မောင်ကျော်စွာ
(၂၀၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁ဝ ရက်)
ပြီးခဲ့ တစ်ပတ်ကဆောင်းပါးနိဂုံးမှာ “နိုင်ပါလျက်နဲ့ အမြဲရှုံးနေရတဲ့ အနေအထားကနေ လွတ်မြောက်ဖို့ဆိုတာ ပြည်သူလူထုစွမ်းပကားနဲ့သာ ဖြစ်နိုင်ပါတယ်”လို့ အကြောင်းအချက်ပြ ရေးသားခဲ့ပါတယ်။ ပြည်သူလူထုစွမ်းပကားဆိုတာ ဟောင်းနွမ်းတဲ့ အစွဲအလမ်းတွေ၊ စနစ်ဆိုးဖိနှိပ်သွေးစုပ်မှုတွေကို ချေမှုန်းဖျက်သိမ်းပစ်နိုင်တဲ့အပြင် ခေတ်သစ်၊စနစ်သစ်ကို လည်း ထူထောင် တည်ဆောက်နိုင်စွမ်းလည်း ရှိပါတယ်။
ဒါကြောင့် ‘၂၀၀၈ အခြေခံဥပဒေ’ ကို ဖျက်သိမ်းပစ်ရုံတင်မကဘူး။ လူမျိုးပေါင်းစုံပြည်သူများရဲ့ အကျိုးစီးပွားနဲ့ လုံးဝ ကိုက်ညီပြီး လူမျိုးပေါင်းစုံပြည်သူများရဲ့အကျိုးစီးပွားကို ထိထိ ရောက်ရောက် ထိန်းသိမ်းကာကွယ်ပေးနိုင်တဲ့ ‘အခြေခံ ဥပဒေသစ်’ ကိုလည်း ရေးဆွဲနိုင်၊ အတည်ပြုနိုင်တဲ့ အစွမ်းသတ္တိလည်း ပါရှိပါတယ်။
အခုဆိုရင် ၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း တစ်ရာကျော်ကျော်မျှသာ လိုပါတော့ တယ်။ မြန်မာပြည် ပြည်သူလူထုရဲ့ မဲပေးတဲ့အစဉ်အလာကိုကြည့်ရင် သူတို့လက်တွေ့ဘဝသင်ခန်းစာ၊ သင်ကြားချက်နဲ့ အညီပဲ ရဲရဲဝံ့ဝံ့ မဲထည့်လေ့ရှိတာကို တွေ့ရှိပါတယ်။ သူတို့အပေါ် အကြမ်းဖက်ဖိနှိပ်ရက်စက်ခဲ့သူတွေအပေါ်ကို သူတို့ ရရှိ လာတဲ့၊ သူတို့ပေးအပ်နိုင်တဲ့ မဲတစ်ပြားနဲ့ ပြန်ပြီး ဒဏ်ခတ်လေ့ရှိပါတယ်။ ၁၉၆ဝ ပြည့်ရွေးကောက်ပွဲမှာ စစ်တပ်က တစ်ဖက်သတ်ပင်ထားတဲ့“တည်မြဲ”တွေကိုဒဏ်ခတ်ခဲ့တယ်။ ၁၉၉ဝ ပြည့်မှာ(တစည)တွေ ဒဏ်ခတ်ခံရတယ်။ ၂၀၁၅ ခုနှစ် မှာတော့ (ကြံ့ဖွံ့ပါတီ) ဒဏ်ခတ်ခံရတယ်။
တစ်ဖက်မှာလည်း သူတို့အကျိုးအတွက် တကယ်တမ်းဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့်တဲ့သူနဲ့ ပါတီကို ပုံအောပြီးမဲပေးတာဟာ အမြော်အမြင်နဲ့အစဉ်အလာကြီးမားတဲ့ မြန်မာပြည်လူမျိုးပေါင်းစုံပြည်သူလူထုကြီး ဆုံးဖြတ်လုပ်ကိုင်မှုလို့ ဆိုချင်ပါတယ်။ သူတို့အပေါ် အကြမ်းဖက်ဖိနှိပ်ခဲ့သူတွေကို ပါတီနာမည် ဘယ်လိုပဲပြောင်းပြောင်း၊ တွေဝေမနေဘဲ ဒဏ်ပေးပြီး – သူတို့အကျိုးကို တကယ်တမ်းဆောင်မယ့် ပါတီကို ဆုပေးတဲ့ ပြည်သူလူထုကြီးရဲ အမြော်အ မြင်နဲ့ အစဉ်အလာပေါ့။
တပ်မတော်ကို ကိုယ်ပိုင်တပ်သဖွယ်အသုံးချပြီး နိုင်ငံရေး၊ စီးပွားရေးဗိုလ်ကျလွှမ်းမိုး ခြယ်လှယ်မှုတွေရှိနေသမျှ၊ ၂၀၀၈ အခြေခံဥပဒေတည်မြဲနေသမျှ ပြည်သူလူထုကြီးရဲ့ ဒီအမြော်အမြင်နဲ့အစဉ်အလာကို ဆက်လက်စွဲကိုင်ပြီး ကျင့်သုံးနေ ရအုံးမှာပါ။
တစ်ဖက်မှာလည်း ပြည်သူလူထုကြီးရဲ့ ဒီအမြော်အမြင်နဲ့အစဉ်အလာကို မရှုမလှရှုံးနိမ့်သွားကြသူတွေ မလိုလားပါ ဘူး။ ဒါကြောင့် ပြည်သူတွေ ဝေဝါးပြီး မဲတွေ ပြန့်ကျဲသွားအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြတာကို တွေ့ရပါတယ်။ တပြည်လုံး အတိုင်းအတာနဲ့ယှဉ်ပြိုင်နိုင်တဲ့ ပါတီတွေထောင်တာ၊ လက်ရှိအာဏာရထားတဲ့ (NLD)ပါတီအစိုးရရဲ့ဆောင်ရွက် ချက်တွေထဲက နည်းလမ်းမကျတာတွေကို အခြေခံပြီး နည်းမျိုးစုံနဲ့ သရုပ်ဖျက်တာတွေ၊တိုက်ခိုက်တာတွေ လုပ်ကြပါတယ်။
အဲဒီလိုနည်းလမ်တွေထဲမှာ (NLD)ပါတီနဲ့ တချိန်က ကြမ်းတမ်းလှတဲ့ ဒီမိုကရေစီလမ်းမှာ အတူတကွ ဖြတ်သန်းခဲ့ ကြတဲ့ “ဒီမိုကရေစီအင်အားစုတွေ” နဲ့ အစည်းပြေသွေးကွဲပြီး ရန်ဘက်သဖွယ်ဖြစ်လာအောင်လုပ်နေတာတွေကို (NLD)ပါတီ တာဝန်ရှိသူတွေအနေနဲ့ လေးလေးနက်နက် ဆင်ခြင်သုံးသပ်ကြဖို့ တာဝန်ရှိပါတယ်။
အဲဒီ “ဒီမိုကရေစီအင်အားစုတွေ”ထဲမှာ ၁၉၈၈ အရေးတော်ပုံကြီးနေ မွေးဖွားပေးလိုက်တဲ့ နာမည်အမျိုးမျိုးနဲ့ ဒီမိုက ရေစီပါတီတွေ၊ လူမျိုးစုတိုင်းရင်းသားပါတီတွေ ပါဝင်နေပါတယ်။ ဒီအင်အားစုနဲ့ နားလည်မှုကြီးမားစွာရှိကြဖို့၊ အပြန်အလှန် လေးလေးစားစားနဲ့ သွေးစည်းညီညွတ်ရေးတည်ဆောက်ထားကြဖို့ အချိန်တချို့ ကျန်ရှိပါသေးပါတယ်။ အထူးသဖြင့် ဒီလုပ် ငန်းကို (NLD)ပါတီက ပေါ့ပေါ့ဆဆ မဟုတ်ဘဲ၊ လေးလေးနက်နက်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဘက်နှစ် ဘက်စလုံးက အပြန်အလှန်လက်ညှိုးထိုးကြပြီး နင်ပဲငဆတွေ ပြောဆိုနေကြမယ်ဆိုရင် ပြည်သူလူထုရဲ့ဒဏ်ခတ်မှုကို ခံကြရ ပါလိမ့်မယ်။
ကုန်လွန်သွားခဲ့တဲ့ ၅နှစ်တာကာလကို ပြန်ပြောင်းသုံးသပ်ကြည့်မယ်ဆိုရင် (NLD)ပါတီ ဘက်က ကြီးမားတဲ့ ပျက် ကွက်မှုကြီး ၂ခုကို အထင်အရှား မြင်တွေ့ရပါလိမ့်မယ်။
၁။ ကြမ်းတမ်းလှတဲ့ ဒီမိုကရေစီလမ်းမှာ အတူတကွ ဖြတ်သန်းခဲ့ကြတဲ့ “ဒီမိုကရေစီအင်အားစုတွေ” နဲ့သွေးစည်း ညီညွတ်မှုအခိုင်အမာ တည်ဆောက်ဖို့ ပျက်ကွက်ခဲ့မှု
၂။ ပြည်သူလူထုအင်အားစွမ်းပကားကို ထိထိမိမိအသုံးပြုဖို့ ပျက်ကွက်ခဲ့မှု (ပြည်သူလူထုကို ပွဲကြည့်ပရိသတ် သဖွယ် သဘောထားခဲ့တယ်)
ဒီပျက်ကွက်မှု ၂ရပ်ကို လက်တွေ့ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းဇစ်မြစ်ဟာလည်း အောက်ပါနှစ်ခုပါပဲ။
– “လူပုဂ္ဂိုလ်အခန်းကဏ္ဍ” ကို ပါတီပေါ်လစီမူဝါဒရဲ့အထက်မှာ ထားရှိမှု
– “သင့်မြတ်ရေးအမြင်”ကို တဖက်သတ်ကိုင်စွဲထားရှိမှု တို့ပါပဲ။
“လူပုဂ္ဂိုလ်အခန်းကဏ္ဍ”ကို ကျနော့်အနေနဲ့ လုံးလုံးလျားလျား မပစ်ပယ်ပါဘူး။ ပြည်သူလူထုရဲ့ အခိုင်အမာအင်အား စွမ်းပကားနဲ့ပေါင်းစပ်ဖို့တော့ ပျက်ကွက်လို့ လုံးဝ မဖြစ်နိုင်ပါဘူး။ “ဒေါ်အောင်ဆန်းစုကြည် လုပ်မှရမယ် (ဝါ) ဒေါ်အောင် ဆန်းစုကြည်နဲ့ တပ်ချုပ်ဗိုလ်မင်းအောင်လှိုင်တို့နှစ်ဦး ပြေလည်ရင်ပြီးပြီ” ဆိုတဲ့သဘောထားအမြင် တိမ်းစောင်းမှုဟာ လက် တွေ့အားဖြင့် ပြည်သူလူထုစွမ်းအားကို ပစ်ပယ်တာ လျစ်လျူရှုတာပါ။ ပြည်သူလူထုကို မဲပေး၊ လက်မှတ်ထိုး၊ လက်ခုပ်တီး အားပေး ဆိုတဲ့ ပွဲကြည့်ပရိသတ်သက်သက်သဖွယ် ကန့်သတ်ထားတဲ့ အပြုအမူဖြစ်ပါတယ်။
“သင့်မြတ်ရေးအမြင်”ဆိုတာ တစ်ဖက်က သင့်မြတ်လာအောင် ရေလာမြောင်းပေးစကားတွေ ပျိုးရင်း ထိုင်စောင့် နေရတဲ့ ငုတ်တုတ်တစ်ဖက်သတ် လုပ်ငန်းစဉ်မျိုးတော့ လုံးဝ မဖြစ်သင့်ပါဘူး။ သင့်မြတ်လာအောင် ပြည်သူလူထုအင်အား စွမ်းအားနဲ့ တွန်းအား ဖိအားတွေ အဆက်မပြတ်ပေးဖို့ မလွဲမသွေ လိုအပ်ပါတယ်။
၂၀၀၈အခြေခံဥပဒေအပြင် အခြားတည်ဆဲဥပဒေတွေနဲ့ အထပ်ထပ် ဝိုင်းပတ်ထားတဲ့ “ဥပဒေတွင်း လှုပ်ရှားမှု ဘောင်”ထဲမှာ ဘယ်ပုဂ္ဂိုလ်အတွက်မဆို၊ ဘယ်ပါတီအတွက်မဆို အကန့်အသတ်တွေ အင်မတန် ကြီးမားပါတယ်။ များပြား ပါတယ်။
တိုက်ဖော်တိုက်ဖက် ဒီမိုကရေစီအင်အားစုတွေနဲ့ သွေးစည်းညီညွတ်မှု တည်ဆောက်ရေးလည်း ပျက်ကွက်ခဲ့တယ်။ ပြည်သူလူထုအင်အားစွမ်းပကားကို ထိထိမိမိ အသုံးပြုဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်နဲ့ အဲဒီပါတီဟာ ဘာကိုမှ ဖြစ် ဖြစ်မြောက်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိမှာ မဟုတ်တော့ပါဘူး။ အဲဒီအတွေ့အကြုံနဲ့ သင်ခန်းစာကို ကုန်လွန်ခဲ့တဲ့ ၅နှစ်(၂၀၁၅-၂၀၂၀)တာ ကာလထဲကနေ ဘယ်သူမဆို၊ ဘယ်ပါတီမဆို ကိုယ်တိုင်သင်ယူကြရမှာပါ။
ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ ပြည်သူ့အာဏာ၊ ပြည်သူ့စွမ်းအားနဲ့ လုပ်ဆောင်နိုင်မှု မှန်သမျှ လုံးဝ တုတ်နှောင် ကန့်သတ်ထားတဲ့၊ ကြိုတင်ပစ်ပယ်ချေမှုန်းထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ ဒီလို တင်းကျပ်၊ ကျဉ်းကျပ်လှတဲ့ ဥပဒေဘောင်ထဲ ရောက်နေတဲ့သူတွေက ပြည်သူ့စွမ်းအားကိုလည်း အသုံးမပြုဘူး – ဒီမိုကရေစီရေး တိုက် ဖက်တိုက်ဖက်တွေနဲ့လည်း သွေးကွဲအစည်းပြေနေမယ်ဆိုရင် ဒီလုပ်ရပ်ဟာ အကျိုးဆက် လက်တွေ့အားဖြင့် လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ မျှော်လင့်ချက်တွေကို လျစ်လျူရှုပစ်တဲ့၊ သဲထဲရေသွန်သလို လုပ်ပစ်တဲ့ အမြင်တိုပြီး မိုက်မဲလုပ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။
လေးလေးနက်နက် သတိချပ်ရမယ့်အချက်ကတော့ ၂၀၀၈ အခြေခံဥပဒေဆိုတာ စစ်အုပ်စုက သူတို့ အတိတ် – ပစ္စုပ္ပန် – အနာဂတ်အကျိုးစီးပွားကို ထိန်းသိမ်း၊ ကာကွယ်၊ တိုးချဲ့ဖို့ ကွက်ပြည့်နင်းပြီး ရေးဆွဲအတည်ပြုထားတဲ့ ဥပဒေ ဖြစ် ပါတယ်။ ဒါ့အပြင် အခြားတည်ဆဲဥပဒေတွေနဲ့လည်း ရံထားပါတယ်။ စစ်တပ်ကိုလည်း ကိုယ်ပိုင်တပ်သဖွယ် ချုပ်ကိုင်ထား ပါတယ်။ ဆိုလိုချင်တာက ၂၀၀၈ အခြေခံဥပဒေတည်မြဲနေသမျှ ရွေးကောက်ပွဲ ဘယ်ပါတီပဲ အနိုင်ရပါစေ။ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို မလွဲမသွေ ထိန်းသိမ်းကာကွယ်ပေးရမယ် ဆိုတဲ့အချက်ပါပဲ။
ဒီလိုအကြောင်းအချက်တွေကြောင့် ဒါတွေကို အကုန်အစင် ဖယ်ရှားမပစ်နိုင်ဘဲ၊ ဖျက်သိမ်းမပစ်နိုင်ဘဲ ပြည်တွင်း စစ်ကို ရပ်စဲနိုင်မှာမဟုတ်တဲ့အပြင် စစ်မှန်တဲ့ဒီမိုကရေစီတို့၊ စစ်မှန်တဲ့ပြည်ထောင်စုတို့ကိုလည်း ဘယ်သောအခါမှ တည်ဆောက်နိုင်လိမ့်မယ် မဟုတ်ပါဘူး။
၁၉၈၈ ဒီမိုကရေစီလူထုအုံကြွမှုကြီးထဲကနေ မွေးဖွားလာတဲ့ စစ်အုပ်စုနဲ့၊ ဖိနှိပ်မှု သွေးခွဲမှုကို ရင်ဆိုင်လာကြရတဲ့ နိုင်ငံရေးပါတီတွေနဲ့ စစ်အုပ်စုခြံပေါက်ပါတီတွေ၊ စပွန်ဆာပါတီတွေအကြားက အရင်းခံ မတူညီမှုကတော့ “၂၀၀၈ အခြေခံ ဥပဒေ”အပေါ်ထားတဲ့သဘောထား ဖြစ်ပါတယ်။ အနိမ့်ဆုံးအဆင့် ရည်မှန်းချက်က ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့နဲ့ အမြင့် ဆုံးအဆင့်ရည်ရွယ်ချက်က အဖုံးကစလို့ ပြောင်းလဲ၊ ဖျက်သိမ်းပစ်ပြီး အခြေခံဥပဒေသစ် ရေးဆွဲကြဖို့ မဟုတ်ပါလား။
ဒါကြောင့် ဒီမူလ ပင်မဦးတည်ချက်ကို မျက်ခြည်မပြတ်ကြဖို့နဲ့ ဒီဦးတည်ချက်ကို ဘေးပို့ပြီး စစ်အုပ်စုခင်းပေးထား တဲ့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ကျော့ကွင်း”ထဲမှာ အချင်းချင်း အပြန်အလှန် ငယ်ကျိုးငယ်နာဖော်ပြီး ထိုးနှက်နေကြ မယ်ဆိုရင် အမြော်အမြင်ကင်းမဲ့လွန်းပြီး မိုက်တွင်းနက်ရာကျပါလိမ့်မယ်။ နိုးကြားသတိရှိကြဖို့ ပန်ကြားပါရစေ။