စောထွန်းလင်း
(မေ ၂၈၊ ၂၀၂ဝ ပြည့်နှစ်)
အေဒီ ၁၇၉၇ (မြန်မာနှစ် ၁၁၅၉ ခုနှစ်)တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ ရှင်ပင်ပွင့်လန်းဘုရား၌ ရေဆွဲထားသည့် ၁၀၁ ပါးမင်းစာရင်းဝင်၊ ကရင်ဘုရင် နံရံဆေးရေး ပန်းချီကားကို ကရင်အမျိုးသားသမိုင်းစာအုပ်တွင် မှတ်တမ်းတစ်ခုအဖြစ် ထည့်သွင်းထားပုံအကြောင်းကို သမိုင်းပြုစုသူ ဒေါက်တာနန်းလှိုင်(ကထိက) ရန်ကုန်တက္ကသိုလ်က ပြောပြသည်။
ဒေါက်တာနန်းလှိုင်သည် ကရင်အမျိုးသားသမိုင်းကိုလွန်ခဲ့သည့် ၃နှစ်ခန့်က စတင်ပြုစုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ပုံနှိပ် ရန်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သလို မကြာမှီ စာမျက်နှာ ၁,၂၀၀ကျော်ပါဝင်သည့် ကရင်အမျိုးသားသမိုင်းစာအုပ် ထွက်ရှိလာတော့မည် ဖြစ်သည်။
ကရင်အမျိုးသားသမိုင်း ပြုစုရန် အစပြုဖြစ်တည်လာပုံမှာ ၂၀၁၆ခုနှစ်၊ ဩဂုတ် ၁၁ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ၊ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီ(MCC)ဝန်း၊ ယုဒသန်ခန်းမ၌ ကျင်းပသည့် ကရင်အာဇာနည်နေ့တွင် အစပြုခဲ့ခြင်းဖြစ်သည်ဟု ခဏတာ ကြည့်ရှုမှတ်တမ်းတင်ခွင့်ရလိုက်သည့် သမိုင်းမူကြမ်းစာအုပ်တွင် ရန်ကုန်တိုင်း ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ်ဇာမျိုးက အမှာစကား၌ ထည့်သွင်း ပြောဆိုထား သည်။
အဆိုပါအခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း တက် ရောက်ပြီး အမှာစကားပြောကြားခဲ့သည်။ ၎င်း၏ အမှာစကားထဲတွင် “ကရင်လူမျိုးတို့သည် ရှုပ်ရှုပ်ယှက်ယှက်မ ကြိုက်၊ အေးအေးချမ်းချမ်း နေလိုကြသည်။ ထို့အပြင် ကရင်လူငယ်တို့ စာမဖတ်ကြ၊ စာမရေးကြ၊ ဒါကြောင့်မို့လို့ သမိုင်းနှင့် ပတ်သက်လာရင် မှတ်တမ်းမှတ်ရာ (Records) မရှိကြဘူး”ဟုဆိုကာ စာဖတ်မှတ်တမ်းပြုစုရန် တိုက်တွန်း ပြောဆိုခဲ့သည်။
“အဖူးရဲ့ မိန့်ခွန်းလေးကို နားထောင်လိုက်ရသည့် အကျိုးကျေးဇူးကြောင့် မိမိတို့ကရင်လူမျိုးများအတွက် ကရင် သမိုင်းမှာ လိုအပ်နေသည်ကို သိခဲ့ရသည်။ ထိုပွဲမှအပြန် မိမိစိတ်ထဲမှာ ပါလာသည့်အရာမှာ ကရင့်သမိုင်းပြုစုဖို့ ဆိုသည့် ကိစ္စရပ်ပင် ဖြစ်သည်။ ကရင်သမိုင်းရေးဖို့အတွက် အစိုးရအသုံးစရိတ်(ဘတ်ဂျက်) စတင်လျာထားခဲ့သည်။” ဟု ဝန်ကြီးနော်ပန်းသဉ်ဇာမျိုး၏ အမှာစာတွင်ဖော်ပြထားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကာ ကရင်အမျိုးသားသမိုင်း ကို ဒေါက်တာနန်းလှိုင်က ၂၀၁၈ခုနှစ်အတွင်းက စတင် ပြုစုခဲ့သည်။ အဆိုပါ သမိုင်းကျမ်းကို သမိုင်းပညာရှင် ပါမောက္ခစောထွန်းအောင်ချိန်နှင့် ဆရာမကြီးပါမောက္ခနော်အိန်ဂျယ်လင်းတို့က ဖတ်ရှုပြင်ဆင်ထားကာ ဖြည့်ဆည်း ပေးသည်။
ကရင်အမျိုးသားသမိုင်းတွင် ပါဝင်မည့် အကြောင်းအရာ အနှစ်ချုပ်နှင့် ပတ်သက်၍ သမိုင်းပြုစုခဲ့သူ ဒေါက်တာ နန်းလှိုင်က ယခုလို ပြောသည်။
“ကရင်တွေ မြန်မာနိုင်ငံကို စတင်ဝင်ရောက်နေထိုင်လာတဲ့ ကာလပေါ့။ သမိုင်းကြိုကာလကနေစပြီး မျက်မှောက် ခေတ်ကာလ ၂၀၁၉ အထိကို မှတ်တမ်းတင်ထားတဲ့ သမိုင်းဖြစ်တယ်။ အဲ့လို မှတ်တမ်းတင်တဲ့အခါမှာ အဂင်္လိပ်က စုဆောင်းသွားတဲ့ ၁၉၄၄-၄၈ ခုနှစ်အတွင်းက ကေအဲန်ယူနဲ့ ပတ်သက်တဲ့ အစည်းအဝေး မှတ်တမ်းတွေ၊ ကရင့်ရေးရာနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ အဲ့ဒါတွေ အကုန်လုံးကို ယူသုံးထားပါတယ်”ဟု ပြောသည်။
ထို့အပြင် ပါလီမန်ခေတ်၊ လွှတ်တော်တွင် ကရင့်ရေးရာများနှင့် ပတ်သက်၍ ပြောဆိုခဲ့သည့် အကြောင်းအရာများကို အကုန်လုံး ထည့်သွင်းထားသည်ဟု ဆိုသည်။ လိုအပ်၍ မေးမြန်းထားသည့် အကြောင်းအရာများကိုလည်း ယူသုံး ထားသည်ဟု ပြုစုသူက ပြောသည်။ ထူးခြားမှုအနေဖြင့် မျိုးနွယ်စုနှင့် ပတ်သက်၍ ပြောင်းလဲလာသည့် ဖြစ်စဉ်များကို ဖော်ပြထားသေးသည်။
“မျိုးနွယ်စု သမိုင်းထဲမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ဟာကို တစ်ဆင့်ပြီးတဆင့် တင်ပြထားပါတယ်။ ဥပမာ ပြောရရင် ၁၉၅ဝ ကရင်လူမျိုးများဆိုင်ရာ ကော်မရှင်ပေါ်လာတယ်။ အဲ့ကော်မရှင် မတိုင်တုံးက ရှိတဲ့ ၁၉၃၁ သန်းခေါင်စာရင်း မှာပါတဲ့ အဂင်္လိပ်က ဘာသာဗေဒပေါ်မှာ အခြေပြုပြီးတော့ မှတ်တမ်းတင်ထားတဲ့ ကရင်လူမျိုးဆိုတာလည်း ပြထား တယ်။ ၁၉၅ဝ ရောက်တဲ့အခါမှာ ကရင်လူမျိုးကနေ ကရင်လူမျိုးမဟုတ်တော့ ပါဘူးဆိုပြီးတော့ ခွဲထွက်သွားတဲ့ မျိုးနွယ်စုတွေကိုလည်း ပြထားတယ်”ဟု ဒေါက်တာနန်းလှိုင်က ရှင်းပြသည်။
ထို့ကြောင့် ယနေ့ရှိနေသည့် ကရင်မျိုးနွယ်စုများကို သိရှိနိုင်မည်ဖြစ်သလို ကရင်မျိုးနွယ်စုအဖြစ် ရှိမနေတော့သည့် လူမျိုးများကိုလည်း ဤကရင်အမျိုးသားသမိုင်းတွင် တွေ့ရ၊ သိရှိရမည်ဖြစ်သည်။
“ခက်ခက်ခဲခဲနဲ့ ရှားရှားပါးပါးကတော့ မိုနေဘွာမျိုးနွယ်စုတွေပေါ့။ တောင်ငူခရိုင် တောင်ဘက်၊ ထန်းတပင်မြို့နယ်ရဲ့ အရှေ့ဘက်၊ မုန်းတောင်ပေါ်ဒေသမှာနေတဲ့ မိုနေဘွာ ၄၄ရွာမှာ တစ်ရွာနှစ်ရွာလောက်ကို သွားပြီးတော့မှ ခက်ခက် ခဲခဲ မှတ်တမ်းတင်ထားတာရှိပါတယ်။ နောက်တစ်ခါ စကောကရင်ဆိုလို့ရှိရင် ပဲခူးရိုးမရောက်တဲ့အထိ၊ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြော၊ ပဲခူးရိုးမ အနောက်ဘက်ခြမ်းတစ်ကြော အဲ့ဒါတွေကိုလည်း ဒီထဲမှာ မှတ်တမ်းတင်ထားပါ တယ်”ဟု ပြုစုသူက ဆိုသည်။
အဆိုပါသမိုင်းတွင် ပါဝင်မည့် ကရင့်နိုင်ငံရေး အခင်းအကျင်း၊ ကရင့်အမျိုးသားတော်လှန်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ်တွင်မူ အမြင်မတူမှုများရှိမည်ဖြစ်သလို ယင်းအပေါ် သမိုင်းပြုစုသူက ယခုလို ပြောသည်။
“ဒီမှာကတော့ တတိယလူပုဂ္ဂိုလ်((Third Person) အနေနဲ့ သမိုင်းကို ဟိုးဘက်၊ ဒီဘက် မခံစားဘဲနဲ့ သမိုင်းကို အမှန်တရားနဲ့ အနီးစပ်ဆုံးရအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ်။ လိုအပ်ချက်ကတော့ အရာရာတိုင်းမှာ ရှိနေမှာဖြစ်တဲ့အတွက် နောင်မျိုးဆက်သစ်တွေ ဆက်ပြီးတော့ ပြင်ဆင်ဖြည့်စွက်ပါလို့ ဒီနေရာကနေ အကျဉ်းချုပ် ပြောချင်ပါတယ်”ဟု ဆိုသည်။
ယခု ကရင်အမျိုးသားသမိုင်းကို အသေးစိတ်လေ့လာခြင်းအားဖြင့် ဗမာလူမျိုးနှင့် ကျန်တိုင်းရင်းသား ညီအစ်ကိုများ မိမိတို့ကရင်လူမျိုးများ၏ စိတ်ထားနှင့် သဘောထားခံယူချက်ကို သိနားလည်မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသ ကြီး၏ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ အတွင်းရေးမှူး မန်းသန်းဝင်းဦးက ပြောသည်။
သူသည် သမိုင်း ပြုစုရာတွင် အနီးကပ် စီစဉ်လုပ်ဆောင်သူတစ်ဦးလည်း ဖြစ်သည်။ သမိုင်းပြုစာရေး သုံးနှစ်တာ အချိန်အတွင်း ကွင်းဆင်းလေ့လာခြင်း ခရီးစရိတ်များ အပါအဝင် စုစုပေါင်း အသုံးစရိတ် သိန်း ၁၀၀ကျော်ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ၏ အသုံးစရိတ်မှ ကျခံသုံးစွဲထားသည်ဟု ၎င်းက ဆိုသည်။
ကရင်အမျိုးသားသမိုင်းကို ဖတ်ရှုလေ့လာပြီးနောက် ကရင်တို့ ရှေ့ဆက်ရမည့် နိုင်ငံရေးခရီးစဉ်ကို ပုံဖော်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်၊ တော်လှန်ရေးဖြစ်စဉ်မှ ငြိမ်းချမ်းရေးဖြစ်စဉ် အဖြေရှာမှု၊ ကရင်လူမျိုးတို့၏ ဘဝ သာယာလှပဖို့ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် ရှင်းလင်းသည့် ဦးတည်ချက်ကို ရရှိမည်ဟု ထင်မြင်ယူဆကြောင်း မန်းသန်းဝင်းဦးက ဆက်ပြောသည်။
“မ ‘အ’ အောင်” သမိုင်းကို လေ့လာကြဟု နာမည်ကြီး သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ပြောဆိုခဲ့ဖူးသည်။ ယင်းအတွက် ကရင်တို့သည်လည်း မိမိတို့ သမိုင်းကို လေ့လာရန်လိုသည်မှာ ပြောဖွယ်မရှိ။ ထို့ကြောင့် ယခု ကရင် အမျိုးသားသမိုင်းသော်လည်းကောင်း၊ ကရင့်တော်လှန်ရေး သမိုင်းသော်လည်းကောင်း၊ စာပေ၊ ယဉ်ကျေးမှု စသည့် အထွေထွေသော သမိုင်းတို့ကို လေ့လာကာ အနာဂတ်အတွက် သင်ခန်းစာယူပြင်ဆင်ကြရမည်သာ ဖြစ်ပေသည်။
စောထွန်းလင်း