Home တွေ့ဆုံမေးမြန်းခန်း Covid-19 ကူးစက်ခံခဲ့ရသူ နှင့် ဆက်သွယ်မေးမြန်းခြင်း

Covid-19 ကူးစက်ခံခဲ့ရသူ နှင့် ဆက်သွယ်မေးမြန်းခြင်း

1660
Photo: Mu Mu HtweေFB

Covid-19 ကူးစက်ခံခဲ့ရသူ နှင့် ဆက်သွယ်မေးမြန်းခြင်း

လက်ရှိ ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေ ဆုံးမှု အများဆုံးနိုင်ငံ ဖြစ်နေပြီး အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် ကရင်လူမျိုးအချို့လည်း ရောဂါကူးစက်ဖြစ်ပွားမှု ရှိနေပါသည်။ ထိုအထဲကမှ ဝါရှင်တန်ပြည်နယ်၊ ခန်းနဝေ့မြို့တွင် ရောက်ရှိ နေထိုင်သည့် ကရင်မိသားစုလေးတစ်စုတွင်လည်း COVID-19 ရောဂါကူးစက်ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ ကေအိုင်စီသတင်းထောက် စောရှားက ယနေ့(ဧပြီ ၂၈ ရက်)တွင် ဆက်သွယ်မေးမြန်းထားသည်။

– ဒီရောဂါက ဟှာ.မူး(အဒေါ်)တို့ကို ဘယ်အချိန်က ဘယ်လိုကူးစက်လာတာလဲ။ ဘယ်လို ဝေဒနာတွေ ခံစား လာရလဲ။
-အဒေါ်(နန်းမူမူထွေး-အသက် ၅၁ နှစ်)က ဒီမြို့ရဲ့ သက်ကြီးရွယ်အို အဘိုးအဘွား ကူညီစောင့်ရှောက်ရေး လုပ်ငန်းမှာ အလုပ်လုပ်ကိုင်ပါတယ်။ အဲဒီ လုပ်ငန်းမှာလုပ်နေတဲ့ အလုပ်သမားတစ်ယောက်ကနေတဆင့် သက်ကြီးအဘိုးအဘွားတွေကို ကူးတယ်။ သက်ကြီးဘိုးဘွားတွေကနေတဆင့် ဒီရောဂါက ကျမဆီကို ကူး လာပါတယ်။

စစချင်း ကူးစက်မှန်းတောင် မသိသေးဘူး။ တစ်ရက်နှစ်ရက်အကြာတော့ ကိုယ်ပူတယ်။ တ ဟွတ်ဟွတ်ဆိုးလာတယ်။ အအေးမိသလိုဖြစ်ပြီး ချမ်းလာတယ်။ ကိုယ်တွေလည်း ကိုက်ခဲလာလို့ ဆေး သောက်တော့ သက်သာလာသလိုဖြစ်ပေမယ့် တစ်နေ့ကို ၁ ခါ ၂ ခါအထိ အဲလိုဝေဒနာတွေက ဖြစ်လာတယ်။ အရမ်းအဆိုးကြီးတော့လည်း မဟုတ်ဘူးပေါ့။ နေနိုင် စားနိုင်သေးတယ်ပေါ့။ အဲလိုနဲ့ပဲ ဆေးခန်းကိုသွားပြ ကြည့်ပြီး စစ်ဆေးကြည့်တော့ နောက်ထပ် ၂ ရက်အကြာ (မတ်လ ၂၃ ရက်)မှာ ရောဂါပေါ်လာတယ်။

မိသား စုဝင် ၇ ယောက်ရှိတဲ့အထဲက အိမ်မှာ ၃ ယောက်နေတယ်လေ။ ကျန်သားသမီးအကြီး ၄ ယောက်က တခြားမြို့ တွေမှာ နေနေကြတယ်။ ရောဂါပေါ်လာပြီးတပြိုင်တည်း ကျမအမျိုးသား စောလူပျို(အသက် ၅၄ နှစ်)ကို စစ်ကြည့်တော့ သူလည်း ကျမကနေတဆင့် ကူးစက်ခံလိုက်ရတယ်။ ကျမသားအငယ်ဆုံး စောအယ် ကော်ထူး (အသက် ၁၂ နှစ်ခွဲ)မှာတော့ ရောဂါပိုး မတွေ့ပါဘူး။ ဒီရောဂါက တုပ်ကွေးနဲ့တော်တော်တူတယ်။

-ကူးစက်ခံလိုက်ရမှန်း သိပြီးနောက်ပိုင်း ဘယ်အချိန်မှာ ဘယ်လိုလုပ်ပြီး ပြန်သက်သာပျောက်ကင်းသွားတာလဲ။
-ဆရာဝန်ပေးတဲ့ဆေးကို ပုံမှန် ရက်ဆက်သောက်တယ်။ ဥပမာ ချောင်းဆိုးပျောက်ဆေး၊ ကိုယ်ပူ၊ အကိုက် အခဲ၊ အအေးမိပျောက်ဆေးတွေကိုသောက်တယ်။ ကိုယ်ခံအားကောင်းအောင် ကောင်းကောင်းအိပ်၊ ကောင်း ကောင်းစား။ နောက်ပြီး မိသားစုဝင်တွေက တစ်ယောက်တစ်ခန်းစီ ခွဲနေကြတယ်။ အခန်းတိုင်းမှာ စားသောက် စရာတွေ အသင့်ထားရှိထားတယ်။ အဲလိုရှိရင် ဖုန်းနဲ့ပဲ ဆက်သွယ်ကြတယ်။ အိမ်သန့်ရှင်းရေးကို ပိုးသတ် ဆေးအသုံးပြုပြီး တစ်နေ့ ၁ ခါ ၂ ခါအထိ စနစ်တကျ လုပ်ရတယ်။ ဆရာဝန်ညွန်ကြားတဲ့အတိုင်း စည်းကမ်း တကျ လိုက်နာပြီး နောက်ပိုင်း ကျမနဲ့ ကျမအမျိုးသားက ဧပြီလ ၁၅ ရက်နေ့ လောက်မှာ ပြန်သက်သာ လာခဲ့ကြပါတယ်။

နှစ်ယောက်လုံး ခုဏကပြောတဲ့ ရောဂါလက္ခဏာတွေ ခံစားရတာ တစ်ခုမှ မရှိတော့တဲ့အတွက် သက် သာ ပျောက်ကင်းသွားပြီလို့ ဆရာဝန်က ပြောခဲ့ပါတယ်။ အဲဒါနဲ့ပဲ ဧပြီလ ၂၁ ရက်နေ့ကစပြီး ကျမတို့ ၂ ယောက်လုံး လုပ်ငန်းခွင်ထဲ ပြန်ဝင်နိုင်ခဲ့ပါတယ်။ ကျမအမျိုးသားက ဒီမြို့ရဲ့ Supermarket တစ်ခုမှာ ဝန်ထမ်းလုပ်နေပါတယ်။ ရောဂါကြားမှာ အလုပ်လုပ်ရတာမို့ အဒေါ် အလုပ်ထဲကို ပြန်ဝင်တာ လူတော် တော်များများက စိုးရိမ်ပေးကြပါ တယ်။ ဒါပေမယ့် အလုပ်ဆိုတော့လည်း မတတ်နိုင်ဘူးလေ ဒီလိုပဲ သတိဝိရိယနဲ့ သွားလာလုပ်ကိုင်နေရတာ ပေါ့။

– အမေရိကန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ အဒေါ်တို့အပြင် အခြား ကရင်တိုင်းရင်းသားတွေရော ရောဂါကူးစက်မှု အခြေအနေက ဘယ်လိုကြားထားလဲခင်ဗျ။
– အမေရိကန်က ကရင်တွေ တော်တော်များများ ရောဂါကူးစက်ခံရတယ်။ သူများပြောတာလည်း ကြားသလို ကိုယ်ကိုယ်တိုင်လည်း ရောဂါဖြစ်တယ်လို့ သိတာနဲ့ နီးစပ်ရာ ခင်မင်ရာကို လိုက်မေးကြည့်ပြီး သိခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ အမျိုးသမီးဆို အခြားရောဂါအခံလည်းရှိထားတော့ အခုဆို အရေးပေါ်အခန်းမှာ အသက်အာမခံက မသေချာဘူး။ ဆုံးရင်လည်း ဆုံးနိုင်တယ်။

-ဒီရောဂါနဲ့ ပတ်သက်ပြီး အခြားသူတွေကို ဘယ်လို တိုက်တွန်းအကြံပေးစကားပြောချင်လဲခင်ဗျ။
-ဒီရောဂါ မကူးစက်ခံရသေးတဲ့ လူတွေကို အဓိကပြောချင်တာက အစိုးရနဲ့သက်ဆိုင်ရာ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်တွေကို ဂရုတစိုက်လိုက်နာပေးကြပါ။ နိုင်ငံခြားက ပြန်လာတဲ့လူတွေလည်း ၁၄ ရက် ဖြစ်ဖြစ်၊ ၂၁ ရက်ဖြစ်ဖြစ် စောင့်ကြည့်ခံပေးကြပါ။ သတိဝိရိယနဲ့ သွားလာကြပါ။ Mask တပ်၊ အဓိက လက်ဆေးပေါ့။ မြန်မာနိုင်ငံကိုတော့ တော်တော်များများက ချီးကျူးနေကြပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်မှာဆို အစိုးရကောင်းတယ်။ ဒါပေမယ့် ပြည်သူတွေက ဒီရောဂါဟာ ဒီလောက်မဆိုးဘူးလို့ထင်ပြီး စည်းကမ်းချက်တွေ မလိုက်နာလို့ ကူးစက်သေဆုံးမှု အများဆုံးဖြစ်နေတာပါ။
——————————————————————–
နန်းမူမူထွေးသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ နွန်းဘို-ယွာကိုင်းကွန်းရွာဇာတိဖြစ်ပြီး နို့ဖိုးဒုက္ခသည်စခန်း (ကရင် ပြည်နယ်-ထိုင်းနိုင်ငံ နယ်စပ်)ကနေတဆင့် ၂၀၀၅ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံကို မိသားစုလိုက် ရောက်ရှိနေထိုင်နေခြင်းဖြစ်သည်။