီ သုံးဆယ်
နှစ်ထောင့် နှစ်ဆယ်ရဲ့ နွေနေ့များ …
ဝင်းရော်ရဲ့ အငွေ့က
ပူလိုက် အေးလိုက်နဲ့ …
အတိတ်ရဲ့ အရိပ်က
ကျလိုက် ကွယ်လိုက်နဲ့ … ။
သူ ့ကံကြမ္မာနဲ့ ကိုယ့်ကံကြမ္မာ
တစ်ထပ်တည်းမကျ
တကယ်တော့ …
ပန်းချီကားက နှစ်ချပ်
သူ့ဘဝနဲ့ သူ ့အလှ
တစ်မျိုးစီ ရှိကြတာချည်းပဲ ။
တစ်ခုစီ ရှိမနေကြဘဲ
ဆေးရောင်မွဲတဲ့ ကာလ
ပူးတွဲလှနေခဲ့ရ
ပူးတွဲရှိနေရပေမယ့်
ဆေးရောင်က တစ်မျိုးစီဆိုတော့
အလှချင်းပြိုင်ရင်
သူ့အလှနဲ့ သူ
ကိုယ့်အလှနဲ့ ကိုယ်ပဲ …. ။
ရောစပ်လို့ ရမှာ မဟုတ်ဘူး
ရာသီဘယ်လို ကူးကူး
ရင်ထဲက ဆူးစူးနေသရွေ့
ဘယ်လိုမှ မေ့လို့မရ
ဝါးရုံအောက်မှာ ပုန်းအိပ်ခဲ့ရတဲ့ည
တချို့တချို့ဆို အပျိုရည်ပါ ပျက်ခဲ့ရတာလေ … ။
ဘယ်အချိန်လဲ …
ဘယ်နေရာလဲ …
အိပ်မက်လား …
ဒဏ္ဍာရီလား …
တချို့ မေးကြပါလိမ့်မယ်
အဖြေက ရှင်းပါတယ်
မျှော့ကောင်တွေ သွေးစုတ်တဲ့ ကာလကပေါ့။
ဒီထက် …
သိချင်ရင်
အဖီးအရွယ်တွေကိုမေး
အမေအရွယ်တွေကိုမေး
အစ်မကြီး အရွယ်တွေကိုမေး
သူတို့ ချင်းပြုတ်ရည် သောက်ခဲ့ရတဲ့ နေ့တွေ
အသွေးအသား ဆက်သခဲ့ရတဲ့ ညတွေ
အိပ်ယာဝင်ပုံပြင်လို ပြောပြလိမ့်မယ်။
အဲ့ဒါ …
ပုံပြင်မဟုတ်ဘူးနော်
၁၉၅၂ စက်တင်ဘာ
ဒူးပလာယာခရိုင်
ခလယ်တံခွန်တိုင်မှာ
လူမျိုးခြားတွေရဲ့ အစာ
ဖြစ်နေခဲ့ရ
ဗိုက်ကြီးသည်ပါ မျက်ရည်သုတ်ရ
အဲဒီကာလ …
အဲဒီကာလ … ။
အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်