မေလ ၁ ရက်၊ ၂၀၂၀ ပြည့်နှစ်။ နေနော်
ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ယ နေ့ (မေလ ၁ ရက်) နံနက်ပိုင်းမှ စတင်၍ ထိုင်းပြန်မြန်မာလုပ်သားများ ဝင်ရောက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီအချိန်ထိ စာရင်းအရ လူဦးရေ ၆၀ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယနေ့ မြဝတီ အမှတ် ၂ တံတားမှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူ အများစုမှာ ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲ ဆောက်မြို့နှင့် အနီးဝန်းကျင်ရှိ စက်ရုံအလုပ်ရုံ၊ စိုက်ပျိုးရေးနှင့် စာသောက်ဆိုင်များတွင် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်ကြသည်ဟု တာဝန်ရှိသူများက ပြောသည်။
“ဒီနေ့ ပြန်လာသူတွေထဲမှာ ပဲခူးတိုင်းက ၃၄ ဦး၊ စစ်ကိုင်းတိုင်းက ၁ ဦး၊ နေပြည်တော်က ၂ ဦး၊ ဧရာဝတီတိုင်း က ၂ ဦး၊ မွန်ပြည်နယ်က ၁၀ ဦး၊ ကရင်ပြည်နယ်က ၁၁ ဖြစ်ပါတယ်။ ကရင်ပြည်နယ်က ၁၁ ဦးအနက် ၃ ဦးမှာ မွေးကင်းစက လေးမိခင်များ ပါလာ၍ မြဝတီဆေးရုံမှာထားပြီး ကျန် ၈ ဦးကို မြဝတီ MoU စောင့်ကြည့်ရေးစခန်း ကို ပို့ဆောင်ထားပါတယ်။”ဟု မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောသည်။
၎င်းအပြင် ပဲခူးတိုင်းသို့ ပြန်မည့် သူများကို နေရပ်သို့ ကားဖြင့်ပို့ဆောင်ခဲ့ပြီး ကရင်ပြည်နယ်အပါအဝင် ကျန်သည့် တိုင်းနှင့်ပြည်နယ်သို့ ပြန်မည့်သူများကိုလည်း မြဝတီမြို့တွင် ပြင်ဆင်ထားသော Quarantine Center (၁၀)ခု နှင့် ကရင်ပြည်နယ်ရှိ Quarantine Center နေရာများတွင် ထားရှိသွားမည်ဟု တာဝန်ရှိသူများက ပြောသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများကို မြဝတီ အမှတ် ၂ တံတား မြန်မာဘက်ခြမ်း (BCF) ဇုန်တွင် ကျန်းမာရေး စစ်ဆေးခြင်းများ၊ ကိုယ်ရေးအကျဉ်း မှတ်တမ်းယူခြင်းများနှင့် ၎င်းတို့ပြန်မည့် ပြည်နယ်နှင့် တိုင်းအလိုက်ခွဲ၍ မော် တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခြင်းများ အစရှိသည့် လုပ်ငန်းစဉ်များကို မြဝတီမြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဖားအံမြို့မှ လာရောက်လုပ် အားပေးကြသည့် စေတနာ့ဝန် ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ မေလ ၁ ရက်နေ့အထိ စာရင်းအရ ထိုင်းနိုင်ငံဒေသအသီးသီးမှ မြန်မာနိုင်ငံသို့ ပြန်လိုသည့် မြန်မာရွှေ့ ပြောင်းလုပ်သား ၂၀,၀၀၀ နီးပါး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် စာရင်းပေးသွင်းထားသည်ဟု သိရသည်။
ယခုအခါ ထိုင်းနိုင်ငံတွင် Covid-19 အရေးပေါ်ကာလကို မေလ ၃၁ ရက်နေ့ထိ သတ်မှတ်ထားပြီး ညမထွက်ရ အမိန့်အပါအဝင် ခရိုင်တစ်ခုနှင့်တစ်ခု အကြောင်းမရှိဘဲ ကူးလူးသွားလာမှု ခွင့်မပြုခြင်း အစရှိသည့် ကန့်သတ် ချက် ၄ ချက်ကို ထုတ်ပြန်ထား၍ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် ထိုင်းရောက်မြန်မာလုပ်သားများအနေဖြင့် အခက်အခဲရှိနေသည်ဟု သိရသည်။
ထို့ကြောင့် ၎င်းတို့ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရချင်း ဆွေးနွေးလျက် ရှိရာ ထိုသို့ ညှိနှိုင်းဆွေးနွေးမှုနှင့်ပတ်သက်၍ ရလဒ်ကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ သတင်းထုတ်ပြန်ပေးမည် ဟု ဆိုသော်လည်း ယနေ့အချိန်ထိတော့ ထပ်မံသတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယနေ့ ပြန်လာသူများထဲတွင် ထိုင်းနိုင်ငံရှိ အချုပ်ထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံရပြီး ပြန်လည်လွတ်မြောက် လာသူ ၅၁ ဦးကိုလည်း ထိုင်းဘက်ခြမ်းမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းရာ လွှဲပြောင်းခြင်းလုပ်ငန်းစဉ်အရ လိုအပ်ချက်များရှိနေ၍ မြန်မာဘက်ခြမ်းမှ လက်မခံ သဖြင့် ထိုင်းဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။