Home သတင်း ပဒို မန်းငြိမ်း‌မောင်ကို နုတ်ထွက်ခွင့်ပြုလိုက်ပြီးဟု KNU အတည်ပြု

ပဒို မန်းငြိမ်း‌မောင်ကို နုတ်ထွက်ခွင့်ပြုလိုက်ပြီးဟု KNU အတည်ပြု

1665

ဇူလိုင် ၂၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်မည်ဟု သတင်းထွက်‌ပေါ်‌နေသည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟို ‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်ကို ဇူလိုင် ၂၁ မှ ၂၃ ရက်အထိ ပြုလုပ်သည့် ၇ ကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေး၌ တရားဝင် နုတ်ထွက်ခွင့်ပြုလိုက်ပြီး ဖြစ်‌ကြောင်း KNU ဘက်က အတည်ပြု‌ပြောသည်။

အစည်းအ‌ဝေး အတွင်း ပဒို မန်းငြိမ်း‌မောင်၏ တင်ပြလာသည့်အ‌ပေါ် KNU၏ ဖွဲ့စည်းပုံအရ အဖွဲ့ဝင်တစ်ဦး အ‌နေ ဖြင့် အ‌ကြောင်းပြချက် ခိုင်လုံမှု ရှိလျှင် နုတ်ထွက်ပိုင်ခွင့် ရှိသည့်အ‌ပေါ် နုတ်ထွက်ခွင့်‌ပေးလိုက်ခြင်းဖြစ်‌ကြောင်း KNU ဒုတိယ ဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းက ယခုလို‌ပြောသည်။

၎င်းက “သူက ရရှိလာတဲ့ နိုင်ငံ‌ရေး‌ပြောင်းလဲမှု အရင်တုန်းက အရဘူး‌ပေါ့‌လေ၊ အခုက‌တော့ ရလာတဲ့အ‌ပေါ်မှာ သူကဒီအခွင့်အ‌ရေးကို အမျိုးသား‌ရေး အကျိုးအတွက်၊တိုင်းသူပြည်သားအကျိုးအတွက်၊ ပြည်တွင်း နိုင်ငံ‌ရေးမှာ ပြန်လှုပ်ရှားချင်တယ်ဆိုတာကို တင်ပြလာတဲ့အ‌ပေါ်မှာ ကျ‌နော်တို့က အ‌ခြေအတင်‌ဆွေး‌နွေးရင်း ‌နောက်ဆုံးကျ‌တော့ ဒါဟာသူ့အ‌နေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ ဒီအ‌ပေါ်မှာ သူ့ယုံကြည်ချက် အ‌နေနဲ့‌တော့ ကျ‌နော်တို့က ခွင့်ပြုလိုက်တယ်” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုခဲ့သည်။

ထို့အပြင် ပဒိုမန်းငြိမ်း‌မောင်အ‌နေဖြင့် ပြည်တွင်း နိုင်ငံ‌ရေး လှုပ်ရှားမှု လုပ်‌ဆောင်ရာတွင် ရင်ဆိုင်သွားရနိုင်သည့် အခက်အခဲ စိန်‌ခေါ်မှုများကို ဝိုင်းဝန်းအကြံပြု‌ဆွေး‌နွေးခဲ့‌သော်လည်း ၎င်းစိန်‌ခေါ်မှုများကို ရင်ဆိုင်သွားမည်ဖြစ်‌ကြောင်း မန်းငြိမ်း‌မောင်က ပြန်လည်‌ဆွေး‌နွေးခဲ့သည်ဟု ပဒို ‌စောကွယ်ထူးဝင်းက ဆက်‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်အ‌နေဖြင့် KNUမှ နုတ်ထွက်၍ ယခုလာမည့် အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲ၌ ၎င်း၏ ဇာတိ‌မြေဖြစ်‌သော ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ်၊ ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်‌မြေတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အ‌နေဖြင့် ဝင်‌ရောက် အ‌ရွေးခံမည်ဟု သူနှင့်နီးစပ်သူများက‌ပြောသည်။

သို့‌သော် ၎င်း ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက် အ‌ရွေးခံမည့် သတင်းထွက်‌ပေါ် ‌နေမှုအ‌ပေါ် တစ်စုံတစ်ရာ အတည်ပြု ‌ပြောဆိုခြင်း မရှိ‌သေး‌သော်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ‌ပြောရန်‌စော‌သေး‌ကြောင်း ယမန်‌နေ့ဇူလိုင်၂၃ရက်‌နေ့တွင် ပဒိုမန်းငြိမ်း‌မောင်က ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောဆိုထားသည်။

ပဒိုမန်းငြိမ်း‌မောင်သည် ယခင် နိုင်ငံ‌ရေး လှုပ်ရှားမှုတွင် ‌မြေ‌အောက် နိုင်ငံ‌ရေး လှုပ်ရှား သူအဖြင့်‌ဆောင်ရွက်ခဲ့ပြီး ကျွန်းပြန်တဦး ဖြစ်သည်။ ထို့အပြင်၂၀၁ဝပြည့်နှစ်၊ ဇူလိုင်၂၃ရက်‌နေ့တွင် ‌တော်လှန်‌ရေးတာဝန်များ ထမ်း‌ဆောင်ရင်း ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ‌ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသူဖြစ်သည်။

ထို့‌နောက် ‌ကေအဲန်ယူနှင့် အစိုးရတို့ ပဏာမ အပစ်ရပ်‌ဆွေး‌နွေး‌ရေး စတင် လုပ်‌ဆောင်သည့် ၂၀၁၂ခုနှစ်၊ မတ်လတွင် ပြန်လည် လွှတ်‌မြောက်လာပြီး KNU၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ‌ဆွေး‌နွေးမှုများတွင် ပါဝင်ခဲ့သူဖြစ်သည်။

ပြည်‌ထောင်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ထားသည့် ‌ရွေး‌ကောက်ခံ ကိုယ်စားလှယ်‌လောင်းများ၏ အရည်အချင်းသတ်မှတ်ချက်များတွင် သက်ဆိုင်ရာ လွှတ်‌တော်အသီးသီးတွင် ‌ရွေး‌ကောက်ခံမည့် ကိုယ်စား လှယ်များ အ‌နေဖြင့် လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ‌ရွေး‌ကောက်တင်‌မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက် တည်း ပြည်‌ထောင်စု မြန်မာနိုင်ငံ‌တော်တွင် အနည်းဆုံး (၁၀)နှစ် အ‌ခြေချ‌နေထိုင်ခဲ့သူဖြစ်ရမည်ဟု ပါရှိသည်။

ထို့အပြင် သက်ဆိုင်ရာ လွှတ်‌တော် ‌ရွေး‌ကောက်ပွဲ ဥပ‌ဒေ ၏ အခန်း(၅)ပါ ‌ရွေး‌ကောက်တင်‌မြောက် ခံပိုင်ခွင့်မရှိ ‌စေရ ဟူသည့် အပိုဒ် (၁၀)၏ အပိုဒ် ခွဲ (ဎ)အရ တည်ဆဲဥပ‌ဒေ တစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ‌ကြေညာခံထားရ‌သော အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံ‌တော်က သတ်မှတ် ‌သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံ‌တော်အား လက်နက်ကိုင်ဆန့်ကျင်‌နေ‌သော ‌သောင်းကျန်းသူ အဖွဲ့ အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်‌ကြောင်း ခိုင်လုံ‌သော အ‌ထောက်အထား ရှိသူ အ‌နေဖြင့် ဝင်‌ရောက်အ‌ရွေးခံခွင့်မရှိ‌ကြောင်း ပြန်ဌာန်းပါရှိထားသည်။