Home သတင်း မြဝတီနယ်စပ်မှတဆင့် ထိုင်းပြန်မြန်မာလုပ်သား တစ်ရက် ပျမ်းမျှ ၁,၀၀ဝ ဦးခန့် ‌နေ့စဉ်ဝင်‌ရောက်

မြဝတီနယ်စပ်မှတဆင့် ထိုင်းပြန်မြန်မာလုပ်သား တစ်ရက် ပျမ်းမျှ ၁,၀၀ဝ ဦးခန့် ‌နေ့စဉ်ဝင်‌ရောက်

2153
Photo: Nay Naw

‌မေလ ၂၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံ အစိုးရမှ Covid-19 အ‌ရေး‌ပေါ်ကာလကို လာမည့် ဇွန်လ ၃ဝ ရက်‌နေ့ထိ တိုးမြှင့်ထားပြီး ခရီးသွားလာ မှုတွင် ကန့်သတ်ချက်များရှိ‌နေ‌သော်လည်း နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းသ‌ဘောတူညီမှုအရ ‌မေလ ၂၃ ရက်‌နေ့ မှစ၍ ယ‌နေ့အထိ ထိုင်းနိုင်ငံမှ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား တစ်ရက်လျှင် ပျမ်းမျှ လူဦး‌ရေ ၁,၀၀ဝ ဦးခန့် မြဝတီနယ်စပ်မှတဆင့် ပြည်တွင်းသို့ ‌နေ့စဉ် ပြန်လည်ဝင်‌ရောက်လျက်ရှိ‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အတွင်းပိုင်းမှ‌နေ၍ မြဝတီနယ်စပ်ဝင်‌ပေါက် ထိုင်း-မြန်မာ အမှတ် -၂ ချစ်ကြည်‌ရေးတံတားမှတဆင့် ‌မေလ ၂၃ ရက်‌နေ့တွင် လူဦး‌ရေ ၆၀၃ ဦး ၊ ‌မေလ ၂၄ ရက်‌နေ့တွင် ၁,၁၁၈ ဦး နှင့် ယ‌နေ့ ‌မေလ ၂၅ ရက်‌နေ့တွင် ၁,၂၇၄ ဦး စသည်ဖြင့် စုစု‌ပေါင်း ထိုင်းပြန်မြန်မာလုပ်သား ၂,၉၉၅ ဦး ပြည်တွင်းသို့ ပြန်လည်ဝင်‌ရောက်ခဲ့ပြီး ဖြစ် သည်။

ထိုသို့ဝင်‌ရောက်လာသူများကို မြဝတီနယ်စပ် မြန်မာဘက်ခြမ်း BCF ဇုန်တွင် ကျန်းမာ‌ရေးစစ်‌ဆေးမှုများ၊ ကိုယ်‌ရေးအချက်အလက်ရယူခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ‌ရောဂါပိုးရှိမရှိ သိနိုင်ရန် ဓာတ်ခွဲနမူနာများ ရယူခြင်းမျာကို ကျန်းမာ‌ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်း‌ဆောင်ရွက်လျက် ရှိသည်။

Photo: Nay Naw

“ပြန်လာတဲ့ သူတိုင်းကို ဓာတ်ခွဲနမူနာယူပြီး ရန်ကုန်ကျန်းမာ‌ရေးဌာန ဗဟိုဓာတ်ခွဲခန်းကို ပို့‌ဆောင်စစ်‌ဆေးနိုင်ဖို့ ကြိုးစား‌နေပါတယ်။ ဒါ‌ပေမယ့် ပြန်လာတဲ့ သူ‌တွေမှာ သံရုံးအစီအစဉ်ဖြင့် ပြန်လာသူ‌တွေထက် မိမိအစီအစဉ်ဖြင့် ပြန်လာတဲ့သူ ပိုမိုများပြား‌နေပြီး ကျန်းမာ‌ရေးဝန်ထမ်း မလုံ‌လောက်မှု‌ကြောင့် တစ်ချို့ Quarantine စခန်းရှိတဲ့ ပဲခူးတိုင်း၊ မ‌ကွေးတိုင်းအစရှိတဲ့ ပြည်နယ်နှင့်တိုင်းသို့ ပြန်မယ့်သူ‌တွေကို‌တော့ အစိုးရချင်း ချိတ်ဆက်၍ ‌နေရပ်သို့ ကားအစီအစဉ်ဖြင့် ပို့‌ဆောင်‌ပေးပြီး သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းသို့ ‌ရောက်ရှိပြီးမှသာ ဓာတ်ခွဲနမူနာယူ၍ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်‌ဆေး‌စေမှာဖြစ်ပါတယ်။”ဟု မြဝတီခရိုင်အုပ်ချုပ်‌ရေးမှုး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

ကရင်ပြည်နယ်နှင့် အခြား Quarantine စခန်းများအဆင်သင့်မဖြစ်‌သော ပြည်နှင့်တိုင်းသို့ ပြန်မယ့်သူများကို မြဝတီမြို့နှင့် ကရင်ပြည်နယ်အတွင်းရှိ Quarantine စခန်းများတွင် ထားရှိပြီး ၂၁ ရက်အတွင်း ၎င်းတို့၏ ဓာတ်ခွဲနမူနာယူ၍ ရန်ကုန်ကျန်းမာ‌ရေးဌာနသို့ ‌ပေးပို့စစ်‌ဆေးသွားမည်ဖြစ်သလို ‌မေလ ၂၃ ရက်‌နေ့မှစ၍ ပြန်လည်ဝင်‌ရောက်လာသူများကို ဓာတ်ခွဲနမူနာယူ၍ ‌ပေးပို့စစ်‌ဆေးလျက်ရှိရာ ယ‌နေ့ ‌မေလ ၂၅ ရက်‌နေ့ မွန်းလွဲပိုင်းအထိ လူဦး‌ရေ ၇၀ဝ ‌ကျော်ခန့်စီမှ ဓာတ်ခွဲနမူနာ ရယူပြီးစီးခဲ့ပြီးဖြစ်‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။