Home သတင်း ညမထွက်ရ အမိန့်ထုတ်ထားသည့် မြဝတီမြို့တွင် နယ်‌မြေအလိုက် လှည့်ကင်းများ‌ဆောင်ရွက်

ညမထွက်ရ အမိန့်ထုတ်ထားသည့် မြဝတီမြို့တွင် နယ်‌မြေအလိုက် လှည့်ကင်းများ‌ဆောင်ရွက်

3301
Photo: Nay Naw

ဧပြီ ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

Covid-19 အ‌ရေး‌ပေါ်ကာလအတွင်း ခိုင်လုံသည့် အ‌ကြောင်းပြချက်မရှိဘဲ ည ၁ဝ နာရီမှ နံနက် ၄ နာရီ အတွင်း ညမထွက်ရ အမိန့်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် မြဝတီမြို့တွင် တရား ဥပ‌ဒေ စိုးမိုး‌ရေးအတွက် နယ်‌မြေခံပူး‌ပေါင်းအဖွဲ့မှ ယမန်‌နေ့ ဧပြီ ၂ဝ ရက်ညက လှည့်ကင်းများ ‌ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

အဆိုပါ အ‌ရေး‌ပေါ်ကာလ ညမထွက်ရ ထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိသူများကို တည်ဆဲ ဥပ‌ဒေအရ အ‌ရေးယူနိုင်ရန် မြဝတီ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှုးကြီး သက်လင်းဦးမှ ကြီးကြပ်၍ တပ်မ ‌တော်နှင့် နယ်ခြား‌စောင့်တပ်(BGF) တပ်ဖွဲ့များပါဝင်သည့် ပူး‌ပေါင်းအဖွဲ့မှ အင်အား၂၀ဝ ခန့်ဖြင့် နယ်‌မြေလှည့်ကင်း ရပ်ကင်းများ ‌ဆောင်ရွက်‌နေခြင်းဖြစ်သည်။

“ထုတ်ပြန်ထားတဲ့ အမိန့်ကို ပြည်သူများသိရှိလိုက်နာနိုင်‌အောင် ပြီးခဲ့တဲ့ ၂ ရက်‌လောက်က လူမှုကွန် ယက်‌ပေါ်မှာလည်း ‌ဖော်ပြသလို ရပ်ကွက်‌ကျေးရွာအနှံ့ လိုက်လံ‌ကြေညာ‌ပေးတာ‌တွေ ပြုလုပ်ခဲ့ပါတယ်။ ဒီ‌နေ့ ဧပြီလ ၂ဝရက်‌နေ့ မှာ‌တော့ အမိန့်ကို လိုက်နာခြင်းမရှိသူ‌တွေကို ဖမ်းဆီးပြီး တည်ဆဲ ဥပ‌ဒေနှင့် အညီ ပထမအဆင့်အ‌နေဖြင့် တရားရုံးမှာ ဒဏ်‌ငွေ‌ပေး‌ဆောင်ခြင်းဖြင့် အ‌ရေးယူမှု‌တွေ ပြုလုပ်ပါမယ်။ ဒီလိုလုပ်လို့မှ အမိန့်ကို မလိုက်နာတဲ့ သူ‌တွေ ‌လျော့မသွားဘူးဆိုရင်‌တော့ ဒုတိယအဆင့်အ‌နေနဲ့ ‌ထောင်ဒဏ်ချမှတ်တဲ့အထိ အ‌ရေးယူ‌ဆောက်ရွက်သွားမယ်” ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦးက ‌ပြောသည်။

Photo: Nay Naw

ထိုသို့ ကင်းလှည့်‌ဆောင်ရွက်ရာတွင် အမိန့်ကို‌ဖောက်ဖျက်၍ ည ၁ဝ နာရီမှ နံနက် ၄နာရီ အတွင်း လမ်းမ‌ပေါ်သွားလာသူ(၈၀) ဦးခန့်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံရင်ပြင်၌ ‌ခေတ္တထိန်းသိမ်းထားကာ ‌နေရပ်အလိုက် အပိုင်ရာအိမ်မှူးဆယ်အိမ်မှူးများ၏ အာမခံမှုဖြင့် ခံဝန်ထိုးကာ ပြန်လွှတ်‌ပေး‌ကြောင်း၊ ထိုလူများကို ‌နောက်တ‌နေ့ နံနက်တွင် မြဝတီမြို့နယ် တရာရုံး၌ အမှုရင်ဆိုင်‌စေပြီး ပထမအဆင့်အ‌နေဖြင့် ၎င်းတို့အား ‌ငွေဒဏ် ချမှတ်သွားမည်ဟု ဒုတိယရဲမှူးကြီး သက်လင်းဦးက ဆက်‌ပြောသည်။

ယမန်‌နေ့ည နယ်‌မြေလှည့် ကင်းများ‌ဆောင်ရွက်ရာတွင် မြဝတီခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦးမှ ကြီးကြပ်၍ ခရိုင်/မြို့နယ် ရဲအရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီ‌ရှေ့တန်းရုံးမှ အရာရှိနှင့် တပ်မ‌တော်သားများ၊ နယ်ခြား‌စောင့်တပ်-BGF ၊ ခရိုင်/မြို့နယ် လဝက အရာရှိနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အရန်မီး သတ်တပ်ဖွဲ့များ၊ ရပ်ကွက်အလိုက် အုပ်ချုပ်‌ရေး မှူးများနှင့်အဖွဲ့များ ပါဝင်‌သော လူဦး‌ရေ စုစု‌ပေါင်း အင်အား ၂၀ဝ ခန့်ဖြင့် ည ၁ဝ နာရီမှ နံနက် ၄ နာရီထိ နယ်‌မြေအလိုက် လှည့်ကင်း ရပ်ကင်းများဖြင့် ‌ဆောင်ရွက်ခဲ့သည်။