Home COVID-19 ထိုင်းပြန် ကိုဗစ်လူနာ အမှတ် ၂၃၃ နှင့် ထိတွေ့မှုရှိခဲ့သည်ဟု ထင်ရသူများကို Quarantine ဝင်စေမည်

ထိုင်းပြန် ကိုဗစ်လူနာ အမှတ် ၂၃၃ နှင့် ထိတွေ့မှုရှိခဲ့သည်ဟု ထင်ရသူများကို Quarantine ဝင်စေမည်

1279
Photo: Nay Naw

ဇွန်လ ၄ ရက်၊ ၂၀၂၀ ပြည့်နှစ်။ နေနော်

ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၃ ရက်နေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ Covid-19 အတည်ပြုလူနာ အမှတ် ၂၃၃ မှာ မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တဆင့် ဝင်ရောက် လာသူဖြစ်၍ မြဝတီ BCF ဇုန်၌ ၎င်းနှင့် ထိတွေ့မှုရှိခဲ့သည်ဟု ထင်ရသူများကို Quarantine ဝင်စေပြီး ဓာတ်ခွဲနမူ နာရယူကာ ရန်ကုန်အမျိုးသားဗဟိုဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဟု သိရသည်။

မြဝတီ BCF ဇုန်၌ မေလ၂၅ ရက်နေ့က စာရင်းကောက်ယူခဲ့သူများအနက် Contact (ထိတွေ့ခြင်း) ဖြစ်နိုင်သူများကို ကွင်းဆက်ဖော်ထုတ်ပြီး Quarantine (စောင့်ကြည့်) စခန်းတွင် ၂၁ရက်စောင့်ကြပ်ကြည့်ရှုဖို့ စီမံဆောင်ရွက်သွားမည်ဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ယခုလို ပြောသည်။

“ထိုင်း-မြန်မာ အမှတ် ၂ တံတား မြဝတီနယ်စပ်မှတဆင့် မေ၂၅ ရက်နေ့ နံနက်ပိုင်းက ပြန်လည်ဝင်ရောက်လာပြီး ပဲခူးတိုင်း ညောင်လေးပင်မြို့သို့ ပြန်ခဲ့တဲ့ ထိုင်းပြန်မြန်မာလုပ်သားတစ်ဦးမှာ ရောဂါပိုးတွေ့ရှိတယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့မှ ကျနော်တို့ ဒီမှာ စာရင်းကောက်ယူတဲ့ ဆက်စပ်တဲ့ Contact ပေါ့ ၊ စာရင်းကောက်ယူ တဲ့ရဲတွေ၊ စာရင်းကောက်ယူ ပြုစုတဲ့ ဌာနအလိုက် ပြည်နယ်နဲ့တိုင်းအလုပ် တာဝန်ပေးထားတာရှိတယ်။ အဲတော့ စာရင်းကောက်ယူ ပြုစုတဲ့၊ အဖွဲ့တွေ ၊ လူတွေကို ကွင်းဆက် ပြန်လည် ဖော်ထုတ်ပြီးတော့မှဆက်လက်ပြီး၍ Quarantine စခန်းတွေမှာထားဖို့စီမံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

Photo: Nay Naw

အဆိုပါ Covid -19 positive အမှတ် ၂၃၃ မှာ မေလ၂၅ ရက်နေ့ နံနက် ၈း၀၀ နာရီ ခွဲအချိန်ခန့်က ပဲခူးသွား မည့် ကားဖြင့် ပို့ဆောင်ပေးလိုက်သူဖြစ်ပြီး ၎င်းလိုက်ပါစီးနင်းသွားသည့် ခရီးဖော် ၃၆ ဦး၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်အပါအဝင် စာရင်းပြုစုသည့် အဖွဲ့မှ ပါဝင်သူများကို သက်ဆိုင်ရာ Quarantine စခန်းများတွင် ထားရှိပြီး ဓာတ်ခွဲနမူနာယူကာ ရန်ကုန်ကျန်းမာရေး ဗဟိုဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆက်ပြောသည်။

မြဝတီ နယ်စပ် အမှတ်(၂) ချစ်ကြည်ရေးတံတားမှ Covid-19 အရေးပေါ်ကာလအတွင်း နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းမှုအရ မေလ၂၃ ရက်နေ့မှစ၍ ထိုင်းပြန်မြန်မာ လုပ်သားများနေ့စဉ် ထောင်နှင့်ချီ၍ ပြန်လည်ဝင် ရောက် ခဲ့ရာ ဇွန်လ ၃ ရက်နေ့ထိ မြန်မာရွှေ့ ပြောင်းလုပ်သား စုစုပေါင်း လူဦးရေ ၁၄,၇၄၅ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။