Home သတင်း ဘတ်‌ငွေ ၁၆.၅ သန်းနှင့်အတူ အလုပ်သမား(၂)ဦးကို ထိုင်းရဲမှဖမ်းဆီးထားမှု မြန်မာလုပ်ငန်းရှင် အမှုဖွင့်

ဘတ်‌ငွေ ၁၆.၅ သန်းနှင့်အတူ အလုပ်သမား(၂)ဦးကို ထိုင်းရဲမှဖမ်းဆီးထားမှု မြန်မာလုပ်ငန်းရှင် အမှုဖွင့်

4969
Photo: Nay Naw

ဧပြီ ၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ PTT စွမ်းအင်ဆီ‌ရောင်းဝယ်‌ရေးလုပ်ငန်းရှင်ထံသို့ ထိုင်းဘတ်‌ငွေ ၁၆ ဒသမ ၅( ၁၆.၅) သန်းအား ယမန်‌နေ့ (ဧပြီလ ၈ ရက်)က သွား‌ရောက်ပို့ ‌ဆောင်စဉ် ထိုင်းအ‌ဝေး‌ပြေးလမ်းရဲတပ်ဖွဲ့မှ ယင်းဘတ်‌ငွေ များနှင့်အတူ မြန်မာအလုပ်သမားနှစ်ဦးအား ဖမ်းဆီး‌ခေါ်‌ဆောင်သွားသည့်ကိစ္စအား မြဝတီမြို့ PTT စွမ်းအင်ဆီဆိုင်ပိုင်ရှင် ဦး‌ကျော်ဟိန်းက မဲ‌ဆောက်ရဲစခန်းတွင် အမှုဖွင့်ထား‌ကြောင်း သိရသည်။

မြဝတီဘက်ခြမ်းရှိ PTT စွမ်းအင်ဆီဆိုင် လုပ်ငန်းရှင် ဦး‌ကျော်ဟိန်းမှ အလုပ်သမားသက်ပိုင်ဦးနှင့် နန်း ‌အေမီထွန်း တို့ နှစ်ဦးအား ဧပြီလ ၈ ရက် နံနက်တွင် ဆိုင်မှ‌ရောင်းရသည့်ဆီဖိုး‌ငွေကို ထိုင်းနိုင်ငံ မဲ‌ဆောက် ဘက်ခြမ်းကို သွား ပို့ခိုင်းရာ မဲ‌ဆောက်မြို့ ပန်းခြံလမ်းဆုံ‌နေရာအ‌ရောက်တွင် ထိုင်းအ‌ဝေး‌ပြေးလမ်း ရဲတပ်ဖွဲ့မှ ကားဖြင့် အ‌နောက်က လိုက်လာပြီး ဆီဖိုး‌ပေးရန် ယူ‌ဆောင်သွားသည့် ဘတ်‌ငွေ ၁၆.၅ သန်းနှင့်အတူ ၎င်း၏ အလုပ်သမား ၂ ဦးအား ဖမ်းဆီး‌ခေါ်‌ဆောင်သွားသဖြင့် ယမန်‌နေ့ မွန်းလွဲပိုင်းက လူ‌ပျောက်‌ငွေ‌ပျောက်တိုင်ထားခြင်းဖြစ်သည်ဟု ဦး‌ကျော်ဟိန်းက ‌ပြောသည်။

“ထိုင်းရဲက ဘတ် ၅ သန်း‌တောင်းတယ် မ‌ပေးလို့ဆိုပြီး သူတို့နှစ်ဦးကို ဘန်‌ကောက်သို့ ‌ခေါ်သွားတယ်။ အခု သူတို့ နှစ်ဦးစလုံး ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ ထိုင်းအထူးရဲတပ်ဖွဲ့ရုံးမှာရှိ‌နေပြီး ‌ငွေ‌ကြေးနဲ့ ပတ်သက်၍ စစ် ‌ဆေး‌နေတယ်”ဟု PTT စွမ်းအင်ဆီဆိုင် လုပ်ငန်းရှင် ဦး‌ကျော်ဟိန်းက ‌ပြောသည်။

အဆိုပါ ‌ငွေ‌ကြေးများမှာ တရားဝင် လုပ်ငန်းမှ ရရှိသည့်‌ငွေများ ဖြစ်ပြီး အကယ်၍ ‌ငွေ‌ကြေး အ‌မြောက်အမြား သယ်‌ဆောင်မိ၍ မှားယွင်းမှုရှိပါကလည်း ဥပ‌ဒေနှင့်အညီ အ‌ရေးယူသင့်‌ကြောင်း၊ ယခုတွင် ထိုင်းဘတ်‌ငွေ ၅ သန်း‌တောင်း၍မရ‌သော‌ကြောင့် ပြဿနာကို မကြီးကြီး‌အောင် လုပ်‌ဆောင်ပြီး ဖမ်းထားသည့် အလုပ်သမားကို လည်း ဘန်‌ကောက်အထိ ‌ခေါ်‌ဆောင်သွားခြင်းသည် မဖြစ်သင့်‌ကြောင်းလည်း ဦး‌ကျော်ဟိန်းက ဆက်‌ပြောသည်။

“ဒီလိုသာ ‌ငွေ‌ကြေးအ‌မြောက်အများ သယ်‌ဆောင်လို့ ဖမ်းမယ်ဆိုရင် သူတို့ ဘက်က ‌ပြောင်းကုန်သည်‌တွေလည်း ထိုင်းဘက်‌ငွေအ‌မြောက်အများ သယ်‌ဆောင်ပြီး မြန်မာဘက်ခြမ်း မြဝတီမြို့မှာ ‌ပြောင်းဆံများ လာဝယ်‌နေတာ ‌တွေ ရှိပါတယ်။ အဲ့ဒီလို ဖြစ်စဉ်‌တွေမှာ မြန်မာဘက်ခြမ်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီးတာ‌တွေ ပြုလုပ်ခြင်း မရှိခဲ့ပါဘူး” ဟု ဦး‌ကျော်ဟိန်းက ‌ထောက်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြဝတီမြို့မှ လုပ်ငန်းရှင် ဦး‌ကျော်ဟိန်းမှ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်ခြား ‌ကော်မတီ ကိုလည်း တိုင်ကြားထားသလို ယမန်‌နေ့က ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ ရဲစခန်းတွင် လူ‌ပျောက် ‌ငွေ‌ပျောက်ဖြင့် အမှုဖွင့်ထားပြီး ထိုင်း‌ရှေ့‌နေ ငှားရမ်း၍ အမှုရင်ဆိုင်သွားမည်ဟု ဆိုသည်။

၎င်းထိုင်းဘတ်‌ငွေ သယ်‌ဆောင်လာသူနှစ်ဦးကို မဲ‌ဆောက်မြို့ ဝမ်တခရင် ရပ်ကွက် ရဲစစ်‌ဆေး‌ရေးဂိတ်က ‌ငွေမဲ‌မှောင်ခိုသယ်‌ဆောင်လာမှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ထိုင်းဘက်ခြမ်းမှ သတင်းရပ်ကွက်အရ သိရသည်။