Home COVID-19 ဖားအံမြို့ရှိ ပြည်နယ်အစိုးရ၏ Quarantine Center တွင် Covid-19 ‌ရောဂါပိုး ၂၃ဦး ထပ်မံ‌တွေ့ရှိ

ဖားအံမြို့ရှိ ပြည်နယ်အစိုးရ၏ Quarantine Center တွင် Covid-19 ‌ရောဂါပိုး ၂၃ဦး ထပ်မံ‌တွေ့ရှိ

2612

ဇွန် ၁၉ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌စောရှား

ဖားအံမြို့နယ်၊ မူးယစ်‌ဆေးဖြတ်စခန်းကို ပြည်နယ်အစိုးရက ကိုရိုနာဗိုင်းရပ်စ်အတွက် Quarantine Center (QC) အဖြစ် ထားရှိပြီး ၎င်းစခန်းတွင် အသွားအလာ ကန့်သတ်ထားရှိသူ ၂၃ဦးတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ‌ရောဂါပိုး ‌တွေ့ရှိရ‌ကြောင်း ကရင်ပြည်နယ်တာဝန်ရှိသူများက ယ‌နေ့(ဇွန် ၁၉ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနှင့် မ‌လေးရှားနိုင်ငံများမှ ပြန်လည်ဝင်‌ရောက်လာသူများကို အဆိုပါမူးယစ်‌ဆေးဖြတ်စခန်း(QC)၌ ထားရှိပြီး ဇွန် လ ၁၂ရက်‌နေ့က ‌ပေးပို့ခဲ့‌သော ဓာတ်ခွဲနမူနာ စစ်‌ဆေးချက်များအရ ၂၃ဦးတွင် ‌ရောဂါပိုး ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်လူမှု‌ရေးဝန်ကြီးက ယခုလို အတည်ပြု ‌ပြောဆိုသည်။

ကရင်ပြည်နယ်လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်က “အတည်ပြုသွားပြီး။ ကရင်ပြည်နယ်က တစ်‌ယောက်ကို ဖားအံ ‌ဆေးရုံမှာထားမယ်။ မွန်ပြည်နယ်က လူကို မွန်ပြည်နယ်ပို့မယ်။ ကျန်တဲ့ ၁၈‌ယောက်ကို ‌ဝေဘာဂီ‌ဆေးရုံ(ရန်ကုန်)ကို ပို့မယ်။ ပို့‌ဆောင်ဖို့အတွက်လည်း စီစဉ်ပြီးသွားပြီ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရောဂါပိုး‌တွေ့ရှိသူများမှာ အမျိုးသမီး ၅ဦးနှင့် အမျိုးသား ၁၈ဦးဖြစ်ပြီး ၎င်းတို့သည် တရားမဝင် ဖြတ်‌ကျော်မှုဖြင့် ထိုင်း နိုင်ငံအစိုးရ အာဏာပိုင်များ ဖမ်းဆီးခဲ့စဉ်ကတည်းက ပိုးရှိခဲ့ခြင်းဖြစ်နိုင်သည်ဟု ပြည်နယ်တာဝန်ရှိသူများက သုံးသပ် ‌နေကြသည်။

အဆိုပါ ၂၃ဦးတို့ထဲတွင် တနသာင်္ရီတိုင်း‌ဒေသကြီးမှ ၇ဦး၊ ရခိုင်ပြည်နယ်မှ ၇ဦး၊ မွန်ပြည်နယ်မှ ၄ဦးနှင့် ကရင်ပြည် နယ်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မန္တ‌လေးတိုင်း‌ဒေသကြီးများမှ ၁ဦးစီတို့ဖြစ်သည်ဟု ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်ပြည်နယ်တွင် ‌မေလ ၁၈ရက်‌နေ့က Covid-19 ‌ရောဂါပိုး ‌တွေ့ရှိခဲ့သူ ၂ဦးကို စတင် စစ်‌ဆေး‌တွေ့ရှိခဲ့ပြီး ယခု တစ်ဦး ထပ်မံ‌တွေ့ရှိခဲ့သည့်အတွက် ‌ရောဂါပိုး‌တွေ့ရှိသူ စုစု‌ပေါင်း ၃ဦးအထိရှိခဲ့‌သော်လည်း ၎င်းတို့အနက် တစ်ဦးမှာ ပြန်လည်စစ်‌ဆေးမှုတွင် ‌ရောဂါပိုး မ‌တွေ့ရှိရ‌တော့သဖြင့် ‌ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီးဖြစ်သည်။

ဇွန်လ ၁၉ရက်‌နေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19) ကူးစက်ခံထားရသူ ကရင်ပြည်နယ်မှ ၃ဦး အပါအဝင် ၂၈၆ဦးရှိသည့်အနက် ၆ဦး ‌သေဆုံးခဲ့‌ကြောင်း သိရသည်။