Home သတင်း နယ်စပ်အမှတ် ၂တံတား မြဝတီ BCF ဇုန်၌ ထိုင်းပြန်အလုပ်သမားတစ်ဦး လည်ပင်းကိုဓားဖြင့်လှီးလျက်သေဆုံး

နယ်စပ်အမှတ် ၂တံတား မြဝတီ BCF ဇုန်၌ ထိုင်းပြန်အလုပ်သမားတစ်ဦး လည်ပင်းကိုဓားဖြင့်လှီးလျက်သေဆုံး

3847
Photo: Nay Naw

ဇူလိုင် ၄ ရက်၊ ၂၀၂၀ ပြည့်နှစ်။ နေနော်

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအား ပြန်လည်ကြိုဆိုရေး ဆောင် ရွက်နေသည့် ထိုင်း-မြန်မာ အမှတ် ၂ တံတား မြန်မာဘက်ခြမ်း (BCF)ဇုန်၌ ထိုင်း ပြန် မြန်မာအလုပ်သမားတစ် ဦးမှာ လည်ပင်းကို ဓားဖြင့်လှီးလျက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၄ ရက်နေ့ မွန်းလွဲ ၁နာရီကျော်က အမှတ် ၂ တံတား မြန်မာဘက်ခြမ်း BCF ဇုန်တွင် တာဝန်ရှိသူ များမှ ထိုင်းပြန်အလုပ်သမားများအား ကြိုဆိုလျက်ရှိစဉ် ထိုင်းနိုင်ငံဘန်ကောက်မြို့မှပြန်လာသူ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အင်းနို့ကျေးရွာနေ နေရပ်ပြန် မြန်မာအလုပ်သမား စောဌေးစန်း ၂၆ နှစ်သည် သက်ဆိုင်ရာ ကျန်း မာရေးဌာန၏ ကျန်းမာရေး စစ်ဆေးမှုများနှင့် လဝက တာဝန်ရှိသူများထံ အမည်စာရင်းများပေးသွင်းပြီးနောက် ၎င်းဌာနများနှင့် ကိုက် ၁ဝဝ ခန့်ဝေးသည့် လက်ဆေးစင်များအနီး ၎င်း၌ အသင့်ပါရှိလာသော ၄ လက်မ အရွယ် ခန့်ရှိ မောင်းချဓား ဖြင့်မိမိ၏လည်ပင်းအား လှီးဖြတ်လိုက်ရာ လေပြွန်ပေါက်ထွက်သွားပြီး သွေးထွက် လွန်ကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့မရဲစခန်း မှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိခဲ့သူ ယာဉ်မောင်း တစ်ဦးက “ အသံကြားလို့ အဝေးကနေ လှမ်းကြည့် လိုက်တာ အဲ့ဒီလူက တုံးလုံးလှဲပြီး သွေးအန်နေတယ်ပဲထင်တာ အဲ့ဒါနဲ့ ရှေ့ကိုတိုးပြီး သူ့နဲ့ ဆယ်ကိုက်ခန့်အ ကွာကနေ မြင်ရတာက သူ့လည်ပင်းကို ဓားနဲ့လှီးထားပြီး သွေးတွေထွက်နေတာကို တွေ့ရတယ်။ အဲ့ဒါနဲ့ ခပ်လှမ်း လှမ်းမှာရှိတဲ့ လုံခြုံရေးတာဝန်ရှိသူတွေကို လှမ်းခေါ်ပြီး အသိပေးခဲ့တယ်”ဟု ပြောသည်။

Photo: Nay Naw

အဆိုပါ မိမိကိုယ်ကို အဆုံးစီရင်သွားသူသည် မြန်မာဘက်ခြမ်း BCF ဇုန်ကို ဝင်လာပြီး ကျန်းမာရေးစစ်ဆေး မှုနှင့် အခြားစစ်ဆေးမှုများ လုပ်စဉ်တွင်လည်း ၎င်း၏ ပုံစံမှာ သိပ်မူမမှန်ဘဲ မေးမြန်းမှုများကို ဖြေကြားရာတွင် လွဲမှားမှုရှိ နေကြောင်း၊ ကရင်ပြည်နယ် ဇာတိဖြစ်၍ မြဝတီ Quarantine ထားရန် ကားစောင့်ဆိုင်းနေစဉ် ယခုလို ကိုယ့်လည်ပင်းကို ဓားဖြင့်လှီးပြီး သတ်သေသွားခြင်းဖြစ်သည်ဟု BCF ဇုန် ပြန်လည်ကြိုဆိုရေးနေရာတွင် နေရပ်ပြန်များအား ကားစီစဉ်ပေးခြင်းဖြင့် Volunteer အဖြစ် လုပ်ဆောင်နေသူ မြဝတီ အထက ၂ ကျောင်းအုပ် ဆရာကြီး ဦးမိုးကျော်က ပြောသည်။

အဆိုပါ သေဆုံးသူ စောဌေးစန်း၏ ရုပ်အလောင်းအား မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး သူသေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။