Home သတင်း ကရင်ဟု သတ်မှတ်‌ပေးရန် ဘီးလင်း၊ မရမ်းကုန်းရွာသားများ မွန်လွှတ်‌တော်ထံ တင်ပြထား

ကရင်ဟု သတ်မှတ်‌ပေးရန် ဘီးလင်း၊ မရမ်းကုန်းရွာသားများ မွန်လွှတ်‌တော်ထံ တင်ပြထား

3382
Photo: Saw Kyaw Moe

ဇူလိုင် ၁၄ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းရွာအုပ်စုရှိ ရွာသားအများစုသည် ကရင်လူမျိုးဖြစ်‌သော်လည်း ကရင်ဟု သက်ဆိုင်ရာက သတ်မှတ်ထားခြင်းမရှိသည့်အတွက် ပြန်သတ်မှတ်‌ပေးရန် မွန်ပြည်နယ်လွှတ်‌တော်၊ တိုင်း ရင်းသား‌ရေးရာ ‌ကော်မတီထံသို့ တင်ပြထားသည်ဟု ရွာသားတစ်ဦးဖြစ်သူ ‌စောမြင့်‌ဝေက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မရမ်းကုန်း‌ကျေးရွာအုပ်စုတွင် ရွာ ၁၆ ရွာဖြင့် ဖွဲ့စည်းထားပြီး ရွာများတွင် ကရင်လူမျိုးများ အများစု‌နေထိုင်ကြသလို အခြားလူမျိုးများလည်း ‌နေထိုင်ကြသည်။ သို့‌သော် ကရင်များအ‌နေဖြင့် နိုင်ငံသား စိစစ်‌ရေးကဒ်ပြား၊ ‌မွေးစာရင်းနှင့် အိမ်‌ထောင်စုစာရင်းတွင် ဗမာလူမျိုးဟု ထည့်သွင်းခံရသူများရှိသည့်အတွက် ယခုလို ပြန်ပြင်ဆင်‌ပေးရန် ၂၀၁၉ ခုနှစ်က တည်းက တင်ပြခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ‌ပြောသည်။

“ ကျ‌နော်တို့က ကရင်ဖြစ်‌ပေမယ့်လည်း ကိုယ့်သားသမီးမှတ်ပုံတင်ထဲမှာ ဗမာဖြစ်သွားတာကို လက်မခံနိုင်ဘူး။ အခု ကျ‌နော်တို့ရွာဆိုရင် ဗမာရွာလို့ အထင်ခံရတယ်။ ကျ‌နော်တို့က ကရင်စကားမတတ်‌တော့‌ပေမယ့်လည်း ကရင်ပါပဲ။ အဲဒီ လို‌ပြောင်း‌တော့ ပြီးခဲ့တဲ့‌ရွေး‌ကောက်ပွဲတုန်းက ကရင်လူမျိုး‌ရေးရာမဲ‌တောင်ကျ‌နော်တို့ရွာက ထည့်ခွင့်မရဘူး။ ကျ‌နော်တို့မှာ အခွင့်အ‌ရေးချိုး‌ဖောက်ခံ‌နေရသလို ခံစားရတယ်” ဟု ဦး‌ဆောင် စာတင်ပြထားသူ ရွာသား‌စောမြင့်‌ဝေက ‌ပြောသည်။

ယခုလို မွန်ပြည်နယ်လွှတ်‌တော်၊ တိုင်းရင်းသား‌ရေးရာ‌ကော်မတီထံ စာတင်ပြထားမှုကို ‌ကော်မတီတွင်း ‌ဆွေး‌နွေးပြီး ဖြစ်သလို လိုအပ်သလိုလုပ်‌ဆောင်သွားမည်ဖြစ်ကာ ယခု ဇူလိုင်လကုန်ပိုင်းတွင် တာဝန်ရှိသူများမှ ရွာသားများထံ ကွင်းဆင်း‌တွေ့ဆုံမှု ပြုလုပ်သွားရန်ရှိသည်ဟု ‌ကော်မတီဝင် ‌စော‌ကျော်မိုးက ယခုလို ‌ပြောသည်။

၎င်းက “ ဒီဟာကို ကျ‌နော်လွှတ်‌တော်မှာ ‌ဆွေး‌နွေးတယ်။ ကြားထဲမှာ Covid ခံသွားတယ်။ သူတို့ ဒီကိစ္စကို အဆင် ‌ပြေသလို‌ဆောင်ရွက်မယ်ဆို‌ပေမယ့် အခုစာတင်ထားတာ ၁ဝ လပြည့်လာတဲ့အချိန်မှာ ကျ‌နော် လွှတ်‌တော်မှာ တကြိမ်ပြန် ‌ဆွေး‌နွေးတယ်။ ဒီကိစ္စက အစိုးရအ‌ပေါ် လူထုဘဝင်မကျစရာ ဖြစ်လာနိုင်တယ်။ ‌တောင်းဆိုထားချက်ကလည်း အဓိက ‌ပြောချင်တာက လူမျိုး‌ရေးအခွင့်အ‌ရေးချိုး‌ဖောက်ခံရတယ်ဆိုတဲ့ဟာ‌ပေါ့‌နော်။ ‌ဆွေး‌နွေးပြီး သူတို့ ဒီလကုန်ပိုင်းမှာ ဆင်းပြီး စစ်‌ပေးမယ်လို့ ‌ပြောတယ်” ဟု ‌ပြောသည်။

ယခုဖြစ်စဉ်အ‌ပေါ် ဘီးလင်းမြို့နယ်၊ မရမ်းကုန်း‌ကျေးရွာအုပ်စုရှိ ရွာသားများအ‌နေဖြင့် မွန်ပြည်နယ်လွှတ်‌တော်ထံ ၂၀၁၉၊ စက်တင်ဘာ ၂၇ ရက်‌နေ့စွဲဖြင့် တင်ပြခဲ့ခြင်းဖြစ်ပြီး၊ မွန်လွှတ်‌တော်က စိစစ်‌ဖြေရှင်းနိုင်‌ရေးအတွက် မွန်အစိုးရအဖွဲ့ထံ ရည် ညွှန်းစာပို့ထားပြီး ယခုလအတွင်း ကွင်းဆင်းစစ်‌ဆေးရန်ရှိသည်ဟု ဆိုင်ရာတာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ မရမ်းကုန်း‌ကျေးရွာတွင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်တိုင်းရင်းသားလူမျိုးလွှတ်‌တော်ကိုယ်စားလှယ်အတွက် မဲ‌ပေးရန် ရွာသားများက ဆန္ဒရှိ‌သော်လည်း ကရင်မဟုတ်ဟုဆိုကာ မဲ‌ပေးခွင့်မရခဲ့သလို၊ ဗမာတိုင်းရင်းသားလူမျိုး‌ရေးရာ လွှတ်‌တော်ကိုယ်စားလှယ်မဲသာ‌ပေးရန် ဆိုင်ရာ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲက ‌ပြောဆိုခဲ့သည်ဟု ရွာသားများထံမှ သိရသည်။