Home သတင်း အပြင်ထွက်ချိန် Mask မတပ်ဆင်ဘဲတွေ့ရှိပါက အရေးယူမည်ဟု ဖားအံမြို့နယ် ထွေအုပ်ထုတ်ပြန်

အပြင်ထွက်ချိန် Mask မတပ်ဆင်ဘဲတွေ့ရှိပါက အရေးယူမည်ဟု ဖားအံမြို့နယ် ထွေအုပ်ထုတ်ပြန်

1653

မေလ ၂၅ ရက်၊ ၂၀၂၀ ပြည့်နှစ်။ နန်းဝေဖြိုးဇာ

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသည်ကို တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယနေ့ (မေလ ၂၅ရက်) ရက်စွဲနှင့် ထုတ်ပြန်လိုက်သည်။

Covid -19 ရောဂါကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ပြည်သူများအနေဖြင့် လိုက်နာမှုအားနည်းနေသေးသည့်အတွက် ပြည်နယ်အစိုးရလမ်း ညွှန်ချက်များနှင့်အညီ မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များက ယခုလိုအသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဖားအံမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်စိုးက ပြောသည်။

၎င်းက“ လက်ရှိမှာ ဖားအံမြို့နယ်ထဲက ပြည်သူတွေ အနေနဲ့က Mask တပ်တဲ့သူတွေရှိတယ်။ သို့သော် မတပ် တဲ့သူတွေများတယ်။ Covid က Mask တပ်မယ်။ လက်ဆေးရမယ်ပေါ့။ အဲဒီတော့အပြင်ထွက်ရင် နှာခေါင်း စည်းတပ်ဖို့နဲ့မလိုက်နာလို့ရှိရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်ဆို့တဲ့ဟာကို ပြည်နယ်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့ဆိုပြီး စာထွက်လာတယ်။ အဲဒီကနေ ကျနော်တို့က ရပ်ကျေးတွေကို ထပ်ဆင့် အကြောင်းကြားတာဖြစ်ပါတယ်” ဟုပြောသည်။

အဆိုပါအသိပေးအကြောင်းကြားစာများကို ဖားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသိပေးအကြောင်းကြားစာများ အသီးသီးပေးပို့ထားပြီးဖြစ်သလို မေလ ၂၆ ရက်နေ့မှစတင်ကာ အဓိက လူသွားလူလာများပြားသည့် ယာယီပျံကျဈေးစသည့် နေရာများတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ကား၊ ဆိုင် ကယ်ဖြင့်သွားလာနေသူများကို ကျန်းမာရေးအသိပညာပေးခြင်း၊ Mask ဝေခြင်းများပြုလုပ်သွား မည်ဖြစ်သည်။

“ အဲဒါမျိုးတွေလုပ်သွားမယ် ။ အဆင့်ဆင့်သွားပြီး ပြည်သူတွေက လိုက်နာမှုမရှိဘဲ ဒီအတိုင်းပဲ ဆက်သွား ရင်တော့ ကျနော်တို့က အဆင့်ဆင့်သွားပြီး နောက်ဆုံးမှာ ကူးစက်ရောဂါဥပဒေအရ သက်ဆိုင်ရာဌာနက အရေးယူဆောင်ရွက်သွားမယ်ပေါ့”ဟု ဖားအံမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်စိုးက ဆက်လက်ပြောဆိုသည်။

ကရင်ပြည်နယ်တွင် Covid ရောဂါပိုးအတည်ပြုလူနာ ၂ဦးတွေ့ရှိပြီး ဖားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ထားရှိကာ ကျန်းမာရေး စောင့်ကြည့် ကုသမှုများ ဆောင်ရွက်လျက်ရှိသည်။ ကရင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက်မှု ဆက်လက် မရှိစေရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပြည်သူများ လိုက်နာရေး ယခုလို ဆောင်ရွက်ခြင်းလည်းဖြစ် သည်ဟု ဖားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။