ကိုဗစ်-၁၉နှင့် လူမှုရေးတရားမျှတမှု
စောအဲလ်ဘတ်ချို (မေလ ၁၅ရက်၊ ၂၀၂၀)
နိဒါန်း
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် လူသားများ၏ ခန္ဓာပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် အလွန်ကြီးမားသောစိန်ခေါ်မှုအဖြစ် တွေ့မြင်ရသည်။ ထို့အပြင် ရောဂါကြောင့် လူမှုရေး တရားမမျှတမှုကို ဖြစ်စေသည်။ အထူးသဖြင့် ဝင်ငွေ အနိမ့်၊ အမြင့် ကွာဟသူများအကြားတွင် စားဝတ်နေရေးအပေါ် ပူပင်သောကမှု မတူနိုင်သလို၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းကြောင့် နောက်ဆက်တွဲ အိမ်တွင်းအကြမ်းဖက်မှုနှင့် ရရာနည်းလမ်းဖြင့် အလုပ်ရှာဖွေခြင်းများ စသည့်အကျိုးဆက် ပြဿနာဖြစ်ပေါ်လာသည်ကို တွေ့ရသည်။
ထို့အပြင် နေရာဒေသ၊ မြို့နယ်၊ ပြည်နယ်နှင့် တိုင်း အလိုက်မတူကွဲပြားမှုအပေါ်အခြေခံပြီး လူမျိုးရေး၊ ဘာသာ ရေး မုန်းတီးမှုများလည်း ဆက်လက်ဖြစ်နေဆဲဟု ဆိုနိုင်သည်။ ယခုလို အချိန်ကာလတွင် အစိုးရလုပ်ငန်းများနှင့်ပတ်သက်၍ ပေါ်လစီရေးဆွဲသူများရှိသလို၊ အရပ်ဖက်လူ့အဖွဲ့အစည်းများကလည်း ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါကူးစက်ခံရသူများနှင့် ကာကွယ်ရေး လုပ်ငန်းများကို ရှေ့တန်းမှာ တိုက်ပွဲဝင်လုပ်ဆောင်နေပြီး ပြည်သူများအနေဖြင့် မိမိတတ်နိုင်သည့်ဘက်မှ လုပ်ဆောင်နိုင်သမျှလုပ်ဆောင်နေသည်ကို နေ့တဓူဝ တွေ့မြင်နေရသည်။
ထို့အတူ တိုင်းရင်းသား လက်နက်ကိုယ်တော်လှန်ရေးအဖွဲ့များ အုပ်ချုပ်နယ်မြေများတွင်လည်း ရောဂါကာကွယ် ရေးလုပ်ငန်းကို အတတ်နိုင်ဆုံးလုပ်ဆောင်နေသော်လည်း တစ်ချို့နေရာများတွင် စစ်ပွဲအသေးစား ဖြစ်ခြင်းနှင့် အခြား ပဋိပက္ခများလည်း ဖြစ်နေပြန်သည်။ ခြုံကြည့်လျှင် လူမှုရေးတရားမမျှတမှုများ ဆက်ဖြစ်နေပြီး တဖက်တွင် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ကို တွေ့ရသည်။
၁) လူမှုရေးရာ မတရားမှုများ
(က) ဘာသာရေးနှင့် နယ်မြေအခြေပြု လူမှုရေးပြဿနာ
အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၏ မေ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ ဓါတ်ခွဲစစ်ဆေးသူပေါင်း ၁၂,၀၆၁ ဦးရှိပြီး၊ စောင့်ကြည့်လူနာမှာ ၃,၉၈၃ ဦး ဖြစ်သည်။ ရောဂါပိုးတွေ့ရှိလူနာ ၁၈၁ ဦးနှင့် ကူးစက်ခံရပြီး ကျန်မာရေးပြန်လည်ကောင်း မွန်လာသူ ၇၉ ဦး ဖြစ်ပြီး သေဆုံးသွားသူ ၆ ဦး ရှိပြီး ဖြစ်သည်။
ရောဂါပိုးတွေ့ရှိလူနာများထဲတွင် အင်းစိန်မြို့နယ်အတွင်းနေထိုင်သူများမှာ အများဆုံးဖြစ်သလို အများစုသည် ကရင် လူမျိုးများနှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများဖြစ်သည်ဟု ကြားသိရသည်။ အထက်တွင် ဆိုခဲ့သလို ကပ်ဆိုးကာလ လူမှုရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ ရိုက်ခတ်မှုများရှိလာသလို နယ်မြေဒေသအပေါ် အမြင်မကြည်မှုများ၊ စိုးရိမ်မှုများ လည်း မြင့်တက်လာသည်ကို တွေ့ရသည်။
(ခ) စားဝတ်နေရေးဆိုင်ရာ ဖြစ်လေ့ရှိသော လူမှုရေးပြဿနာ
ကိုဗစ်-၁၉ ပရိယာယ်သည် အိမ်အတွင်းမှ အိမ်ပြင်မထွက်ရ၊ လူစုလူဝေးရှောင်ရှား၊ အလုပ်မလုပ်ရ စသည့် အခြေအနေမျိုး ဖြစ်ပေါ်လာပြီး အထွေထွေ စီးပွားရေး ကျဆင်းမှုကို ဖြစ်စေခြင်းကြောင့် စားဝတ်နေရေး ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနေရသည့် အမျိုးသမီးတချို့၏ ဘဝများကို ပြောင်းလဲသွားနိုင်ချေရှိလာသည်။ အထူးသဖြင့် ကျေးလက်ဒေသတွင် အလုပ်အကိုင်ရှားပါးပြီး ဆင်းရဲသည့်အတွက် မြို့ပေါ်သို့ လာရောက်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများထဲတွင် အမျိုးသမီးများမှာ လူမှုရေးတရားမျှတမှုမရှိ သည့်အချိန်တွင် ယခုကဲ့သို့ ဖြစ်လေ့ရှိသည်။
နမူနာ အနေဖြင့် ပြောရလျှင် လွန်ခဲ့သည့် ရက်ပိုင်းက ခေတ်သစ်သတင်းဌာနမှ “ကိုဗစ်ဖျက်ဆီးခံရသော ဘဝနွမ်းအချို့…” ဆောင်းပါးခေါင်းစဉ်ဖြင့် ပြည့်တန်ဆာဖြစ်လာသူ ရွှေပြည်သာစက်မှုဇုန် အလုပ်သမားများ အကြောင်းကို ဖတ်လိုက်ရသည်။
ဒုတိယကမာ္ဘစစ် ဖြစ်ပြီး ဂျပန်ဝင်လာသည့်အချိန်၊ စစ်ပြီးဆုံးချိန်နှင့် လွတ်လပ်ရေးရခါစ ပြည်တွင်းစစ် ဖြစ်ပွားချိန် စသည့် စပ်ကြားအချိန်ကာလတွင် ဓါးပြတိုက်မှုများ၊ အစာရေစာငတ်ပြတ်မှု၊ စီးပွားရေးပျက်ကပ်နှင့် ပြည်တွင်း စစ်ပွဲများကြောင့် လူမှုရေးတရားမျှတမှုများပျောက်ဆုံးပြီး ဗမာအမျိုးသမီးများ (မြန်မာဟုအသုံးအနှုန်းမပြောင်းသေးခင်) ပြည့်တန်ဆာဘဝသို့ ရောက်ရှိသွားသူ အမျိုးသမီးများရှိခဲ့သည်။ သူတို့ ထောင်ချခံရပြီးနောက် ကိုယ်တွေ့ အဖြစ်အပျက်များအကြောင်းကို လူထုဦးလှ၏ “စစ်ပြီးစကထောင်တံခါး” စာအုပ်တွင် အထင်းသားဖေါ်ပြထားသည်။ (လူထုဦးလှ၊ ၁၉၆၈)
ရှုထောင့်တစ်ခုအရ အခြားတစ်ဖက်တွင် ကရင်လူမျိုးများကို အချို့က “ကရင်မှာ အစား”ဟု သမုတ်ကြပြီး အဘယ် ကြောင့် “ကရင်မှာအစား”ဆိုသည်ကို မစူးစမ်းဘဲ ကရင်လူမျိုးတိုင်းက အစားအသောက်နှင့် ပတ်သက်လျှင် ဘာမဆို အကုန်စားသည်ဟူ၍ ဖြစ်လာပြန်သည်။ တကယ်တမ်းတွင်မူ လူမှုဗေဒဆိုင်ရာ သုတေသီတစ်ဦး၏ အဆိုအရ ကရင် လူမျိုးများ သမိုင်းတစ်လျှောက် လူမှုရေး တရားမျှတမှု မရှိခြင်းနှင့် အကြောက်တရားများကြောင့် ပြေးရလွှားရနေစဉ် အသက်ရှင်နိုင်ရန် ရွေးစရာမရှိ စားခဲ့ရခြင်း ဖြစ်ခဲ့ရာမှ “ကရင်မှာအစား”ဟု ဆိုသည်သဘော ဖြစ်လာခြင်းဟု ဆိုသည်။ ဆိုလိုသည်ကား လူမှုရေးတရာမျှတမှုမရှိသောအချိန် အခါသမယတွင် ခေတ်သစ်သတင်းဌာနဖေါ်ပြသော ဖြစ်ရပ်မျိုးနှင့် လူထုဦးလှ ရေးခဲ့သည့် အရာများနှင့် အခြားအခြားသော ပြဿနာပေါင်းစုံတို့ ဖြစ်ပွားနေမည့် သဘောရှိသည်။
(ဂ) စိတ်ပိုင်းဆိုင်ရာ လူမှုရေးပြဿနာ
အိမ်ထဲတွင်သာနေရသည့် နောက်ဆက်တွဲပြဿနာသည် စိတ်ပိုင်း ဆိုင်ရာထိခို်က်ခြင်းဖြစ်သည်။ ကိုဗစ်နိုင်တင်းကို ကမ္ဘာ့ကပ်ရောဂါဟု WHO က မတ် ၁၂ ရက်တွင် ကြေညာလိုုက်ချိန်တွင် လူပေါင်း ၂၀,ဝဝဝ ခန့် ကူးစက်ခံရပြီး ဖြစ်သလို အဆိုပါ ဗိုင်းရပ်စ်ကြောင့် ၁,ဝဝ နီးပါး သေဆုံးနေပြီး ဖြစ်သည်။ ထိုနောက်ပိုင်း နယူးယောက်ခ်တိုင်း သတင်းစာက ကိုဗစ်-၁၉ အကြပ်အတည်းကြောင့် အိမ်တွင်းအကြမ်းဖက်မှုများ ကမာ္ဘအရပ်ရပ်တွင် ဖြစ်ပေါ်လာသည်ဟု စာရေးဆရာမ Amanda Tuab က ရေးသားဖေါ်ပြခဲ့သည်။
ဥပမာ- ဘော်စတွန်တက္ကသိုလ်မှ လူမှုဗေဒလေ့လာသူ Marianne Hester က အိမ်တွင်းအကြမ်းဖက်မှုသည် မိသားစုများ အတူပြန်ဆုံချိန် ခရစ္စမတ်လိုကာလမျိုးနှင့် အားလပ်ရက်ခရီးထွက်သည့် အချိန်မျိုးတွင် ပို၍အဖြစ်များသည်ဟု တွေ့ရှိထား သည်။ ကမာ္ဘ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဖြစ်သူ António Guterres က သူ၏ အင်တာနက် လူမှုကွန်ရက်တွစ် တာစာမျက်နှာတွင် “ကိုဗစ်-၁၉ ကို တွန်းလှန်ရာ နိုင်ငံတိုင်းရှိ အစိုးရတိုင်းက အမျိုးသမီးအားလုံး အိမ်တွင်းလုံခြုံစွာ နေနိုင်ဖို့ အရေး ဦးစားပေးလုပ်ဆောင်ရန်” ဧပြီ ၆ ရက်နေ့တွင် တိုက်တွန်းထားသည်။ ထိုအချင်းအရာကိုကြည့်ခြင်းအားဖြင့် အိမ် တွင်းအကြမ်းမှုများ ဖြစ်ပွားခြင်းသည် မိသားစုအတွင်းအတူ နေထိုင်မှုများလာသောအခါ ပိုမို၍တွေ့ရကြောင်း သက်သေထူနေသည်။
(ဃ) တိုင်းရင်းသားနှင့် မြန်မာတပ်မတော်ကြား လူမှုရေးပြဿနာ
မြန်မာပြည်တွင် တရားဥပဒေစိုးမိုးမှုသည် လက်ရှိ အောက်ခြေလူတန်းစားအများစုနှင့် အလတ်တန်းစားပင်လျှင် တန်းတူညီမျှစွာ မခံစားရသေးသောအချိန်၊ ပြည်တွင်းစစ်သည်လည်း အတောမသတ်ရသေးချိန်အတွင်းမှာပင် ယခုလို ကာလဝိပတ္တိ ဆိုက်ရောက်နေခြင်းကြောင့် တကယ်အခက်ခဲဆုံးအခြေအနေပင် ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂက မတ် ၂၃ ရက်နေ့တွင် ကမာ္ဘတစ်ဝန်းလုံးအပစ်အခတ် ရပ်စဲရန်တိုက်တွန်း ပြောဆိုခဲ့ပြီး တကယ့်ကို ရင်ဆိုင် တိုက်ပွဲဝင်ရ မည် ့ကပ်ရောဂါကိုဘဲ အာရုံစိုက်ရန် ပြောကြားခဲ့သည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါသည် လူနှင့်ဗိုင်းရပ်စ်ပိုးအကြား ဆင်နွှဲနေရသောစစ်ပွဲဟု ဆိုနိုင်သည်။ စစ်ပွဲဟုဆိုရာတွင် မြန်မာ့တပ်မတော်နှင့် လူမျိုးစုလက်နက်ကိုင်တော်လှန်သူများကြား သေနတ်ပစ်၊ ရွာများကိုမီးရှို့ခြင်း စသည်တို့ကို ဆိုလိုရင်းမဟုတ်။ ဤစစ်ပွဲသည် လူသားတစ်ရပ်လုံးနှင့် ဗိုင်းရပ်စ်ကြား အနိုင်အရှုံးပေါ်အောင် ဆင်နွှဲရသည့် စစ်ဖြစ်ခြင်း ကြောင့် အစိုးရ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘက်ပေါင်းစုံကပညာရှင်များနှင့် ပြည်သူလူထုအားလုံး လက်တွဲကာ ဘုံရန်သူ ကိုဗစ်-၁၉ ကို အမြစ်ဖြုတ်ရမည် ဖြစ်သည်။
ထိုအချင်းအရာများကိုခြုံကြည့်လျှင် ကိုဗစ်-၁၉ သည် အလွန်ပရိယာယ် မာယာများပြီး လူသားအားလုံးကို ကူးစက် နိုင်ရုံ သာမက စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကိုဖြစ်ပေါ်စေပြီး လူမှုရေးတရားမျှတမှု ပပျောက်အောင်အထိ အလွန်ဆိုးရွားသော သေမင်းတမန်ကပ်ရောဂါအမျိုးအစားဖြစ်သည်။ သို့သော် တစ်ဖက်မှလည်း လူမှုရေး တရားမျှတမှုကြီး ဖြစ်လာအောင် မူဝါဒဆိုင်ရာချမှတ်ခြင်းဖြင့် ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်၍ရနိုင်သည့် အခွင့်အရေးရှိပါသည်။ ခက်ခဲသော အချိန် တွင် အထက်ကဆိုခဲ့သလို မူဝါဒချမှတ် အကောင်အထည်ဖော်ပြီးဆောင်ရွက်မှသာ အနိုင်ယူရမည့် စစ်ပွဲမျိုးဖြစ်ပြီး အနာ ဂတ် လူသားတစ်ရပ်လုံး ဘဝများကိုပင် အကျိုးအမြတ်များ ဖြစ်ထွန်းစေနိုင်သည်။ အထူးသဖြင့် မူဝါဒရေးရာ အားနည်းသော နိုင်ငံများပင်လျှင် အကျိုးအမြတ်ဖြစ်စေနိုင်သည်။
၂) လူမှုရေး တရားမျှတမှုရှိအောင် မည်ကဲ့သို့ ဆောင်ရွက်မည်နည်း
ပထမဦးဆုံး ကိုဗစ်-၁၉ နှင့် ပတ်သက်၍ အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို အမြဲတစေ ဖတ်ရှုလေ့လာသင့်ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်သော သုတေသနအရ ပြည်သူလူထု၏ ကပ်ရောဂါပိုးနှင့်ပတ်၍ ဗဟုသုတမည်မျှရှိသနည်းကိုပင်ခန့်မှန်း၍ ရနိုင်သည့်အပြင် မိမိတို့ ပတ်ဝန်းကျင်တွင် လက်လှမ်း မှီသလောက် မိသားစုကိုသော်လည်းကောင်း၊ နီးစပ်ရာမိတ်ဆွေသူငယ်ချင်းနှင့် အနီးရှိ အချို့သူများကိုလည်း ကူညီပေးနိုင် ပါသည်။ အထူးသဖြင့် ဖေါ်ပြပါလင့်ခ်များတွင် ဝင်ရောက် ကြည့်ရှုကာ အခြေအနေကို သုံးသပ်သင့်ပါသည်။ (ဆောင်းပါး အဆုံးတွင် လင့်ခ်ဖော်ပြထားသည်)
ဤကပ်ဆိုးကြီးကြောင့် တစ်နိုင်ငံလုံးအတွက် လူမှုရေးဆိုင်ရာ ပြဿနာပေါင်းစုံ ဖြစ်ပေါ်လာနိုင်သော စိန်ခေါ်မှုကြီး ဖြစ်ပေါ် နိုင်ပါသည်။ အထူးသဖြင့် လတ်တလောဖြစ်နေသော ဘာသာရေးဆိုင်ရာ အသုံးအနှုန်းများကြောင့် အများစုက ဘာသာ ရေးပဋိပက္ခဖြစ်မှာကို စိုးရိမ်သူများရှိနေသလို တဖက်တွင် လူမှုရေး တရားမျှတမှုဖြစ်စေရန် စစ်မှန်သော တရားရေး စနစ်တစ်ခု ပေါ်ပေါက်ရန် ဆန္ဒရှိသူလည်း ရှိပါသည်။ စင်စစ် ဘာသာရေးသည် ထိလွယ်ရှလွယ်သော အရာဖြစ်သလို မတူကွဲပြားသော ဘာသာများကြား လိုက်လျောညီထွေစွာ ရှင်သန်ခြင်းသည် လူသားစက်ဝန်းထဲမှာ အလှတရားတစ်ပါး ဖြစ်ပေသည်။
နိုင်ငံတကာတွင် ဖြစ်ပေါ်နေသောအိမ်တွင်းအကြမ်းဖက်မှုကိစ္စအပေါ် အရေးပေါ်ဖုန်းနံပါတ်ကို ဆက်သွယ်ကာ ပြဿနာကို အစိုးရက တာဝန်ယူဖြေရှင်းပေးလေ့ရှိပါသည်။ မြန်မာပြည်မှာမူ ကျား၊ မ ရေးရာပြဿနာ ဖြစ်ပါက အများစုသည် မိမိဖာသာ သိုသိုသိပ်သိပ်နေခြင်းဖြင့် ဖုံးကွယ်တတ်လေ့ရှိသည်။ ထိုအချင်းအရာသည်လည်း ကောင်းသော အရာမဟုတ်သလို အိမ်တွင်းအကြမ်းဖက်မှုကို လျော့ကျစေသောနည်းလမ်းမဟုတ်ပေ။
ထို့အပြင် အိမ်တွင်းမတရားမှုကို အားပေးရာရောက်ပါသည်။ စားဝတ်နေရေးကြပ်တည်းမှုကြောင့် အသွေးအသား ရောင်းစားပြီး ဝမ်းစာရှာသူအတွက် တရားမျှတမှုပေးနိုင်သော ဥပဒေတရပ်လိုအပ်သလို အကယ်၍ ထိုအချင်းအရာသည် မဖြစ်အပ်သောအရာဟု သတ်မှတ်ပါက မိမိအသွေးသားကိုရောင်းစားပြီးမှ ဝမ်းရေး ပြဿနာ ဖြေရှင်းနေရသူများအား ကူညီနိုင်မည့်နည်းလမ်းများကို အစိုးရနှင့်ပြည်သူပူးပေါင်းကာ အနုနည်းလမ်းများဖြင့် ဖြေရှင်းရန်လိုသည်။
ကိုဗစ်-၁၉ ကြောင့် အိမ်တွင်းမှ အိမ်ပြန်မထွက်ရန် အစိုးရ၏ ပန်ကြားချက်နှင့်အတူ မိမိကိုယ်၌ ရောဂါကူးစက်မှု ကြောက် စိတ်ကလည်း အိမ်ထဲမှာနေခြင်းသည် အန္တရာယ်ကင်းသော အရာဖြစ်သည်။ သို့သော် သုတေသန လေ့လာတွေ့ရှိ ချက်အရ အတူနေများခြင်းသည် အချိန်ကာလတစ်ခုအပေါ်တွင် ကောင်းမွန်သော်လည်း တချို့အချိန်တွင် မကောင်းပေ။ အထူးသဖြင့် အလုပ်မဲ့၊ အကိုင်မဲ့ မျှော်လင့်ချက်မဲ့ နေချိန်မျိုးတွင် အတူတူအချိန် ကြာကြာနေရသည့်အခါ အဆင်မပြေ ဖြစ်တတ်သည့် သဘောရှိသည်။ ထိုကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကုသဖို့ရန် ဘာသာရေး၊ လူမှုရေးအဖွဲ့ အစည်းနှင့် ကျန်းမာရေးဌာနမှ သော်လည်းကောင်း Counselors များဖြင့် တွေ့ဆုံကာ မိမိစိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြေလျော့ပျောက်ကင်း စေနိုင်ပါသည်။
နိဂုံး
လူမှုရေးတရားမျှတမှု (Social Justice) ၏ ဦးတည်ရာလမ်းကြောင်းသည် ပြေပြစ်မှုမရှိသော လူ့စက်ဝန်းထဲရှိ အုပ်ချုပ် သူအဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေးဆိုင်ရာ အစုအဖွဲ့များနှင့် တစ်ဦးချင်းစီ၏ ကွာဟပျက်ပြားလာသော ဆက်ဆံ ရေးအခြေအနေပေါ် လိုအပ်နေသော တရားမျှတမှုကို လူ့အသိုင်းအဝန်းတွင် ပြန်လည် အပြည့်အဝရရှိရန် ဆောင်ရွက်ရ သည့် အရာဖြစ်သည်။ လူမှုရေးတရားမျှတမှု သဘောသည် လူသားတိုင်း မိမိတို့၏ စိတ်ဆန္ဒအလျောက် တန်ဖိုးထား တတ်သော လွတ်လပ်မှုသည်လည်း အခြားသူများအပေါ်သို့ ထိခိုက်နစ်နာမှု မဖြစ်စေဘဲ သာတူညီမျှမှု သဘောသာဖြစ်ရပေမည်။
လူမှုရေးတရားမျှတမှုသည် မိမိသာလျှင် အောင်မြင်ရမည်ဟူသော မိမိ (I) အစား (We) ကို အစားထိုးရမည့် အခြေအနေဖြစ်သည်။ လူမှုရေးတရားမျှတမှုသည် တစ်ကိုယ်ကောင်းဆန်သော အယူအဆ၏ ဆန့်ကျင်ဖက် ဖြစ်သည်။ ယနေ့ ကမာ္ဘပေါ်မှာ အောင်မြင်သော နိုင်ငံနှင့် လူ့အဖွဲ့အစည်းများသည်လည်း မိမိအကျိုး တစ်ဦး တစ်ယောက်အ ကျိုးထက် အများအကျိုးကို အရေးပေးကာ လူမှုရေးတရားမျှတမှု လက်တွေ့လုပ်ဆောင် နေခြင်းကြောင့် အောင်မြင်နေ ရခြင်းဖြစ်သည်။
အထင်ရှားဆုံး ဥပမာတစ်ခုအနေဖြင့် ကိုဗစ်-၁၉ စတင်ဖြစ်ခါစ အချိန်များတွင် Panic Buying (ထိန်းမရ သိမ်းမရ အစား အသောက်များကို အလုအယက်ဝယ်ယူစုဆောင်းခြင်း)သည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများတွင် တွေ့ရသည်။ အမေရိကန်နိုင်ငံမှာပင် ရေအိမ်သုံးစက္ကူအလုအယက် ဝယ်ယူသဖြင့် ဆိုင်ထဲတွင် ဈေးဝယ်သူအချင်းချင်း အချင်းများမှုဖြစ်ခဲ့သလို ခဏအတွင်း ပစ္စည်းပြတ်တောက်သွားသောကြောင့် အခြားသူများပစ္စည်းဝယ်မရဘဲ ဒုက္ခရောက်ရသည်။
ဆိုလိုသည်မှာ လူမှုတရားမျှတမှုသည် လူဟာလူဖြစ်သည့်အားလျော်စွာ ပုံမှန်အချိန်တွင် မသိသာသော်လည်း ယခုလို ခေတ်ဆိုး၊ ခေတ်ပျက်ချိန်တွင် လူသားဆန်စွာ ပြုမှုနေထိုင်ခြင်းသည်သာ လူ့တန်ဘိုးပင်ဖြစ်သည်။ အများအတွက် မစဉ်းစားဘဲ မိမိတစ်ဦးတည်းအကျိုးသာကြည့်လျှင် နောက်ဆက်တွဲပြဿနာများသည် မိမိထံသို့ ဦးလှည့်လာနိုင် စရာအကြောင်း ရှိသည်။ သို့ပါ၍ တန်းတူညီမျှမှုသည် လူမှုရေးတရားမျှတမှု၏ အဓိက ဆိုလိုရင်းသော့ချက်ဖြစ်သည်။
လူမှုရေးတရားမျှတမှု အယူအဆသည် “ လူတိုင်းသည် ၎င်းတို့နိုင်ငံနှင့်ဆိုင်သော ဥပဒေရေးရာ၊ နိုင်ငံရေး၊ စီးပွားရေး၊ အခြားအခြေအနေများ မည်သို့ပင်ရှိစေကာမူ ထိုနိုင်ငံအတွင်းရှိ မည်သူမဆို စည်းစိမ်ချမ်းသာမှု၊ ကျန်းမာရေး၊ သုခချမ်း သာ၊ တရားမျှတမှုများ တန်းတူညီမျှ ရရှိရမည်ဖြစ်သည်။” ဆိုလိုသည်က နိုင်ငံအတွင်းမှာ လူမျိုးစု အခြေပြု သတ်မှတ် ချက်နှင့် နိုင်ငံသားဆိုင်ရာ သတ်မှတ်များသည် ဥပဒေအရ မည်သို့ပင်ရှိစေကာမူ နိုင်ငံတစ်နိုင်ငံအတွင်း ရှိနေသောမည် သူမဆို တန်းတူညီမျှ ဆက်ဆံခွင့် ရရှိရမည့် သဘောပင်ဖြစ်သည်။ လူမှုရေးတရားမျှမှု၏ မသက်ဆိုင်သောအရာများမှာ ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုနှင့် ဥပဒေအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ အနိုင်ကျင့်မှုများဖြစ်သည်။ ထိုအရာများသည် လူမှုရေးတရားမျှတမှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
သို့ပါသောကြောင့် လူမှုရေးတရားမျှတမှုဖြစ်ပေါ်စေရန် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်နေသည့် ကာလအတွင်း ဖြစ်ပွားလေ့ ရှာသော လူမှုရေးမတရားမှုကို အစိုးရ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုအပေါင်း အတူလက်တွဲပြီး လူမှုရေးတရားမျှတမှုရှိလာအောင် ကိုယ်စီအသိတရားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကာ ကိုဗစ်အလွန် တောက်ပသောအနာဂတ်ဖြစ်ပေါ်လာရန် ဆန္ဒပြုလိုပါသည်။
စောအဲလ်ဘတ်ချို
Facebook ဖြင့် https://www.facebook.com/MinistryOfHealthAndSportsMyanmar
Website
https://mohs.gov.mm/Main/content/publication/2019-ncov