Home COVID-19 ဖာပွန်ဒေသတွင် ဖျက်ဆီးခံရသည့် KNU ၏ Covid စစ်ဆေးရေးဂိတ်နေရာတွင် အသစ်ပြန်ဆောက်ပြီး ထပ်ဖွင့်

ဖာပွန်ဒေသတွင် ဖျက်ဆီးခံရသည့် KNU ၏ Covid စစ်ဆေးရေးဂိတ်နေရာတွင် အသစ်ပြန်ဆောက်ပြီး ထပ်ဖွင့်

2128
Photo: BPHWT

ဇွန်လ ၂၅ ရက်၊ ၂၀၂၀ ခုနှစ်။ ကေအိုင်စီ

KNU –ကရင်အမျိုးသားအစည်းအရုံး၏ မူတြော် (ဖာပွန်)ခရိုင် (တပ်မဟာ ၅) ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေး ရွာအုပ်စုရှိ ဝါသိုး ခိုကျေးရွာတွင် တပ်မတော်မှ ဖျက်ဆီးလိုက်သည့် Covid-19 ကျန်းမာရေးစစ်ဆေးရေးဂိတ်နေရာ တွင် KNU ဘက်က တစ်ဖန်ဂိတ်ပြန်ဆောက်၍ ဇွန်လ ၂၅ ရက်နေ့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ဖာပွန်-ကမမောင်း ကြားရှိ ဝါသိုးခိုကျေးရွာ၌ Covid -19 ရောဂါ ကာကွယ်ရေးအတွက် KNU မူတြော် ခရိုင်မှ ဖွင့် လှစ်ထားသည့် Screening Point (ကျန်းမာရေးစစ်ဆေးရေးဂိတ်)ကို ပြီးခဲ့သည့် မေလက တပ်မတော်ဘက်မှ မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး ယခု နှစ်ဖက်နားလည်မှုအရ ထပ်မံဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများ က ပြောသည်။

သို့သော် အဆိုပါ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ဇွန်လ ၂၅ရက်နေ့ တစ်ရက်သာ ပြန်လည်ဖွင့်ရပြီး တပ်မတော်ဘက်မှ လမ်းကြောင်းရှိသည်ဟု လာရောက်အသိပေးလာသည့်အတွက် ဇွန်လ ၂၆ ရက်နေ့တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ယာယီပိတ်လိုက်ရသည်ဟု နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT) ဖာပွန်ဒေသ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ မနေ့ကဖွင့်တယ်။ တပ်မတော်ဘက်ကလမ်းကြောင်းရှိတယ်၊ စစ်ဝတ်စုံတွေနဲ့ မစောင့်ဖို့လာပြောတော့ သူတို့လမ်းကြောင်းရှိရင် ဒီဘက်က အရပ်ဝတ်နဲ့လည်း မစောင့်တော့ဘူး။ ဂိတ်ကို ခဏပြန်ပိတ်လိုက်တယ် ။ သူ တို့လမ်းကြောင်းက ၁ ရက်၂ ရက်ပေါ့၊ လမ်းကြောင်းပြီးရင် ကျနော်တို့ ဂိတ်ပြန်ဖွင့်မယ်”ဟု ကေအိုင်စီသို့ ပြော သည်။

အဆိုပါဂိတ်ကို ကရင်ကျန်မာရေးနှင့် ကယ်ဆယ်ရေးဌာန- KDHW နှင့် BPHWT တို့ ပူးပေါင်းပြီး ကျန်းမာရေး စစ်ရေးလုပ်ငန်းများဆောင်ရွက်ကာ ဝင်ထွက်သွားလာနေသည့် ဒေသခံလူထုများကို ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ နှာခေါင်းစည်း (Mask) တပ်ခိုင်းခြင်း၊ Covid-19 ကျန်းမာရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှောင်ရန် ၊ ဆောင်ရန်များအတွက် ကရင်ဘာသာစကားဖြင့် ရှင်းပြပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရ သည်။

ဝါသိုးခိုကျေးရွာနှင့် ဖားလို့လမ်းခွရှိ KNU၏ ကျန်းမာရေး စစ်ဆေးရေးဂိတ်နှစ်ခုကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့ တွင် တပ်မတော်က မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့ကြား နှစ်ဖက်တင်းမာမှုဖြစ်ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှု များကြောင့် ဒေသခံရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သလို ရာနှင့်ချီသည့် ဒေသခံရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။